သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂခေါင်းဆောင်တွေ ဖမ်းဆီးခံရမှု NCA မှာပါဝင်ရေး ထိခိုက်မှာစိုးရိမ်


NSCN-K ခေါင်းဆောင် ဦးခပ်ပလန်
NSCN-K ခေါင်းဆောင် ဦးခပ်ပလန်

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီး အရေးယူထားမယ်ဆိုရင် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးရေး အပိုင်းမှာ အခက်အခဲရှိလာ နိုင်ကြောင်း နာဂနိုင်ငံရေး သုံးသပ်သူက ပြောဆိုလိုက်ပါတယ်။ လောလောဆယ်မှာ NSCN-K ခေါင်းဆောင်တွေကို ခန္တီးမြို့မှာ ထိန်းသိမ်းထားပြီး ပုဒ်မ ၁၇ (၁) နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေ မဖြစ်စေဖို့အတွက် နာဂဒေသ ငြိမ်ချမ်းရေး ကိစ္စဆွေးနွေးဖို့ နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှု(ဗဟို) အဖွဲ့က နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K ခေါင်းဆောင်တွေကို မတ်လ၈ရက်နေ့မှာ ခန္တီးမြို့ကို ဖိတ်ခေါ် ဆွေးနွေးခဲ့တဲ့နောက်မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

လောလောဆည်မှာ ခေါင်းဆောင် ၅ယောက်ကို မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ခံထားရကြောင်း နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှု ဗဟို ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောပါတယ်။

“၃ လပိုင်း ၉ ရက်နေ့ကနေ သူတို့ကို ခေါ်ယူသွားတယ်။ ၂၆ ရက်နေ့မှာတော့ ၅ ဦးကိုတော့ ခန္တီးမြို့ ရဲစခန်းမှာ ၁၇ (၁) နဲ့ အမှုဖွင့်လိုက်တယ်။ ၁၇ (၁) နဲ့ အမှု ဖွင့်လိုက်တဲ့ဟာမှာ ဒီဖြစ်စဉ်တွေကို ၂၈ ရက်နေ့မှာပဲ တစ်ခါတည်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို တရားဝင်စာနဲ့ တင်ပြထားပါတယ်။ အဲဒီ နောက်ပိုင်းကတော့ ကျနော်တို့ ဒီနေ့ချိန်ထိ ဘာ အဆက်အသွယ်မှတော့ သူတို့ဘက်က ဘာမှ အကြောင်းတော့ မပြန်လာသေးဘူးဗျ။ လောလောဆည်ကတော့ ဒီအဖွဲ့တွေက အချုပ်ထဲမှာပဲ ရှိပါတယ်။ တပ်ရိပ်သာမှာ ရှိတဲ့သူလည်း ရှိပါတယ်။”

NSCN-K အဖွဲ့က ထိန်းသိမ်းခံရသူ ၁၀ ဦးရှိပြီး ၁၇ (၁) နဲ့ စွဲဆိုခံရသူ ၅ဦးက ခန္တီ ရဲစခန်းမှာ ထိန်းသိမ်းထားသလို ကျန်သူတွေ ကတော့ ခလရ ၅၂ မှာ ထိန်းသိမ်းထားကြောင်းနဲ့ သူတို့ကို စတင် ဖမ်းဆီးစဉ်က နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို စာ ပေးပို့ထားကြောင်းလည်း ပြောပါတယ်။

နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှု ဗဟို ကော်မတီ အနေနဲ့ကတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရ ဆွေးနွေးစေလိုကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“တပ်ထဲမှာရှိတဲ့ NSCN-K ကနေ ထိန်းသိမ်းထားတဲ့ အဖွဲ့တွေ၊ နောက်ပြီးကျ ရဲစခန်းမှာ ရှိနေတဲ့ သူတွေကို ပြန်လည်လွှတ်ပေးဖို့ အဲဒါတွေ လွှတ်ပေးပြီးမှ နိုင်ငံရေးအရ ဆွေးနွေးတဲ့ဟာမျိုးကို အဲဒါတွေ ကျနော်တို့က ဒါကိုပဲ အဓိက တောင်းဆိုချင်ပါတယ်။ ဒီနေ့ အချိန်မှာတော့။”

NSCN-K အဖွဲ့ဟာ တိုင်းဒေသကြီးအဆင့် လက်မှတ်ရေးထိုးထားပေမဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် မရေးထိုးသေးပါဘူး။ အဖွဲ့ကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တဂါးရွာမှာ အခြေစိုက်ထားပြီး ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီး အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ ကသည်းနဲ့ အာသံ လက်နက်ကိုင်တွေ ခိုလှုံနေတာကို ရှင်းလင်းဖို့အတွက် မြန်မာအစိုးရ တပ်မတော်က NSCN-K ဌာနချုပ်ကို ထိန်းချုပ်ခဲ့တာပါ။

အမည်မဖော်လိုတဲ့ နာဂ နိုင်ငံရေးသမား တဦး ကတော့ ဒီခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားရင် NCA လက်မှတ်ရေးထိုးရေးပိုင်းမှာ အခက်အခဲရှိလာနိုင်ကြောင်း ပြောပါတယ်။

“သုံးသပ်ရတာတော့ NCA လက်မှတ်ရေးထိုးတဲ့အပိုင်းမှာတော့ အခက်အခဲ ရှိသွားနိုင်တာပေါ့။ တကယ်တမ်း ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင်တာက သူတို့ပဲလေ။ သူတို့အနေနဲ့ နဂိုတုန်းကလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လာကြတာပဲလေ။ ဆွေးနွေးဖို့ မပြီးခင် ဒီလို ဖြစ်သွားတာကိုး။”

NCSN-K အဖွဲ့ဟာ နာဂလူမျိုးတွေဟာ မြန်မာနဲ့ အိန္ဒိယ နိုင်ငံတွေမှာ နေထိုင်တာကြောင့် နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ၂ နိုင်ငံ ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာ NSCN-K ခေါင်းဆောင် ဦးခပ်ပလန် ကွယ်လွန်သွားပြီးဖြစ်တာကြောင့် အယူအဆ ပြောင်းလဲလာဖွယ် ရှိနိုင်ကြောင်းလည်း ဆက်လက် သုံးသပ်ပါတယ်။

“နဂိုတုန်းကတော့ ခေါင်းဆောင်က အယူသန်တာကိုး။ အဲဒီခေါင်းဆောင်က ဆုံးသွားပြီလေ။ ဦးခပ်ပလန်ဆိုတာက ၂၀၁၇ အဲဒီတုန်းက ဆုံးသွားပြီလေ။ ဒုတိယ ဥက္ကဋ္ဌ လုပ်တဲ့သူကလည်း အိန္ဒိယဘက် ရောက်သွားပြီလေ။ ဟိုဘက်မှာ သွား အလင်းဝင်သလို ဖြစ်သွားတာ။ ဒါကြောင့် အဲဒီ စိတ်ထန်တဲ့ သူတွေကတော့ မရှိသလောက် ဖြစ်သွားပြီ။ အခုလူကတော့ လူငယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ မြင်တာတော့ အတွေးအခေါ် အမျှော်အမြင် ရှိမယ်။ ရှေ့က လူတွေလောက်တော့ စိတ်ထန်မယ်လို့တော့ မထင်ဘူးပေါ့။”

ဒေသခံ ပြည်သူတွေကတော့ အပစ်ရပ် သဘောတူညီချက် ပျက်ပြားပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ ဒီလပိုင်းတွေ အတွင်းမှာတော့ NSCN-K ဌာနချုပ် တဂါးရွာဘက်ကို စားသောက်ကုန် တင်ပို့တာတွေ ကန့်သတ်ထားတာကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ အစိုးရ ခေါင်းဆောင်ပိုင်းက နာဂခေါင်းဆောင်တွေ ဖမ်းဆီးထားတာကို ပြန်လည်စီစစ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG