သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် ကရင်တိုင်းရင်းသားတွေ လွှတ်တော်မှာ ဆန္ဒထုတ်ဖေါ်


အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုးဆန္ဒပြပွဲ (ခရက်ဒစ်-Ma Sumon Facebook)
အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုးဆန္ဒပြပွဲ (ခရက်ဒစ်-Ma Sumon Facebook)

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေက မနေ့က မြို့တော်ဝါရှင်တန် ဒီစီ လွှတ်တော်အဆောက်အဦးရှေ့မှာစုဝေးပြီးတော့ မြန်မာနိုင်ငံအတွင်းလူနည်းစု တိုင်းရင်းသားတွေအပေါ် သုတ်သင်ရှင်းလင်းမှုတွေပြုလုပ်နေတာကို အမေရိကန်အစိုးရက အကာအကွယ်ပေးဖို့ နောက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေမှာ အားလုံးပါဝင်ကူညီဖို့ အကြောင်းအရာတွေကို ဆန္ဒထုတ်ဖော်တောင်းဆိုသွားပါတယ်။ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ရှားဖောင်က ပြောပြပေးပါလိမ့်မယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံတကာကအာရုံစိုက်နေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား ထောင်နဲ့ချီ မြို့တော်ဝါရှင်တန် ဒီစီစုရုံးပွဲပြုလုပ်ခဲ့ကြပြီး ကရင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မီးမှောင်းထိုးပြခဲ့ပါတယ်။

ကရင်တိုင်းသားတွေအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ တိုင်းရင်းသားတွေအားလုံးကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေကနေ အမေရိကန် အစိုးရက အကာအကွယ်ပေးပြီး ဆက်လက် ထောက်ပံ့ကူညီပေးသွားဖို့ တောင်းဆိုတဲ့အနေနဲ့ အခုလို လာရောက် စုရုံးခဲ့ကြတာလည်း ဖြစ်တယ်လို့ စုရုံးပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင် စီစဉ်ဆောင်နေသူတွေထဲက တဦးဖြစ်တဲ့ မော်ရေဆန် ဂျော်နီ က ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ဒီမှာလာတာကတော့ ကျနော်တို့ ဆန္ဒပြတာမဟုတ်ဘူး လာပြီးတော့ Support ၊ Advocacy လုပ်တယ်ဆိုတဲ့သဘော လူတွေကို ပေးသိချင်တယ် Apart of this society ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းစစ်ကြီးက ၆၈ နှစ်အကြာမှာ သိန်းနဲ့ ချီပြီးတော့ ကျနော်တို့ မြန်မာပြည်သားတွေက တခြားနိုင်ငံမှာ ကျွန်ဘဝနဲ့ အသက်ရှင်နေနေရတယ်။ တချို့ဆိုရင် အသက်တွေဆုံးရှုံးတယ်။ ဘာမှ မရပဲနဲ့ ဒီလိုကျနော်တို့ ဆက်နေလို့မရတော့ဘူး။ အစိုးရမှာ အများကြီးတာဝန်ရှိတယ်။ ကျနော်တို့ကအစိုးရကိုပဲ ဖိပြီးတော့ မပြောဘူး၊ ကျနော်တို့ကိုယ်တိုင်မှာလည်း တာဝန်ရှိတဲ့အတွက်ကြောင့် လာရခြင်းဖြစ်ပါတယ်။”

ကရင်တိုင်းသားတွေ အများစု နေထိုင်တဲ့ မြန်မာနိုင်ငံ အရှေ့ဘက်ကခြမ်းကအခြေအနေနဲ့ ပတ်သက်လို့ကတော့ Minnesota ကရင်အဖွဲ့အစည်းရဲ့ Project မန်နေဂျာလည်းဖြစ်တဲ့ မော်ရေဆန် ဂျော်နီက အခုလိုပြောပြပါတယ်။

“အရှေ့ဘက်ကခြမ်းကအခြေအနေကတော့ တော်တော်လေးဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားစရာမရှိဘူး ဆေးဝါးတွေမရှိဘူး။ လူတွေဖျားတယ် မနက်ဖြန်အတွက်သူတို့နေရာမရှိဘူး ဆိုလိုချင်တာက တော်တော်စိုးရိမ်စရာကောင်းပါတယ်။ လူတွေက ဒါကို မေ့ပျောက်နေတဲ့အတွက်ကြောင့် ကျနော်တို့ ဒီကနေ့လာပြီးတော့ ပြောရခြင်းဖြစ်ပါတယ်။”

အမေရိကန်အစိုးရကို အကူအညီတောင်းဆိုဖို့တခုတည်းအတွက် အခုလို လာပြီး စုရုံးကြတာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲအတွက် အားလုံးအတူတကွ ပါဝင်ကူညီကြဖို့ လိုတယ်ဆိုတာကို ပြသတဲ့အနေနဲ့ လာရောက် စုရုံးကြတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်းရှောင်ကြတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာပြည်ဒီမိုကရေစီအရေးမှာ ပါဝင်လှုပ်ရှားသူလည်းဖြစ် စုရုံးပွဲကို စီစဉ်တဲ့သူတွေထဲက တဦးလည်းဖြစ်တဲ့ Stefani Drake က အခုလို ပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံနေရတဲ့ အဖြစ်အပျက်တွေဟာ သိပ်ကို ဆိုးဝါးတယ်လို့ ကျမမြင်ပါတယ်။ ကျမတို့ သူတို့နဲ့ အတူ သွေးစည်းညီညွတ်မှုကို ပြပါတယ်။ အခု ဆန္ဒပြတဲ့သူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကရင်၊ ရှမ်းတွေနဲ့ မြန်မာနိုင်ငံတလွှားက လူပေါင်းစုံအပေါ် ကျုးလွန်ခဲ့တဲ့ ရာဇတ်ဝတ်မှုတွေအကြောင်းကို ထုတ်ဖေါ်ပြောဆိုပါတယ်။ သူတို့ အသိုင်းအဝိုင်း ၊ သူတို့ လူမျိုးတွေအတွင် အတွက်တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်း တခြားဒေသက လူတွေ ကြုံရတဲ့အခြေအနေကိုပါ ပြောဆိုတာပါ။ အိုးအိမ်စွန့်ခွာခဲ့ရသူ၊ နေရပ်က အနှင်ခံရသူတွေ အားလုံးအတွက် သူတို့ ရပ်တည်ပြကြတာပါ။ ”

ဒီစုရုံးပွဲပြီးရင်တော့ ပွဲစီစဉ်တဲ့ တာဝန်ရှိသူတချို့ အမေရိကန် လွှတ်တော်ကိုသွားပြီး ဒုက္ခသည်အရေးဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး၊ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ပြီးချမှတ်ဖို့ တောင်းဆိုသွားကြဖို့ ရှိတယ်လို့လည်း Stefani Drake ကပြောပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကနေပြီးတော့ ဒီစုရုံးပွဲကိုတက်ရောက်လာတဲ့ ကို အားကီကတော့ သူဒီပွဲကို တက်ရောက်လာ ရတဲ့အပေါ် ဂုဏ်ယူမိကြောင်း အခုလိုပြောပါတယ်။

“တိုင်းရင်းသားအားလုံးရဲ့ ကိုယ်စားလှယ်ပေါ့ ကျနော်တို့လာတာ ကျန်တဲ့တိုင်းရင်းသားတွေအားလုံး အခွင်အရေးတန်းတူရအောင် ကျနော်တို့ ဒီရည်မှန်းချက်နဲ့ လာခဲ့တာပါ။”

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားဦးရေ ၇ သောင်း လောက်ရှိတယ်လို့ စုရုံးပွဲစီစဉ်သူတွေက ပြောပါတယ်။ ဝါရှင်တန်ဒီစီမှာ လာရောက် စုရုံးကြတဲ့ ကရင်တိုင်းသားတွေနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ မနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း Nebraska မှာလည်း ကရင်တိုင်းရင်းသားတွေ ရာနဲ့ချီ စုရုံးခဲ့ကြသလို၊ ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ ကရင်တိုင်းသားတွေကလည်း လူမှုကွန်ယက်ပေါ်ကနေတဆင့် ဒီစုရုံးပွဲနဲ့ တသားတည်းရှိကြောင်း မှတ်ချက်တွေနဲ့ ဓါတ်ပုံတွေ ရေးသား မျှဝေခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG