သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အဆုံးသတ်ရေး အမြန်ဆုံးဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို Trump တိုက်တွန်း


နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးကို ရိုက်ခတ်လာနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အပေါ် မြန်မာ လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ အဆုံးသတ်စေရေး ပြင်းပြင်းထန်ထန်နဲ့ အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂကို အမေရိကန်သမ္မတ Donald Trump က တိုက်တွန်းကြောင်း ဒုသမ္မတ Mike Pence က မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။

ဒီအတောအတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတွက် အမေရိကန်က ကူညီမယ့် နောက်ထပ် ဒေါ်လာ ၃၂ သန်း ထောက်ပံပေးမယ့် အစီအစဉ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် လေးသိန်းကျော် အတွက် အဓိကဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့လူဦးရေ၊ ဒုက္ခသည်များနဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ကလည်း ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ မနေ့ ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် အင်အားကြီး ငါးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် နိုင်ငံတွေအပါအဝင် စုစုပေါင်း ၁၅ နိုင်ငံကနေ ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်မယ့် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရာမှာ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာရောက်နေကြောင်းနဲ့ အခြေအနေအကျပ်အတည်းကို အဆုံးသတ်စေရေး ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို အမေရိကန် ဒုသမ္မတ Mike Pence က အခုလိုတိုက်တွန်းခဲ့ပါတယ်။

“ ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ ပြင်းပြင်းထန်ထန်နဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ပါလို့ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂကို သမ္မတ ထရမ့် ရော ကျနော်ပါ တောင်းဆိုပါတယ်။ ပြီးတော့လည်း အကူအညီအမြောက်အများလိုအပ်နေတဲ့ ရိုဟင်ဂျာတွေကို မျှော်လင့်ချက်နဲ့ ထောက်ပံမှုတွေပေးရမှာဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ မဆောင်ရွက်နိုင်ဘူးဆိုရင် အခြေအနေတွေ ပိုပြီးဆိုရွားဖို့ ရှိပါတယ်။ဒေသတခုလုံးမှာရှိတဲ့ မျိုးဆက်ပေါင်းများစွာအတွက် သံသယအမုန်းတွေနဲ့ ဆူပူမှုတွေကို မျိုးစေ့ချပေးသလိုဖြစ်နေပြီး အားလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာ ရောက်ပါတယ်။ ”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေး တပ်တွေက အကြမ်းဖက် ဖိနှိပ် လုပ်ရပ်အပေါ် အမေရိကန်အနေနဲ့ တုန့်လှုပ်မိကြောင်း ဒုသမ္မတက လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း အခုလို ပြောသွားပါတယ်။

“မကြာသေးခင် သတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ တကယ့်ကို ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာကို ကျနော်တို့ တိုင်းပြည်က ပြည်သူတွေနဲ့တကမ္ဘာလုံးက မျက်ဝါးထင်ထင်တွေ့မြင်ခံရပါတယ်။ အစိုးရရဲ့ လုံခြုံရေးစခန်းတွေကို စစ်သွေးကြွတွေ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုအပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့လက်တုန့်ပြန်မှုဟာ အလွန်ကို ရက်စက်လွန်းပါတယ်။ ရွာတွေကို မီးရှို့တာ၊ ရိုဟင်ဂျာတွေကို သူတို့ရွာတွေကနေမောင်းထုတ်တာ စတဲ့ အကြမ်းဖက်မြင်ကွင်းတွေ၊ ဒုက္ခသည် အစုလိုက် အပြုံလိုက် ထွက်ပြေးကြတာ စတာတွေဟာ အမေရိကန်ပြည်သူတွေကို တုန့်လှုပ်စေပါတယ်။ သိန်းနဲ့ချီတဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း လေးသိန်းကျော် အစုလိုက်အပြုံလိုက် ထွက်ပြေးတဲ့ သမိုင်းဝင် ဖြစ်ရပ်ကို ကျနော်တို့ မြင်နေရပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဖို့ မောင်းထုတ်ခံရတာဖြစ်ပါတယ်။ နေ့စဉ်လည်း အများအပြားထွက်ပြေးလာနေကြပါတယ်။ ”

ဆက်လက်ပြီးတော့ ဒုသမ္မတ Mike Pence ကနေ မြန်မာလုံခြုံရေးတပ်တွေဘက်က အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း အခုလို တိုက်တွန်းသွားပါတယ်။

“ မနေ့ကပဲ နိုင်ငံခြားရေးဝန်ကြီး Tillerson ကနေ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ပံမှုတွေကို အကူအညီပေးဖို့နဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ မြန်မာအစိုးရနဲ့ စစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် နေရပ်ကိုပြန်မယ့် ဒုက္ခသည်တွေအနေနဲ့ ဘာမှ ကြောက်စရာမလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာလုံခြုံရေးတပ်တွေကို ထပ်ပြီး တိုက်တွန်းချင်တာက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ရေရှည်ပြေလည်ဖို့အတွက် သံတမန်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံဖို့ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးပေါ် လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတွက်နောက်ထပ် အမေရိကန်ဒေါ်လာ ၃၂ သန်းထောက်ပံပေးမယ့် အစီအစဉ် ကို အမေရိကန်နိုင်ငံခြားရေး ဌာနက မနေ့က ကြေညာခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဌာနရဲ့ လူဦးရေ၊ ဒုက္ခသည်များနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ကလည်း အစီအစဉ်အသေးစိတ်ကို သတင်းထောက်တွေကို မနေ့က ပြောပြခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနရဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ရံပုံငွေထဲကနေ ထောက်ပံမယ့် ဒေါ်လာ ၃၂ သန်းမှာ ၂၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေ တဲ့ ရိုဟင်ဂျာဒုက္ခသည် လေးသိန်းကျော်အတွက်ဖြစ်ပြီး ၃ သန်းကျော်ကိုတော့ မြန်မာနိုင်ငံဘက်အခြမ်းမှာရှိနေတဲ့ အိုးအိမ်မဲ့ဖြစ်နေသူတွေ အတွက် ဖြစ်တယ်လို့ Mr. Henshaw က ပြောပါတယ်။

အခုထောက်ပံမယ့် ငွေပမာဏဟာ လက်ရှိ ရခိုင်ပြည်နယ်ပဋိပက္ခအတွက် လူသားချင်းစာနာမှုအထောက်အကူအတွက် လိုအပ်နေတဲ့ ရံပုံငွေ ရဲ့ လေးပုံတပုံဖြစ်ပြီး IOM၊ UNICEF UNHCR နဲ့ အခြား NGO တွေအပြင် ဒေသခံအဖွဲ့အစည်းတွေကတဆင့် အသုံးပြုသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အမေရိကန်က လူသားချင်းစာနာမှုထောက်ပံအကူအညီပေးရာမှာ အခုလို နောက်ထပ် ကူညီတဲ့ ရံပုံငွေ ၃၂ သန်းအပါအဝင်၂၀၁၇ခုနှစ် ဘဏ္ဍာရေးအတွက် စုစုပေါင်း ဒေါ်လာ ၉၅ သန်းရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG