ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီကနေ့ မြန်မာအစိုးရစစ်တပ်နဲ့ TNLA တအာင်းတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ တယ်လို့ တအာင်းတပ်ဘက်က ပြောပါတယ်။ ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်းဒေသကြီးငါးခုမှာ တပ်မတော်ဘက်က အပစ်ရပ်သက်တမ်း ၂လတိုးထားချိန်မှာပဲ အခုလိုတိုက်ပွဲတွေ ထပ်ဖြစ်နေတာပါ။
နှစ်ရှည်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်မီးငြိမ်းဖို့ဆိုရင်တော့ တပ်ဘက်က ထိုးစစ်ဆင်တာတွေ အမြန်ဆုံးရပ်ဖို့ လိုတယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFC ပြောခွင့်ရက တိုက်တွန်းပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုအဆင်ပြေအောင်ဆိုပြီး မြန်မာစစ်တပ်ဘက်က စစ်တိုင်းဒေသကြီးတချို့မှာ တဘက်သက် အပစ်ရပ် စတင်ကြေညာထားပေမဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား ရင်ဆိုင် တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၄ရက်နေ့ တနင်္ဂနွေနေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအနီး နောင်ချိုရွာဟောင်းမှာ မြန်မာစစ်တပ် တပ်မ ၉၉နဲ့ တအာင်းတပ် TNLA တို့ကြား တိုက်ပွဲတွေ အတော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ တအာင်းတပ်ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ဗွီအိုအေကိုပြောပြပါတယ်။
“အခု ဒီနေ့ကတော့ ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနောက်ဘက် နောင်ချိုရွာဟောင်းမှာ မြန်မာစစ်တပ်က နေ့လည် ၁၂ နာရီလောက်ကတည်းက ကျနော်တို့ရှိတဲ့ တောဘက်ကို တက်လာတယ်ပေါ့နော်။ တက်လာတော့ နေ့လည် ၂ နာရီခွဲခါနီးမှာ နှစ်ဘက်စပြီးတော့ တိုက်ပွဲဖြစ်ပွားတယ် နာရီဝတ်အကြာမှာ တာမိုးညဲဘက်မှာလည်း ခလရ ၂၉၀ က ပြန်တက်လာတယ် ၃ နာရီလောက်မှာ တက်လာတဲ့တပ်ဖွဲ့နဲ့ ကျနော်တို့ တပ်ဖွဲ့နဲ့ ပြန်ဖြစ်တယ်။ ဒီနေ့ကတော့ ၂ နေရာဖြစ်တယ်ပေါ့နော်။ သူတို့က ကြေညာထားပေမယ့်လည်း တိုက်ပွဲကတော့ တဖြေးဖြေး ပြန်ပြီးတော့ ပြင်းထန်လာတာဖြစ်တယ်။”
ဒီလိုတိုင်းရင်းဒေသတွေမှာ စစ်တပ်ဘက်က အပစ်ရပ်ကြေညာထားပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ အနေအထားအပေါ် တပ်ဘက်နေ ထိုးစစ်ဆင်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့လိုတယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောခွင့်ရ ဦးထွန်းဇော်က အခုလိုသုံးသပ်ပါတယ်။
“ ဒီ ၂ လတည်းမှာ သက်တမ်းတိုးထားမှုကလည်း ကျနော်တို့မြင်တာကတော့ တပ်ဖက်က စေတနာမမှန်ဘူးလို့ မြင်တယ်။ တကယ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသာ တကယ် အထောက်အကူပြုစေလိုတဲ့ စေတနာပါတယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့လိုပါတယ်။ အခုက တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတာက နှစ်ပေါင်း ၇၀ ကျော်ပြီ။ တိုက်ပွဲက ဟိုဘက်မှာ ငြိမ်လိုက် ဒီဘက်မှာ ဖြစ်လိုက် ဆိုတာက တပ်မတော်ရဲ့ ထိုးစစ်အပေါ်မှာ မူတည်ပြီး ဖြစ်နေတာ ဖြစ်တယ်။ တပ်မတော်ဘက်က အားလုံးကို တပြိုင်တည်း ရပ်မယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာ ရပ်စဲသွားနိုင်တဲ့ အနေအထားရှိတယ်။ အခု တပ်မတော်က အဲလိုမျိုး စေတနာနဲ့ လုပ်တာကို မတွေ့ရတဲ့အတွက် ကျနော်တို့က တဖက်သက် အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ကိစ္စကတော့ လက်တွေ့မှာ သူ့ရည်မှန်းချက်ကို အထောက်အကူပြုဖို့ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။”
ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးခရီးစဉ် ရှေ့ဆက်နိုင်ဖို့ဆိုရင်တော့ NLD အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးစကားဝိုင်းတွေကနေ တက်လှမ်းနိုင်မှာဖြစ်မယ်လို့လည်း UNFC ဦးထွန်းဇော်က အကြံပြုပါယ်။
“ငြိမ်းချမ်းရေးက NCA အပေါ်မှာ အခြေခံပြီးတော့ လုပ်တယ်။ NCA လက်မှတ်ထိုးမှပဲ နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ခွင့်ရမယ်။ ဒီလိုမျိုးအဆင့်ဆင့် ကန့်သတ်လိုက်တယ်ပေါ့နော်။ NCA စာချုပ် ဆိုတာက multilateral agreement ဖြစ်တယ်။ ဘက်ပေါင်းစုံ အားလုံး လွှမ်းခြုံတဲ့ တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ စာချုပ်ဖြစ်တယ်။ အဲဒါက ဘက်ပေါင်းစုံ အစိုးရရော တပ်မတော်ရော ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရော အဲဒီ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တာဝန်ရှိတယ်။ ဒီနေ့က လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ဆိုပြီး ကွဲပြားအောင်လုပ်ပြီးတော့မှ နိုင်ငံရေး ကစားနေတယ်လို့ ကျနော်တို့က မြင်တယ်။ နောက်ဆုံးပြန်ကြည့်လိုက်ရင်တော့ တိုင်းပြည်နဲ့ လူထုအပေါ်မှာ တကယ် စေတနာမမှန်ဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒါကြောင့်ဒီ စိတ်နေစိတ်ထားနဲ့ လုပ်နည်းလုပ်ဟန်ကို အခြေခံအားဖြင့် ပြင်မှပဲ တိုင်းပြည်ရဲ့ အကျပ်အတည်းပေါ့နော် ၊ အဓိက အခြေခံ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။”
အခုလတ်တလောအခြေအနေမှာတော့ အပစ်မရပ်ရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေ တွေ့ဆုံနိုင်ဖို့ အခြေအနေကတော့ နှစ်ဘက်ယုံကြည်စိတ်ချ သဘောတူနိုင်မယ့် နေရာရွေးချယ်နေဆဲအဆင့်မှာဖြစ်တယ်လို့လည်း UNFC ဦးထွန်းဇော်ကပြောပါတယ်။
“နေရာရွေးတာမှ ဒီဘက်က ညီနော်မဟာမိတ်တွေဘက်က သူတို့ တရုတ်ပြည်ဘက်မှာ ဆွေးနွေးဖို့အတွက် အဆိုပြုတယ်။ တပ်ဘက်ကနေတော့ တရုတ်ပြည်ဘက်မှာ လက်မခံဘူး အဲလိုမျိုးတွေ ဖြစ်နေတယ။် နောက်ဆုံးသူတို့ ဆွေးနွေးနိုင်တဲ့အနေအထားကတော့ ဝ- ပန်ဆိုင်းမှာ ဆွေးနွေးလို့ရတယ်ဆိုတဲ့အထိ သူတို့ဘက်ကတော့ ကမ်းလှမ်းထားတာပါပဲ။ ဒါပေမယ့် ဘာဖြစ်လို့ တပ်ဘက်ကတော့ လက်မခံလဲဆိုတာကတော့ မသိဘူးပေါ့နော် ။ သူတို့က မိုင်းလားကိုပဲ အဆိုပြုတယ်လို့ ပြန်ကြားတယ်နော်။ ဒါက တွေ့နိုင်ဖို့အတွက် နေရာ တဘက်နဲ့ တဘက်ပေါ့နော် ညှိလို့မရတဲ့အနေအထားဖြစ်နေတယ်။”
မြန်မာစစ်တပ်ရဲ့ တဘက်သတ်အပစ်ရပ်စဲရေးကြေညာချက်ကို ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေစပြီး ကြေညာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်ကလည်းမြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နဲ့ ရွှေတြိဂံတိုင်း စစ်ဌာနချုပ်အပါအဝင် စစ်တိုင်းဒေသကြီးငါးခုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အပစ်ရပ်ကာလ ၂လ ထပ်သက်တမ်းတိုးခဲ့ပါတယ်။