ရိုဟင်ဂျာ ဒုက္ခသည်အရေး ကူညီဖြေရှင်းဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ သံကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို မနေ့က သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း အကြီးမားဆုံးဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီ နုနယ်သေးတဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပြီး လိုအပ်တဲ့ အကူအညီပေးမှာ ဖြစ်သလို ရခိုင်ပြည်နယ် မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauret က ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ အဆင့်မြင့် အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauret က မနေ့ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောပါတယ်။
“ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ် ပထမ ရပ်နားရာ မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးခါနီးပါပြီ။ သူတို့တွေဟာ ရိုဟင်ဂျာတွေအပြင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသူတွေနေထိုင်တဲ့ စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။ အစိုးရအပြင် အရပ်ဖက် အဖွဲ့စည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံဖို့ရှိပါတယ်။”
ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ် အကျပ်အတည်းကနေ ပေါ်ပေါက်လာတဲ့ လူသားဆိုင်ရာနဲ့ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေတွေကို ဖြေရှင်းရေးနဲ့ မြန်မာနိုင်ငံက အိုးအိမ်စွန့် ထွက်ပြေးရသူတွေ အတွက် လူသားချင်း စာနာမှု အကူအညီတွေ တိုးမြှင့်ပေးနိုင်ရေး နည်းလမ်းရှာဖွေဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အပါအ၀င် လူမှုအကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို စစ်တွေ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ Heather Nauret ကပြောပါတယ်။
“အမေရိကန်ကိုယ်စားလှယ် အဖွဲ့ဟာ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ သံတမန်အဖွဲ့ရဲ့ ခရီးစဉ် အဓိက ရည်ရွယ်ချက်က အစိုးရအပြင် အခြားအထောက်ကူပေးတဲ့ အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အတွေ့အကြုံအကြောင်းတွေ ကြားသိနိုင်ဖို့၊ သူတို့လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအပြင် လူသားချင်းစာနာမှု အစီအစဉ်တွေကို မြန်မာနိုင်ငံမှာ အကူအညီလိုအပ်သူတွေကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ရိုဟင်ဂျာ ၆ သိန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အများအပြားဟာ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Henshaw အနေနဲ့ နောက် တရက် နှစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မှာဖြစ်ပြီး အချိန်ရသလောက် သူတို့တတွေနဲ့ တွေ့ဆုံဖို့လည်းရှိပါတယ်။ ”
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ဟာ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေ၊ အလှူရှင်တွေ၊ လူသားစာနာမှု အကူအညီပေး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေအတွက် အရေးပေါ် လိုအပ်ချက်တွေကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး အခြေအနေတွေကို ဆွေးနွေးဖို့ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေ အင်အားသုံးပြီး နယ်မြေရှင်းလင်းမှုကြောင့် ၂ လအတွင်း ဒုက္ခသည်ပေါင်း သန်းတ၀က်ကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ရတဲ့ အခြေအနေအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သတင်းပတ်တွင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလို အဆင့်မြင့် အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုတခေါက် ခရီးစဉ်မှာ မြန်မာ တပ်မတော်ဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြောင်း Heather Nauret ကဆိုပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး အခြေအနေနဲ့ ပတ်သက်လို့ Heather Nauret က သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။
“မြန်မာအစိုးရအပေါ် ဖိအားပေးမှာကတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ သတင်းပတ်နှောင်းပိုင်းက အမေရိကန်က ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အတော်လေးလည်း ရှည်လျားပါတယ်။ ဒါ့ကြောင့် ဒါဟာ ဘက်စုံ အရေးယူဆောင်ရွက်တဲ့ နည်း အဖြစ် ကျမတို့ ယူဆပါတယ်။ အဲဒီနည်းရဲ့ တစိတ်တပိုင်းအဖြစ် အစိုးရနဲ့ ဆွေးနွေးဖို့၊ အစိုးရအနေနဲ့ တက်သစ်စ ဒီမိုကရေစီကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်လည်း အကူအညီလိုအပ်နေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ ကြီးမားတာကိုလည်း အသိပေးခဲ့ပြီးဖြစ်ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံတွင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေလည်း အဲဒီဒေသကို ခရီးထွက်ခဲ့ပြီး ကိုယ်တိုင်မြင်တွေ့ ကြားသိနိုင်ဖို့လည်း ကြိုးစားခဲ့ကြတဲ့အကြောင်းတွေကိုလည်း သိပြီး ဖြစ်ကြမှာပါ။”
ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Henshaw နဲ့အတူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ ဗျူရို ဒုလက်ထောက်ဝန်ကြီး Scott Busby ၊ တောင်နဲ့ ဗဟိုအာရှဒေသ ရေးရာဌာန ယာယီ ဒုလက်ထောက်ဝန်ကြီး Tom Vajda နဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ရုံးညွှန်ကြားရေးမှူး Patricia Mahoney တို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။
၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုတိယ၀န်ကြီး ဦးစိုးအောင်နဲ့ မနေ့က တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးမှာ အမေရိကန်ပြည်ထောင်စုက အကူအညီပေးနိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း မြန်မာအစိုးရဘက်က သတင်း ထုတ်ပြန်ထားပါတယ်။