သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဖိအားပေးအရေးယူဖို့ ကရင်တိုင်းရင်းသားတွေ ကန်အစိုးရကိုတောင်းဆို


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကျုးလွန်ချိုးဖောက်ခဲ့တဲ့ မြန်မာအစိုးရ နဲ့ စစ်တပ်ကို ဖိအားပေး အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကို တွေ့ဆုံပြီး ကရင်တိုင်းရင်းသားတွေ ခံစားနေရတဲ့အခြေအနေတွေကို တင်ပြခဲ့တဲ့အကြောင်း ကရင်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်နဒါးဘိုမြက ပြောပါတယ်။ အမေရိကန်ရောက် ကရင်တိုင်းရင်းသားတွေ စုဝေးပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် လွှတ်တော် အဆောက်အဦးရှေ့မှာ အင်အားပြစုဝေးခဲ့ကြစဉ် အခုလိုပြောခဲ့တာပါ။ အကြောင်းစုံကို ကိုယ်တိုင်သတင်းသွားယူထားတဲ့ ကိုငြိမ်းချမ်းက တင်ပြမှာပါ။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာ အနှစ် ၇၀ ကျော် ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့်တွေ ရဖို့အတွက် အမေရိကန် အစိုးရ အနေနဲ့ ဖိအားပေး ကူညီဖို့ ကရင်တိုင်းရင်းသားတွေ ဦးဆောင်တဲ့ အင်အားပြစုဝေးပွဲ တစ်ခုကို ဇူလိုင်လ ၂၂ ရက် တနင်္လာနေ့မှာ အမေရိကန် လွှတ်တော်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့တဲ့ ကရင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူတဦးဖြစ်တဲ့ ဗိုလ်ချုပ်နဒါးဘိုမြ က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တို့ လူတွေ အကြောင်းပြောပြချင်ပါတယ်။ ကျနော်တို့ လူတွေ ဒုက္ခတွေခံစားနေရတာသာမက လူမျိုးတုံးသတ်ဖြတ်တာ၊ လူမျိုးစုအလိုက်ရှင်းလင်းတာခံနေရပါတယ်။ ဒါကြောင့် ကျနော်တို့ လူမျိုးတွေ ရဲ့ ဒုက္ခတွေ ကို အမေရိကန် အစိုးရ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လာပြီး ပြောပြတာပါ။ ကျနော်တို့ လိုချင်တာက လွတ်လပ်ခွင့်၊ ဒီမိုကရေစီ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်ပါတယ်။ နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ်ပြုမခံရပေမဲ့ တခြားလူတွေက ကျနော်တို့ကို အသိအမှတ်ပြုစေချင်ပါတယ်။”

အမေရိကန် အစိုးရတာဝန်ရှိသူတွေဘက်က တုံ့ပြန်မှု ကလည်း ကောင်းမွန်ပြီး မြန်မာအစိုးရကို ဆက်လက်ဖိအားပေးဖို့၊ အရေးယူဒဏ်ခတ်ဖို့ နဲ့ ကရင်တိုင်းရင်းသားတွေကိုလည်း ဆက်လက်ကြံ့ကြံ့ခိုင်ရင်ဆိုင်ဖို့ တိုက်တွန်းသွားမယ်လို့ ဗိုလ်ချုပ် နဒါးဘိုမြက ပြောပါတယ်။

“ကျနော်တို့လူတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့ တိုက်တွန်းပါတယ်။ လွတ်လပ်ခွင့်က အလကားမရပါဘူး။ ကျနော်တို့ ဆက်လက်လှုပ်ရှားရပါမယ်။ လူတွေကို ဆက်လက်တွေ့ဆုံပြီး တနေ့တော့ လွတ်လပ်ခွင့်ရမှာပါ။ အမေရိကန် အစိုးရအနေနဲ့ ဗမာအစိုးရကို ဆက်လက် ဖိအားပေးစေလို့ပါတယ်။ အရေးယူဒဏ်ခတ်ဖို့ နဲ့ ထောက်ပံ့ကူညီမှုတွေ မလုပ်ဖို့ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေ ရပ်တန့်စေဖို့ပါ။ စစ်ရာဇဝတ်မှု ကျုးလွန်တဲ့ စစ်ဗိုလ်ချုပ်တွေကို လည်း နိုင်ငံတကာ ရာဇဝတ် တရားရုံးကို တရားစွဲဆို တင်ပို့တာတွေ လုပ်စေချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာက စောင့်ကြည့်နေပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဟာလည်း တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပါဝင်ဖို့ ရပ်ဆိုင်းထားပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်နေပြီးတော့ NCA ဟာလည်း အလုပ်မဖြစ်ဘူးလို့ အခုလိုစုဝေးပွဲမှာ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တဲ့ မင်နီဆိုးတာပြည်နယ်က ကရင်လူငယ်တဦးဖြစ်တဲ့ Thomas Htoo က ပြောပါတယ်။

“ဒါပေမဲ့လည်း ကျနော်ပြောနိုင်တာက NCA က အလုပ်မဖြစ်ပါဘူး။ ကျဆုံးနေပါပြီ။ ဘာလို့လဲ၊ ဘာလို့ NCA က ကျဆုံးနေရတာလဲ။ ဒေသခံတွေ ပညာရေး၊ ကျန်းမာရေးတွေ ပိုရရှိပြီး သူတို့ ဘဝတွေ တိုးတက်ကောင်းမွန်ကောင်းမွန်ဖို့ အခွင့်အရေး မရပဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေပါတယ်။ စီးပွားရေးစီမံကိန်းကြီးတွေ လာလုပ်တဲ့အတွက် မြေတွေ အသိမ်းခံရပါတယ်။ ဒေသခံတွေက သူတို့ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာ သေချာမသိကြပါဘူး။ ဒါဟာ အကြောက်တရားတွေကို ဖြစ်စေပါတယ်။

အပစ်ရပ်ရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ နဲ့လည်း မြန်မာ့ တပ်မတော်ဟာ စာချုပ်ကို ကို ချိုးဖောက်ပြီး မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်ပွားတာမျိုးရှိသလို တိုင်းရင်းသားတွေစည်းလုံးဖို့ ကြိုးပမ်းတဲ့ အပစ်ရပ်စာချုပ်ဟာလည်း တိုင်းရင်းသားတွေ အကြားသွေးကွဲအောင် လုပ်သလို ဖြစ်နေတယ်လို့ NCA ကျဆုံးရတဲ့အကြောင်း ပြောရင်း Thomas Htoo ကသူ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အခုလို ကရင်တိုင်းရင်းသားတွေ နဲ့အတူ ပါဝင်ခဲ့ကြတဲ့ အခြားတိုင်းရင်းသားတွေထဲမှာ ကရင်နီလူငယ်အဖွဲ့ဖြစ်တဲ့ Karenni Talkshow က လူငယ်တွေနဲ့ မွန်၊ ကချင်၊ ရခိုင် တိုင်းရင်းသား တချို့လည်း အင်အားပြစုဝေးခဲ့ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ စုပေါင်းအင်အားပြပွဲကို ၂၀၁၇ ခုနှစ် ကတည်းစတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ် တတိယအကြိမ်မြောက်မှာတော့ အင်အား ထောင်နဲ့ ချီ တက်ရောက်ခဲ့ပါတယ်။ ကရင်- အင်္ဂလိပ် နှစ်ဘာသာ နဲ့ မိန့်ခွန်းတွေ ပြောကြားခဲ့ကြသလို ကရင်ရိုးရာ အကတွေကခဲ့ကြပြီး၊ သီချင်းတွေ လည်း သီဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


မြန်မာအာဏာပိုင်တွေကို အရေးယူဖို့ ကန် လွှတ်တော်ရှေ့ ဆန္ဒပြ
please wait

No media source currently available

0:00 0:04:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG