သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NRPC နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံရေးကြန့်ကြာမှုအတွက် စိုးရိမ်မှုတွေထွက်ပေါ်


မူဆယ်မှာ NRPC နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံခဲ့စဉ် ( ဧပြီ ၃၀-၂၀၁၉)
မူဆယ်မှာ NRPC နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံခဲ့စဉ် ( ဧပြီ ၃၀-၂၀၁၉)

မြန်မာအစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ဖွဲ့ ဆွေးနွေးဖို့ သဘောတူညီမှု ရရှိထားပေမဲ့ တွေ့ဆုံမယ့်နေရာ မရွေးချယ်နိုင်သေးတဲ့အတွက် ရက်အတိအကျ မသတ်မှတ်နိုင်သေးပဲ ဖြစ်နေပါတယ်။ ဆွေးနွေးမှုတွေ ကြန့်ကြာနေတာနဲ့အမျှ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ KIA ကချင်၊ MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်)၊ AA ရခိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့လ ၂၄ရက်နေ့မှာ တွေ့ဆုံဖို့ ရည်မှန်းခဲ့ပေမဲ့ နေရာရွေးခြယ်မှု အဆင်မပြေတာကြောင့် ဆွေးနွေးပွဲကျင်းပရေးဟာ ရက်သတ္တ ၂ပတ်ကျော် ကြန့်ကြာနေပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တရုတ် မြန်မာနယ်စပ် မူဆယ်မြို့ကို ရွေးခြယ်ထားပြီး နှစ်ဘက် ညှိနှိုင်းတာ အဆင်မပြေသေးကြောင်း ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

“ နေရာ၊ နေရာ နည်းနည်းညှိနေတုံးပဲ ရှိတယ်။ နေရာက ပြဿနာရှိနေတယ်။ မြောက်ပိုင်းမဟာမိတ်ကတော့ မူဆယ်ပေါ့။ လောလောဆည်တစ်ခြားနေရာကတော့ အဆင်မပြေသေးဘူး။ လောလောဆည် ယုံကြည်မှု မရနိုင်သေးတဲ့အခြေအနေမှာတော့ အစိုးရထိန်းချုပ်ဧရိယာဆိုပေမဲ့ မူဆယ်လို နယ်စပ်ကျတဲ့ .. မူဆယ်ဆိုလည်း ခရိုင်မြို့ပါပဲ။ အဲလိုနေရာတွေမှာ ဖြစ်ချင်တာပေါ့။ အဲဒါဆိုရင်တော့ သူတို့အတွက် သွားလာရတာ အခက်အခဲမရှိဘူးပေါ့။ အဲလို အနေအထားမျိုးပါ။ ဆွေးနွေးပွဲက အချိန်မရွေးလုပ်လို့ ရတဲ့အနေအထားမျိုးမှာ နေရာ ခက်နေတာ။”

NRPC နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံခဲ့စဉ် ( ဧပြီ ၃၀-၂၀၁၉)
NRPC နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံခဲ့စဉ် ( ဧပြီ ၃၀-၂၀၁၉)

ပြီးခဲ့တဲ့လ ၂၄ရက်နေ့မှာတွေ့ဆုံဖို့ လျာထားပြီးတဲ့နောက်မှာ အစိုးရဘက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနားကို ရွေးခြယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက မူဆယ်ကို ရွေးခြယ်ခဲ့ပါတယ်။ နောက်ဆုံး လားရှိုးကို အစိုးရက သတ်မှတ်ပေမဲ့ တဘက်က သဘောမတူတာကြောင့် ဆွေးနွေးပွဲရက်ကို ရွှေ့ဆိုင်းခဲ့သလို ကျိုင်းတုံမှာ တွေ့ဆုံဖို့ ကမ်းလှမ်းတာလည်း အဆင်မပြေခဲ့ပါဘူး။

လက်နက်ကိုင်ပဋိပက္ခကို ဆွေးနွေးဖြေရှင်းဖို့ သဘောတူညီပြီးချိန်မှာ နေရာ မသတ်မှတ်နိုင်တဲ့အပေါ်မှာဦးအင်ရှန်ဆန်အောင်က အခုလို ပြောဆိုပါတယ်။

“ ဆွေးနွေးမှုနဲ့သွားမှပဲ ပြီးနိုင်တဲ့ ကိစ္စ၊ ဆွေးနွေးမှုတွေတောင်မှ ဒီလို နေရာတွေ အငြင်းအခုံလုပ်နေမယ့်အစား ဖြစ်နိုင်ခြေကို မြန်မြန်သွက်သွက်လုပ်တာကတော့ အကောင်းဆုံးလို့ ကျနော်တို့ ကြားလူတွေကတော့ အဲလိုပဲ မြင်တာပေါ့လေ။ ”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ဆွေးနွေးပွဲွ ကြန့်ကြာနေတဲ့ အပေါ် အခုလို သုံးသပ်ပါတယ်။

“ အခုပြောနေတာကတော့ နေရာကြောင့်လို့ ပြောနေကြတယ်။ ကျနော်ကတော့ အဲသလို မထင်ပါဘူး။ တစ်ကယ် ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးချင်တဲ့သူက ဘယ်နေရာမဆို သွားတွေ့ ဒီလို တွေ့နေကျပဲလေ။ ကျနော်တို့ ဒီဘက်က အစိုးရ၊ တပ်မတော်အဖွဲ့တွေက ခွန်းမင်တို့ ဘာတို့ အဲဒီဘက်တွေမှာ တရုတ်ပြည်ဘက်မှာ သွားပြီးတွေ့တာလည်း ရှိတာပဲ။ ပြီးတော့ နေပြည်တော်မှာတုံးက ဆိုလည်း ခေါ်တော့ အကုန်လာကြတာပဲ။ ဆိုတော့ နေရာကိစ္စတော့ မဟုတ်ဘူး။ ကျနော်နားလည်သလောက်ကတော့ တိုက်ပွဲတွေ ဘာတွေ ရှိနေတော့ မတွေ့ချင်ကြဘူးလားပေါ့။ အဲလို တခုခုပဲ ထင်ပါတယ်။”

ဆွေးနွေးပွဲတွေ မဖြစ်မြောက်ရင် မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်မိကြောင်းလည်း ဦးစည်သူအောင်မြင့်က ဆက်ပြောပါတယ်။

“ ဆွေးနွေးပွဲ မရှိဘူးဆိုရင်တော့ မြေပြင်မှာ ဖြစ်နေတဲ့ ကိစ္စတွေက ပိုပိုပြီးတော့ ဆိုးလာဖို့ပဲ ရှိတယ်လေ။ ကျနော်တို့ စိုးရိမ်နေတာတွေ ရှိတာပေါ့နော်၊ ဥပမာ နောက်ဆုံးသူတို့ ထုတ်ပြန်ချက်တွေ ဘာတွေ ကြည့်လိုက်တဲ့အချိန်မှာ တပ်မတော် ကလည်း ရခိုင်ပြည်နယ်မှာ သူတို့ အခေါ်ဆိုရင်တော့ ဒါကို သောင်းကျန်းမှုနှိမ်နင်းရေး၊ ဒါကို သူတို့ကလုပ်နေတယ်။ သူတို့ မြောက်ပိုင်းအဖွဲ့တွေကလည်း ပူးပေါင်းပြီးတော့ ကြေညာချက် ထုတ်ထားတာရှိတယ်။ ရခိုင်မှာလည်း တိုက်ပွဲတွေ ရပ်ပေးဖို့ပေါ့။ မရပ်ပေးဘူးဆိုရင် သူတို့ဘက်ကလည်း တစုံတရာတုံပြန်မှုတွေ ရှိလာနိုင်တယ်ဆိုပြီးတော့ ပြောထားတာရှိတော့ အဲဒါတွေလည်း စိုးရိမ်ရတာပေါ့လေ။”

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ဖွဲ့ တို့ ဧပြီလကုန်က မူဆယ်မြို့မှာ နောက်ဆုံး အကြိမ်တွေဆုံစဉ်ကတော့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

တပ်မတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က စစ်ရေးလှုပ်ရှားတာတွေ ကို ၄လတာရပ်ဆိုင်းကြောင်း ကြေညာခဲ့သလို၊ ဒီ ၄ လ သက်တမ်းပြည့်တဲ့ ဧပြီလ ၃၀ရက်နေ့မှာလည်း နောက်ထပ် ၂လ ထပ်မံတိုးမြှင့်ကြောင်း ကြေညာထားပါတယ်။

အခုဆိုရင် အပစ်ရပ်ကြေညာထားတဲ့ကာလဟာ ရက်သတ္တ ၃ပတ်လောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG