သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူးည လွိုင်ကော်စစ်ရှောင်စခန်း စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး


 (ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)
(ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)

ကယားပြည်နယ် (ကရင်နီ) ဒေသ လွိုင်ကော်မြို့နယ် အရှေ့ဘက် စစ်ဘေးရှောင်စခန်းတခုကို ဒီဇင်ဘာလ ၃၁ ရက် စစ်ကောင်စီတပ်က လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦး အပါအဝင် သေဆုံးသူ ၃ ဦးအထိရှိပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ နှစ်သစ်ကူးပွဲတော်ရက် စစ်ရှောင်စခန်းတွေမှာ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ ပြင်ဆင်နေကြချိန်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလိုက်ရတဲ့အတွက် စစ်ရှောင်စခန်းတွေကနေ စစ်ဘေးရှောင်တွေ ဘေးကင်းတဲ့ နေရာတွေဆီ ထပ်မံပြောင်းရွှေ့နေကြရ ပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် မနေ့ညနေလေးနာရီလောက်မှာ လွိုင်ကော်မြို့နယ် အရှေ့ဘက်မှာရှိတဲ့ ဒေသအခေါ် ဆင်စခန်း စစ်ဘေးရှောင်စခန်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးအပါဝင်သုံးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။

“အနည်းဆုံးနှစ်ကြိမ်ဝဲပျံပြီးတော့မှ ဗုံးကြဲတိုက်ခိုက်၊ အဲ့ဒီမှာ ချက်ချင်းပဲပေါ့နော်၊ အသက်ကြီးပိုင်း အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီးတော့မှ ပြင်းထန်တဲ့ ဒဏ်ရာသုံးဦးပေါ့နော်၊ အဲ့အထဲက သုံးနှစ်အရွယ် ကလေးငယ်လေးပေါ့နော်။ ဗိုက်ကို ထိတယ်ပေါ့။ ဗိုက်ပွင့်သွားတဲ့တဦးရယ်။ နောက်ပြီးတော့မှ ၅၂ နှစ်အရွယ်အဒေါ် တယောက်ပေါ့နော်၊ ခြေထောက်ပြတ်လုနီးပါးပေါ့နော်၊ အဲ့ဒီ တဦးက ဆေးရုံကိုလွှဲပြောင်းပြီးတဲ့ကာလမှာပဲ ထပ်မံဆုံးသွားတာပေါ့နော်။ အဲ့တော့ အကုန်လုံးသုံးဦး ဆုံးသွားတယ်လို့ ပြောလို့ရတယ်။ အားလုံးက အမျိုးသမီးတွေပဲပေါ့နော်၊ နောက်ပြီးတော့မှ ကျနော်တို့ ဦးခေါင်းထိမှန်တဲ့တယောက်ကလည်း ခုချိန်ထိတော့ ဆေးရုံမှာ ကုသနေရတယ်။ နောက်ပြီးတော့မှ နည်းနည်းပါးပါးပေ့ါနော်။ ထိခိုက်ဒဏ်ရာရရှိတဲ့လူနှစ်ဦးလည်း ရှိပါသေးတယ်။ လောလောဆယ်က အားလုံးကတော့ သေဆုံးသူကတော့ သုံးဦးဖြစ်သွားပြီးတော့မှ ဆေးရုံမှာဆက်ပြီး ကုသနေတဲ့ လူနာ သုံးဦးရှိပါတယ်ဟုတ်။”

လေယာဉ် ဗုံးကြဲမှုအတွင်းမှာ အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေ ဆေးရုံကို လွှဲပြောင်းနေစဉ် နောက်ထပ်နှစ်ဦး ထပ်မံသေဆုံးတာမို့ သေဆုံးသူ သုံးဦးအထိ တိုးလာတာလို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ဗညားခွန်အောင်က ပြောပါတယ်။

နှစ်သစ်ကူးပွဲတော်ရက် စစ်ရှောင်စခန်းတွေမှာ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ ပြင်ဆင်နေကြချိန်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၃၁ ရက် မနေ့က ည ၁၂ နာရီမတိုင်ခင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်မှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။ အဲ့ဒီနေရာမှာ ထိခိုက်မှုအခြေအနေကိုတော့မရှိဘူးလို့ ပြောပါတယ်။

လွိုင်ကော်မြို့နယ် အရှေ့ဘက် ဒေသအခေါ် ဆင်စခန်း စစ်ဘေးရှောင်စခန်းက ဈေးဆိုင်တဝိုက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို မနေ့ညပိုင်းမှာ ပြောဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်ခံရပြီဆိုလို့ရှိရင်တော့ အနီးအနားတဝိုက်ကတော့ ထပ်ပြီးတော့ နေထိုင်ဖို့ လုံခြုံရေးအရပေါ့နော် စိုးရိမ်တာမျိုးတွေ ရှိပါတယ်ပေါ့နော်၊ အဲ့တော့ ပိုပြီးတော့မှ လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းရတာမျိုးတွေ ရှိပါတယ်ဗျ။”

စစ်ဘေးရှောင်စခန်းအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်ပြည်သူတွေ လူစုဝေးခိုလှုံတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

မနေ့က လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ကယား-ရှမ်းနယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် ပီကင်းရွာကို စစ်ကောင်စီ တပ်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ အခုနောက်ပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်အသုံးပြုပြီး နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်နေပြီး လုံခြုံရေးစိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG