သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တခုမှာတွေ့ရတဲ့ တအောင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်များ (ဇူလိုင် ၂၊ ၂၀၂၄)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တခုမှာတွေ့ရတဲ့ တအောင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်များ (ဇူလိုင် ၂၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA ခေါ် ဓနု အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရှမ်းပြည် နယ်မြောက်ပိုင်းမှာတော့ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် သိမ်းယူထားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို တနင်္လာနေ့က စစ်ကောင်စီကလေကြောင်းက ဗုံးကြဲတိုက် ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထား ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA ဓနုအမျိုးသား လွတ်မြောက်ရေးတပ်မတော်အကြား နိုဝင်ဘာလကုန်တည်းက တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေခဲ့ပြီး ဒီလ ဒုတိယပတ်မှာ ထပ်မံ ပြင်းထန်လာပါတယ်။

DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေ VOA ကို အခုလို ပြောပါတယ်။

“တိုက်ပွဲတော့ မနေ့ကဖြစ်တယ်လေ။ ဒီနေ့တော့ မသိရသေးဘူးဗျ။ ဒီ ကျောက်ဂူအမြောက်တပ်အနီးပေါ့လေ။ အဲဒီနေရာမှာ။ ပြီးတော့မှ ကျောက်ဂူရွာအနီးတဝိုက်တွေမှာ ဖြစ်တယ်ပေါ့လေ။ ကျောက်ဂူဘက်ကို အင်အား ဖြည့်လာတဲ့တပ်တွေ ရှိတာပေါ့လေ။ အဲဒီတပ်တွေနဲ့ ဖြစ်တာပေါ့။ အဓိက။ ဖြစ်တာတော့ နိုဝင်ဘာ (၃၀) ရက်နေ့ကတည်းကဖြစ်တာ နေ့တိုင်းနီးပါးပေါ့။ ဒီတလောဆိုရင်တော့ (၈) ရက်နေ့ကတည်းက ဖြစ်တယ်။ (၁၀) ရက်နေ့တုံးကတော့ Y 12 နဲ့ ဗုံး (၂၄) လုံး ကျောက်ဂူရွာတဝိုက်တွေမှာ ဗုံးချတာတွေ ရှိတာပေါ့။ ဒေသခံတွေ အထိအခိုက်ကတော့ မသိဘူးလို့သိထားတယ်။”

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပန်း ဆက်သွယ်ရေး အချက်အခြာနေရာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ် ကြား လနဲ့ချီတိုက်ပွဲဖြစ်ပွားနေတဲ့နောင်ချိုမြို့နယ် တောင်ခမ်းဒေသနဲ့ ထိစပ်နေတဲ့ဒေသလည်း ဖြစ်ပါတယ်။

ကျောက်ဂူဒေသမှာဖြစ်တဲ့တိုက်ပွဲတွေဟာ နောင်ချိုမြို့နယ် တောင်ခမ်းဘက်ကို စစ်ကူပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို DPLA ဓနုအမျိုးသား လွတ်မြောက်ရေးတပ်မတော်က ဖြတ်တောက်တိုက်ခိုက်တာကြောင့် ပြင်းထန်နေတာလို့ ဒေသတွင်း အကဲခတ်တွေက သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ပွဲနဲ့လွတ်ရာမှာ ရွှေ့ပြောင်းနေစေလိုကြောင်းလည်း ကိုအမောင်က တိုက်တွန်းပါတယ်။

“ကျောက်ဂူဒေသက ပြည်သူတွေအနေနဲ့ဆိုရင်တော့ စစ်ပွဲနဲ့ဝေးတဲ့နေရာမှာ လုံလုံခြုံခြုံနေကြဖို့တော့ ပြောလို တယ်။ လက်နက်ကြီးတွေ၊ လေယာဉ်တွေလည်း လာနေတယ်ဆိုတော့ အဲဒီဟာတွေကို ဂရုစိုက်ဖို့ပေါ့လေ။”

တိုက်ပွဲတွေ ဆက်ဖြစ်တွေအတွက် ဒေသခံအတော်များများကတော့ တောင်ယာတွေမှာ သွားရောက်တိမ်းရှောင် နေကြပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်ဂူဒေသမှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီဘက် တနင်္လာနေ့က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ လူအထိအခိုက် မရှိကြောင်း ကျောက်မဲမြို့ခံတယောက်က ပြောပါတယ်။

“ဗုံးကျတာက မြို့ပြင်ဘက် ကျတာပါ။ မြို့ပြင်တောင်ကုန်းပေါ်မှာ ကျတာ။ နတ်ရေကန်လို့ ခေါ်တယ်ပေါ့။ အဲဒီနားလေး ကျတဲ့နေရာ နတ်ရေကန်လို့ ခေါ်တယ်။ ဘုန်းကြီးကျောင်းတကျောင်းရှိတယ်ပေါ့။ နတ်ရေကန် ဆိုတာ ရှေးဘုရားတွေ ဘာတွေရှိတာပေါ့ဗျာ။ အဲဒီနားလေး ကျတာ။ အထိအခိုက်ကတော့မကြားပါ။ မြို့နဲ့ ဝေးတယ်လေ။”

နတ်ရေကန်ဟာ ကျောက်မဲမြို့ တိုးဂိတ်အနီးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

TNLA က ဇန်နဝါရီလ (၁၂) ရက်မှာ ကျရောက်တဲ့ (၆၂) ကြိမ်မြောက် တအန်းအမျိုးသားတော်လှန်ရေးနေ့မှာ မြန်မာပြည်တဝှမ်းက တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန် သွားမှာဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီး နောက်တရက်မှာ စစ်ကောငစီက ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ဒီလ နှစ်ဆန်းပိုင်း အတွင်းမှာပဲ စစ်ကောင်စီက နေရာဒေသအတော်များများကို လေကြောင်းက တိုက်ခိုက်တာတွေ တိုးလုပ်လာနေပါတယ်။

ဒီလ (၁၁) ရက် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တိုက်ခိုက်မှုမှာ လူ (၁၅) ယောက်ခန့်သေဆုံးခဲ့သလို (၁၃) ရက်နေ့ ဖားကန့်မြို့နယ်တွင်း လေကြောင်း တိုက်ခိုက်မှုမှာ လူ (၁၀) ယောက်လောက် သေဆုံးခဲ့ပါတယ်။ ဒီလ (၈) ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာတိုက်ခိုက်မှုမှာ အရပ်သား (၄၀) ကျော်သေဆုံးခဲ့ပြီး (၁၁) ရက် နေ့ ကျောက်တော်မြို့ တိုက်ခိုက်မှုမှာတော့ အရပ်သား (၈) ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG