သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှ မြဝတီမှာ အဖမ်းခံရ


လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှ
လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှ

ကရင်ပြည်နယ်၊ မြဝတီမြို့က ရွှေမြစန္ဒီ အိမ်ယာက အိမ်တွေ မဖျက်ရေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဘာကြောင့် ဖမ်းဆီးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြဝတီမြို့ ကုန်သွယ်ရေးဇုံ ဘေးက ရွှေမြစန္ဒီ အိမ်ယာ အရေးကလည်း အခြေအတင် ဖြစ်နေတာ နှစ်နဲ့ချီ ရှိနေပါပြီ။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မြဝတီက ရွှေမြစန္ဒီအိမ်ယာ မဖျက်သိမ်းရေး ဆန္ဒပြခဲ့ကြတဲ့ အသံတွေပါ။ ထိုင်း - မြန်မာ နယ်စပ်မြို့ မြဝတီက ကုန်သွယ်ရေးဇုံဘေးမှာ ရှိတဲ့ ရွှေမြစန္ဒီ အိမ်ယာမှာ အတွင်းက အိမ်တချို့ကို ဖျက်သိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ တနလာၤနေ့မှာ အိမ်ယာမှာ နေထိုင်သူ ရာနဲ့ချီပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ ၃ ထောင်လောက် ပါဝင်မယ်လို့ ဖော်ပြပြီး အာဏာပိုင်တို့ထံ ကြိုတင်ခွင့်ပြုမိန့် တင်ထားတဲ့ ဒီဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့သူ ဒေါ်နော်အုန်းလှကို တနလာၤနေ့ ညနေပိုင်းမှာဘဲ ရဲက ဖမ်းဆီးခဲ့တယ်လို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး အဖွဲ့က အဖွဲ့ဝင် မဇာခြည်လင်းက ပြောပါတယ်။

“ရွှေမြစန္ဒီ အိမ်ယာ ကိစ္စကို မဖျက်သိမ်းဖို့ သွားပြီးတော့ ဝန်းရံတဲ့အတွက် ငြိမ်းစုစီနဲ့ ဖမ်းတယ်လို့ ပြောတယ်အမ။ သူက မြဝတီစခန်းမှာအမ ။ ည ၇ နာရီက ဖမ်းသွားတာ။”

မြဝတီမှာ ဆန္ဒပြမယ့်သူတွေက ဒေါ်နော်အုန်းလှကို အကူအညီတောင်းတာကြောင့် လာရောက် ပူးပေါင်းတာ ဖြစ်ပြီး ညနေ ၇ နာရီခန့် ရန်ကုန်ကို ပြန်ဖို့ ကားပေါ်မှာ ထိုင်နေတဲ့ ဒေါ်နော်အုန်းလှကို မြဝတီ ရဲတပ်ဖွဲ့က လာပြီး ဖမ်းသွားတာလို့လည်း မဇာခြည်လင်းက ပြောပါတယ်။ ရဲတွေက လက်ထိပ်ဘဲ ပါပြီး လက်နက်တွေ ကိုင်ဆောင်ထားတာ မရှိဘူးလို့လည်း ပြောပါတယ်။ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကိုတော့ လက်ရှိ မြဝတီ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း မဇာခြည်လင်းက ပြောပါတယ်။

“အိမ်ယာကိစ္စ။ အိမ်တွေကို မတရားဖြိုခံရတဲ့အတွက် မဖြိုဖို့ပေါ့နော် အိမ်တွေကို မဖျက်ဖို့ ဆိုပြီးတော့ ဆန္ဒပြကြတယ်။ လူပေါင်း ထောင်ကျော်တယ်အမ။ မနက် ၉ နာရီခွဲလောက်ကနေပြီးတော့ ၁၁ ခွဲလောက် ပိတ်ပြီအမ။ ကျန်တဲ့ ဦးဆောင်တဲ့လူတွေလည်း ပါတယ်လို့ပြောတယ် အမ ။ လောလောဆယ်တော့ ဒေါ်နော်အုန်းလှ တယောက်ပဲ သိသေးတယ်။ ကျန်တဲ့လူတွေ ပါ မပါ မသိသေးဘူး။”

စစ်အစိုးရခေတ်က နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အပတ်စဉ် ဆုတောင်း ဝတ်ပြုမှုတွေ လုပ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကတော့ စစ်အစိုးရလက်ထက်မှာလည်း ဖမ်းဆီး ထောင်ချခံခဲ့ရဖူးသလို ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကလည်း လက်ပတောင်းတောင် ကြေးနီ စီမံကိန်းကို မြန်မာနိုင်ငံက တရုတ်သံရုံးရှေ့သွားပြီး ဆန္ဒပြခဲ့မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။

အခု ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မြဝတီ ကုန်သွယ်ရေးဇုံဘေးက စနစ်တကျ အကွက်ချ ဆောက်လုပ်ထားတဲ့ ရွှေမြစန္ဒီ အိမ်ယာဝင်းမှာတော့ အိမ်အလုံးရေ ရာချီ ရှိနေတာပါ။ လူမနေတဲ့ မြေကွက်တွေ အိမ်တွေကို ဖြိုဖျက်တာတွေ ရှိနေပါတယ်။ တနလာၤနေ့ ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေက ရွှေမြစန္ဒီ အိမ်ယာ ဖျက်သိမ်းမှု အလိုမရှိ ဆိုတာ အပါအဝင် အိမ်ယာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က တရားမျှတစွာ ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ရွှေမြစန္ဒီ အိမ်ယာဝင်းက ပေါ်ပေါက်လာတာ နှစ်ပိုင်းဘဲ ရှိသေးပြီး ဝယ်ယူနေထိုင်နေကြတာလည်း ဖြစ်ပါတယ်။ မဇာခြည်လင်း ကတော့ အခုလို ပြောပါတယ်။

“ဖျက်တဲ့ဟာလည်း ဖျက်တယ်အမ။ တချို့လူနေအိမ်တွေလည်း ဖျက်တယ်။ ပထမဆုံးတော့ သူတို့ ပိုက်ဆံပေး ဝယ်ပြီးတော့ နေကြတယ်။ ဒီ အိမ်ကလူတွေကတော့လေ။ အခု နောက်ပိုင်းကတော့ ကျူးကျော်တွေကျတော့ ဖျက်တယ်အမ။”

မြဝတီမြို့ ရွှေမြစန္ဒီ အိမ်ယာဝင်း အတွင်းက အိမ်တွေ ဖယ်ရှားပေးဖို့ သစ်တောဦးစီးဌာနက အခု ဧပြီလ ၄ ရက်နေ့က သတိပေးထားတာပါ။ ၂၀၁၆ ခုနှစ်လောက်မှာ ကရင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်တဲ့ DKBA က ချထားပေးခဲ့တဲ့ ဒီအိမ်ယာ စီမံကိန်းကို ဆက်ပြီး မလုပ်ဖို့ ပြည်နယ် အာဏာပိုင်တို့ဘက်က ၂၀၁၇ ခုနှစ်ကစလို့ တားမြစ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။ လက်ရှိမှာတော့ အိမ်ယာဝင်း အတွင်း အိမ် ၁ ထောင်ကျော်လောက် ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ တနလာၤနေ့က ဆန္ဒပြသူတွေကတော့ မြဝတီမြို့တွင်းမှာ တန်းစီလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG