သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် ကွတ်ခိုင်အနီး တိုက်ပွဲဖြစ်ပွား


MNDAA လက်နက်ကိုင် တပ်ဖွဲ့ဝင်များ
MNDAA လက်နက်ကိုင် တပ်ဖွဲ့ဝင်များ

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်တပ်တို့ကြား ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ ရှမ်းမြောက်ပိုင်းဘက်မှာ ဒီကနေ့မှာလည်း ရှမ်းမြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖက်ကာမှာ မြန်မာစစ်စခန်းကို မြောက်ပိုင်းတပ်က ထပ်ပြီး ဝင်ရောက် တိုက်ခိုက်သလို ကွမ်လုံတံတားတစင်းလည်း ဖျက်ဆီးရလို့ စစ်တပ်အနီးနားဝန်းကျင်က ဒေသခံပြည်သူတွေ လုံခြုံရေး အထူးစိုးရိမ်နေကြပါတယ်။

ဒီလိုစိုးရိမ်နေကြတဲ့ ပြည်သူလူထု လုံခြုံရေးကို ရှမ်းပြည်တောင်ပိုင်းတပ် RCSS ဘက်က နယ်မြေလုံခြုံရေး တတ်နိုင်သမျှေ ဆာင်ရွက်ပေးသွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီလိုစစ်ရေးပဋိပက္ခတွေ ပိုမိုကြီးမားမကျယ်ပြန့်လာခင် နှစ်ဘက်က ယုံကြည်တဲ့ နှစ်ဘက်တပ်တွေကို သြဇာလွှမ်းမိုးနိုင်မယ့် တပ်အင်အားစုတွေက ဝင်ရောက်ဖြေရှင်းပေးမှပဲ ပြေလည်နိုင်မယ်ဆိုပြီးလည်း အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်တဦးက သုံးသပ်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်နဲ့ AA ရခိုင်တပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ဖွဲ့ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ် အဖွဲ့တပ်တွေ ပြီးခဲ့တဲ့သီတင်းပတ် ပြင်ဦးလွင် စစ်သင်တန်းကျောင်းနဲ့ နောင်ချိုမြို့မူးယစ်ဂိတ်အပါအဝင် နေရာတချို့ကို အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဖြစ်ပြီး နောက်ရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့အပါအဝင် လားရှိုး ကွတ်ခိုင် စတဲ့နေရာတချို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ရှမ်းမြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖက်ကာအနီးက စစ်စခန်းတခုကို မဟာမိတ်တပ်က ထပ်-တိုက်ခိုက်သလို ကွမ်လုံဘက်သွားတဲ့ တံတားတစင်းလည်း ကျိုးကျဖျက်ဆီးသွားလို့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲဖြစ်ပြီး ဒေသခံပြည်သူတွေ လုံခြုံရေး အထူးစိုးရိမ်နေကြပါတယ်။

ရှမ်းမြောက်ဘက်က ဒီကနေ့စစ်ရေးအခြေအနေနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးစိုးရိမ်ချက်- ရှမ်းပြည်နယ် သီပေါမြို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် မြန်မာ့အရေးလေ့လာသူ ဦးရဲထွန်းက သူသိထားသမျှ အခုလိုပြောပြပါတယ်။

“ဒီနေ့ မနက်ပိုင်းကတော့ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားက တပ်စခန်းတခုကို ဝင်တိုက်တယ်။ နောက်တခါ ကွမ်လုံဘက်သွားတဲ့ တံတားဖျက်ဆီးခံရတယ်တို့ အဲဒါလေးတွေတော့ ကြားတယ်လေ။ ဆိုတော့ ဒါတွေက ဘာတွေဖြစ်လာမလဲလို့ သုံးသပ်ရရင်တော့ တပ်က တဖက်သတ် အပစ်အခတ်ရပ်စဲထားတာကတော့ အခု ၃၁ ရက်နေ့ဆိုရင် ဒီလကုန်ရင် ကုန်သွားပြီပေါ့။ အဲဒါ ထပ်ပြီးတော့ တိုးပေးလိမ့်မယ်လို့တော့ ကျနော်မထင်ဘူး အဲဒီနောက်ပိုင်းမှာ စစ်ဆင်ရေးတွေ အကြီးအကျယ်လုပ်လာနိုင်တာပေါ့နော်။ စစ်ဆင်ရေးတွေ အကြီးအကျယ်လုပ်လာ တဲ့အခါကျတော့ ကျေးလက်မှာနေတဲ့ ပြည်သူတွေက စစ်ဒဏ်ခံရလိမ့်ဦးမယ်လို့တော့ ကျနော်သုံးသပ်ပါတယ်။”

အခုလိုမျိုး မဟာမိတ်တပ်ပေါင်းစု(၃)ဖွဲ့ဲရဲ့ တိုက်ခိုက်မှုတွေကြောင့် မူဆယ်-မန္တလေး အဓိကဆက်သွယ်တဲ့လမ်းကြောင်းကျတဲ့ တံတားတချို့ ဖောက်ခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူလူထုခရီးသွားလာရေးနဲ့ နယ်စပ်ကုန်စည်စီးဆင်းမှု ထိခိုက်စေခဲ့သလို ဒီရှမ်းမြောက်ပိုင်းတိုက်ပွဲ အချိန် ဘယ်လောက်ကြာမယ်ဆိုတာ မခန့်မှန်းနိုင်လို့ ပြည်သူလူထုတွေ သတိဝီရိယနဲ့သွားလာကြဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကြေညာချက်ထုတ် သတိပေးပါတယ်။

ပျက်စီးသွားတဲ့ လမ်းတံတားတွေ ပြန်ဆောက်နေချိန် လားရှိုး-နမ့်လန်-ကျောက်ဂူ-နောင်ချို လမ်းကြောင်းတလျောက် RCSS ရှမ်းတောင်ပိုင်းတပ်ဘက်တွေက တပ်တွေ ချထားပြီး လုံခြုံရေးတာဝန်ယူပေးထားမှာဖြစ်တယ်လို့ RCSS တောင်ပိုင်းရှမ်းပြည်တပ်မတော်ရဲ့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အရပ်သားပြည်သူတွေရဲ့ ခရီးသွားလာရေးမှာ အထူးသဖြင့်တော့ ဂုတ်ထိပ်ပေါ့နော်။ သူတို့ ပြင်နေတဲ့အချိန်မှာ တချို့ခရီးသည်တွေက နမ့်ဘက်ဘက်ကို သွားဖို့အတွက် တခြားတလမ်းကနေ သွားလို့ရတယ်ပေါ့နော်။ ခရီးသွားလာရေးမှာ သူတို့ လုံခြုံဖို့အတွက် ကျနော်တို့ RCSS ကနေ တတ်နိုင်သလောက် လုံခြုံရေးကို လုပ်ဆောင်သွားမယ့်အကြောင်း ပြည်သူလူထုကို သိစေချင်တာပါ။ ဒီလမ်းခရီးသွားလာရေးတွေမှာလည်း အခြေအနေကြည့်ပြီးမှ သတင်းတွေ နားထောင်ပြီးမှ သွားတာအကောင်းဆုံးပဲလို့ ကျနော် message ပေးချင်ပါတယ်။”

ဒါပေမယ့်လည်း RCSS ရှမ်းပြည်တောင်ပိုင်းတပ်နဲ့ အခု မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ အရင်ကလည်း အပြန်အလှန် တိုက်ပွဲတွေဖြစ်ဖူး တာကြောင့်၊ RCSS ဘက်က တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီလမ်းကြောင်းကို လုံခြုံရေးယူပေးမယ်ဆိုရင် မြောက်ပိုင်းတပ်တွေနဲ့ ထပ်တိုက်တွေ့မယ့် သဘောမှာလည်း ရှိပါတယ်။

အခုလိုမျိုး ညီနောင်မဟာမိတ်တပ်(၃)ဖွဲ့ဘက်က အစိုးရတပ်စစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာနေတဲ့အနေအထားမှာ မြန်မာတပ်မတော်ဘက်ကလည်း ပြန်လည်တိုက်ခိုက်မှုတွေဖြစ်လာနေချိန် ရှမ်းမြောက် စစ်ရေးပဋိပက္ခကို ပိုပြင်းထန်ဆိုးရွားလာနိုင်တဲ့ အနေအထားဖြစ်တာမို့ ပြေလည်အောင် ဖြေရှင်းနိုင်ရေး နှစ်ဘက်လက်နက်ကိုင်တပ်တွေအပေါ် သြဇာညောင်းမယ့် နှစ်ဘက်တပ်က လက်ခံနိုင်မယ့် တပ်အင်အားစုတွေက ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးသင့်တယ်ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေကသုံးသပ်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ PNLO ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက စစ်ရေးပဋိပက္ခတွေပြေလည်ရေး သူ့အမြင်အခုလိုပြောပါတယ်။

“ကျနော်ခန့်မှန်းလို့ရတာကတော့ ဒီလို စစ်ပွဲ ဒီလောက်ကြီးရှည်ကြာမှုမဖြစ်အောင်ပေါ့။ နောက်မကျယ်ပြန့်အောင် တဖက်က တာဝန်ရှိတဲ့ တပ်မတော်က ပြန်ပြီးတော့ တုံ့ပြန်လာရင် အခုစစ်မျက်နှာက ဖွင့်နေတဲ့နေရာမှာမဟုတ်ပဲနဲ့ အနောက်ထဲအထိပေါ့လေ ကျယ်ကျယ်ပြန့်ပြန်ဖြစ်သွားရင်တော့ ကျနော်တို့ ပြန်ပြီးတော့ စကားဝိုင်းထိုင်ဖို့အတွက် ခက်ခဲသွားလိမ့်မှာကို ကျနော်က စိုးရိမ်တာပါ။ ဒါကြောင့် ရပ်တန်းက ရပ်နိုင်အောင် ကြားခံအဖွဲ့အစည်းတွေပေါ့၊ ဥပမာ ၂ ဖက်စလုံးနဲ့ ဆက်ဆံရေးကောင်းတဲ့ အဖွဲ့တွေပေါ့ ၊ တပ်မတော်နဲ့လည်း ဆက်ဆံရေးကောင်းတယ်၊ မြောက်ပိုင်း ၃ ဖွဲ့နဲ့လည်း ဆက်ဆံရေးကောင်းတယ် ၊ ဥပမာ ၀ တပ်ဖွဲ့လို အဖွဲ့အစည်းမျိုးတွေက ကြားဝင်ပြီးတော့ ပြောဆို ညှိနှိုင်းရင်တော့ ပိုပြီးတော့ အဆင်ပြေမလားကို ကျနော်အကြံပေးကြည့်တာပါ။ ဥပမာ KIO အကြီးအကဲတွေနဲ့သော်လည်းကောင်း၊ ၀ အကြီးအကဲတွေနဲ့သော်လည်းကောင်း ကျနော်တို့ တပ်မတော်ဘက်က အကြီးအကဲတွေက ဘယ်လိုကိုင်တွယ်ရင်ကောင်းမလဲဆိုတာ ညှိနှိုင်းလိုက်ရင်တော့ အဆင်ပြေမယ်လို့ ယူဆရပါတယ်။”

မြန်မာအစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြီးကြီးမားမားထိခိုက်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။ ပူးပေါင်းမဟာမိတ် ၃ဖွဲ့ဘက်ကတော့ တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်ထားပေမဲ့ တိုင်းရင်းဒေသတွေက မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည် တိုက်ခိုက်ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်အရပ်သားတွေအပါဝင် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တချို့ သေဆုံးထိခိုက်ဒဏ်ရာရတဲ့အပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေရှိသလို အမေရိကန်ပြည်ထောင်စု ဘက်ကလည်း သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အမြင်မတူကွဲလွဲမှုများကို ဖြေရှင်းနိုင်ရေး ဆွေးနွေးညှိနှိုင်းမှု လိုအပ်ပါကြောင်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG