သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှု တစ်ဒါဇင်ခန့်သေဆုံး


 နောင်ချို ဂုတ်တွင်းရဲစခန်း တိုက်ခိုက်ခံရ
နောင်ချို ဂုတ်တွင်းရဲစခန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ် DSTA အပါအဝင် နေရာ ၅နေရာကို ဒီကနေ့ မနက်အစောပိုင်းမှာ တရုတ်- မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် ၃ဖွဲ့က ပူးပေါင်းတိုက်ခိုက် ခဲ့တာကြောင့် တပ်မတော်၊ ရဲနဲ့ အရပ်သား အနည်းဆုံး တစ်ဒါဇင်လောက် သေဆုံးခဲ့ပါတယ်။

လောလောဆည်မှာတော့ နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ ကုန်တင်ကားနဲ့ အဝေးပြေးကားတွေ အသွားအလာ ရပ်ဆိုင်းထားရသလို တိုက်ပွဲတွေ ကျယ်ပြန့်လာမှာ ကိုလည်း စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ မနက် ၅နာရီခွဲလောက်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းက နေရာ ၅နေရာလောက်မှာ တချိန်တည်းလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်မြင့်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရပ်နားချိန်မှာ သတင်းမီဒီယာတွေကို အခုလို ဖြေကြားထားပါတယ်။

“ DSTA ကို ရှော့တိုက်ဗုံးသီး ၃လုံး၊ မြို့အဝင် X-Ray စက်ကို ရှော့တိုက်ဗုံးသီး ၃လုံး ပစ်ခတ်ပြီးတော့ DSTA က စစ်သည်တစ်ဦး ဒဏ်ရာရပြီးတော့ အရပ်သားတစ်ဦး သေဆုံးတယ်လို့ ပထမသတင်း သိရပါတယ်။ X-Ray စက်မှာတော့ ထိခိုက်မှုမရှိကြောင်း ကျနော်တို့ သိရပါတယ်။ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်မှာတော့ ရေအိုးစဉ်ရွာ အနီး ရှော့တိုက်ဗုံးသီး ၁၆လုံးတွေ့ရှိပြီးတော့ တပ်မတော်တော့ လိုက်လံ ရှင်းလင်းလျှက်ရှိတယ်။ နောင်ချို အဝင် မူးယစ်ဖမ်းဆီးဂိတ်မှာတော့ အရပ်သားတစ်ဦး မီးရှို့ သတ်ခံရတယ်။ ကားလေးများကို မီးရှို့ဖျက်ဆီးတယ်။ ဒါလည်း TNLA လို့ သိရတယ်။ တပ်မတော်က လိုက်လံရှင်းလင်းပြီး တိုက်ပွဲဖြစ်လျက် ရှိတယ်။”

(နောက်ပိုင်း တရားဝင် ထုတ်ပြန်ချက်တွေမှာတော့ ရှော့တိုက်ဗုံးသီး ၆ လုံးတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။)

တိုက်ခိုက်ခံရတဲ့နေရာတွေဟာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် DSTA၊ အေးရှားဝါးလ် တိုးဂိတ်နဲ့ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၊ နောင်ချိုတိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ နောင်ချိုနယ်မြေခံ တပ်ရင်းဌာနချုပ် စတဲ့နေရာတွေ တိုက်ခိုက်ခံရကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ဒီကနေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနောင်ချိုမြို့ အထွက်မှာ ရှိတဲ့ ကျနော်တို့ မူးယစ်ဆေးဝါးစစ်ဆေးရေးစခန်းကို တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာတော့ သူတို့ ဆီက စစ်သည်၂ယောက် ကျဆုံးသွားတာရှိတယ်။ ပြီးရင် နောင်ချိုနဲ့ ကျောက်မဲကြားမှာ ရှိတဲ့ ဂုတ်တွင်းတံတား ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တာရှိတယ်။ အခုလောလောဆည်တော့ ရဲ ၃ယောက် ကျဆုံးသွားပြီလို့ သိရတယ်။ ရဲကင်းစခန်းကို စစ်ကူလိုက်သွားတဲ့ စစ်သည် ၅ဦး ကျော်ကျော်လောက်လည်း ကျဆုံးခဲ့တာရှိတယ်။ အဲဒီနေရာတွေတော့ တပ်တော့ ရောက်သွားပြီ။ အဲဒီ ကျနော်တို့ ကင်းတံတားနဲ့ ကျောက်မဲကြားထဲမှာ လိုက်ပြီးတော့ ကျနော်တို့ နယ်မြေလုံခြုံရေးဆောင်ရွက်လျှက်ရှိတယ်။ တစ်ချို့နေရာတွေမှာတော့ တိုက်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေ အနည်းငယ်ရှိနေတယ်လို့ အခုလောလောဆည် သတင်းရထားပါတယ်။ TNLA ရယ်၊ MNDAA ရယ်၊ AA ရယ် ပူးပေါင်းအဖွဲ့လို့ သိရပါတယ်။”

ဒီတိုက်ခိုက်မှုဟာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးနဲ့ ဘိန်းချက် စခန်းတွေ သိမ်းဆည်းခဲ့တာ၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မူးယစ်ဆေးနဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းခဲ့တာ နဲ့ AA တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာ များလာတာကြောင့် ဖြစ်ကြောင်းလည်း တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA ခေါ် တအန်း(ပလောင်)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတားအိုက်ကျော်ကတော့ လက်ရှိ တိုက်ပွဲဖြစ်စဉ်အပေါ် အခုလို ပြောဆိုပါတယ်။

“ ဒီမနက်မှာတော့ တိုက်ပွဲက ၅နေရာလောက်ဖြစ်တယ်။ ၂နေရာကတော့ ပြင်ဦးလွင်ဘက်၊ ၃နေရာကတော့ နောင်ချိုဘက်။ ဖြစ်တဲ့အကြောင်းရင်းကတော့ ဒီ တပ်ဘက်က ကျနော်တို့ လှုပ်ရှားနယ်မြေအတွင်း ထိုးစစ် ပြုလုပ်လာတယ်။ ကျနော်တို့ လှုပ်ရှားနယ်မြေအတွင်းထိကို ထိုးစစ်လာတဲ့အတွက် ကျနော်တို့ အဖွဲ့က ပြန်လည် ပြီးမှ ခုခံကာကွယ်စစ်ပုံစံနဲ့ အသွင်ပြောင်းပြီးတော့မှ စစ်ဆင်လာတာဖြစ်တယ်။ ဖြစ်တဲ့ဟာကတော့ ကျနော်တို့ ညီနောင် မဟာမိတ်၃ဖွဲ့ပေါ့ MNDAA ရယ်၊ AAရယ်၊ ကျနော်တို့ TNLA သုံးဖွဲ့နဲ့ ပူးပေါင်းပြီးဖြစ်တာ ဖြစ်တယ်။”

နောင်ချိုမြို့ခံတစ်ဦးက နောင်ချိုမြို့အနောက်ဘက် ကျောက်တန်းရွာဘက်မှာ ညနေ ၃နာရီလောက်အထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်းနဲ့ ဂုတ်တွင်းတံတားတိုက်ပွဲမှာ တပ်မတော်သား ၇ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ဦးနဲ့ ကားသမားတစ်ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးသွားရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားခဲ့တာကြောင်း လားရှိုး၊ မန္တလေးအကြားမှာ ကုန်တင်ကားတွေနဲ့ အဝေးပြေးကား အသွားအလာတွေ ရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ခရီးသည်တင် အဝေးပြေးကားဂိတ်က တာဝန်ကျသူတစ်ဦးကတော့ ကားအသွားအလာကို ၁၇ရက်နေ့ထိ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ပြောပါတယ်။

“ ဒီနေ့ည ကားတွေ လုံး၀ မထွက်ပါဘူးရှင်။ အခုလောလောဆည် ၃ရက်လောက် ၊ ၁၇ရက်နေ့လောက်အထိ ရံထားတယ်ရှင်။ တံတားကလည်း ခွဲခံထားရတော့လေ။”

အာဏာပိုင်တွေဘက်ကတော့ တံတားကို အမြန်ဆုံးပြန်လည် ပြင်ဆင်ဖို့ကြိုးစားနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ လက်ရှိအခြေအနေအပေါ်မှာ ခုလို သုံးသပ်ပါတယ်။

“ ဒီနေ့ တိုက်တာက စခန်းတစ်ခုကိုပဲ တိုက်တာမျိုးမဟုတ်ဘူး။ ၅နေရာလောက် ဝင်တိုက်တယ်ဆိုတော့ စစ်ဆင်ရေး operation တစ်ခုလုပ်တဲ့ပုံစံပေါ်ပါတယ်။ အဲဒါကြောင့် နောက်ဆက်တွဲ တိုက်ပွဲရှိလိမ့်မယ်လို့ ထင်ပါတယ်။ မြောက်ပိုင်းအဖွဲ့ဘက်က။ တဘက်ကလည်း တပ်အနေနဲ့ကလည်း ဒီ ပင်မ ဆက်သွယ်ရေး လမ်းကြောင်းနဲ့ မြို့ကြီးပေါ်မှာ လာတိုက်ခံရတဲ့အတွက်ကြောင့် လက်တုံပြန်တဲ့ စစ်ဆင်ရေးလုပ်သွားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေ ဆက်ကြီးလာနိုင်တယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလို တိုက်ပွဲတွေ ဆက်ကြီးလာနိုင်တဲ့အခြေအနေလည်း ဖြစ်နေ၊ တွေ့ဆုံဆွေးနွေးရေးကလည်း ဝေးနေ တဲ့အခြေအနေမျိုးမှာ အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ကတော့ ရာခိုင်နှုန်း နည်းလိမ့်မယ်လို့ ထင်ပါတယ်။”

တပ်မတော်ဘက်ကတော့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း စစ်တိုင်းဒေသ ၅ခုကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကနေ ဒီနှစ် သြဂုတ်လကုန်အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားခဲ့ကြောင်းနဲ့ ဒီလို ရပ်ဆိုင်းထားချိန်မှာ အချိန်မဆွဲဘဲ ဆွေးနွေးညှိနှိုင်းဖို့ ဒီလ ၁၄ရက်နေ့က တိုက်တွန်းခဲ့ပြီး အဲဒီနောက်မှာ တိုက်ခိုက်မှုတွေ ပြင်းထန်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG