သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အောက်လွှတ်တော်ကော်မတီ ဝေဖန်


ထွက်ပြေးလာတဲ့ ဒုက္ခသည်များ
ထွက်ပြေးလာတဲ့ ဒုက္ခသည်များ

အခုပြုလုပ်သွားတဲ့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲအတွင်းမှာတော့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဝေဖန်ပြောဆိုသွားပါတယ်။ ဒီပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့လည်း ပြောသွားပါတယ်။ အပြည်စုံကို မခင်ဖြူထွေးက ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အလုံးအရင်း ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကို ထောက်ပြပြီး ဒါဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဒီကနေ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံထဲမှာ မှီတင်း နေထိုင်နေထိုင်သူ အားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိပ်တန်း ဦးစားပေး ဆောင်ရွက်ရလိမ့်မယ်လို့ မစ္စတာ Royce က ပြောသွားပါတယ်။

“လွန်ခဲ့တဲ့တလက ဒေါ်အောင်ဆန်းစုကြည်ဆီ ကျနော် ရေးပို့ခဲ့တဲ့စာထဲမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့သလိုပါပဲ… လူမျိုး၊ ဘာသာမရွေး မြန်မာနိုင်ငံထဲမှာ ရှိနေသူတွေကို ကာကွယ်ဖို့ သူမရဲ့အစိုးရနဲ့ စစ်တပ်မှာ တာဝန်ရှိပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို တရားဥပဒေနဲ့အညီ အပြစ်ပေးရပါမယ်။ ဒီစိန်ခေါ်မှုတွေကို သူမနဲ့ စစ်ခေါင်းဆောင်တွေ ရင်ဆိုင် ဖြေရှင်းရပါလိမ့်မယ်။ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအဝင် လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတာ ကျနော်တို့ နှစ်ပေါင်းများစွာ ဦးစားပေး ဆောင်ရွက်လာတဲ့ကိစ္စပါ။ ဒီလိုကာကွယ်ဖို့ဆိုတာမှာ ရိုဟင်ဂျာတွေကို ချန်လှပ်ထားလို့ မရပါဘူး။ ဒါက ကျင့်ဝတ်သိက္ခာဆိုင်ရာ ကိစ္စပါ။ နိုင်ငံတော် လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဒီကမ္ဘာပေါ်က ဘယ်လိုနေမှာပဲ ဖြစ်ဖြစ် အစွန်းရောက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုးလာတာက ဘယ်သူ့အတွက်မှ ပိုပြီး လုံခြုံမလာပါဘူး။”

ဒီကနေ့ ကြားနာပွဲမှာ မကြာခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကလည်း သူ့ခရီးစဉ် လေ့လာချက်တွေနဲ့ပတ်သက်လို့ တင်ပြသွားပါတယ်။ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွေကို အစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ရပ်ပစ်ခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပေမဲ့လို့လည်း ရခိုင်ပြည်နယ် တွင်းမှာ ခုချိန်ထိ အကြမ်းဖက်မှုအခြေအနေတွေ ဆက်ပြီး ရှိနေတယ်လို့ မစ္စတာ Murphy ကပြောပါတယ်။ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် ကြက်ခြေနီလှုပ်ရှားမှုတွေနဲ့ အကူအညီတွေ ပေးနေတယ်လို့ မြန်မာ အစိုးရဘက်က ပြောဆိုထားတာပါ။ ဒါပေမဲ့ ဒီ ကြက်ခြေနီလှုပ်ရှားမှု တခုတည်းနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းလို့ မရဘူလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ ICRC ကိုယ်တိုင်က ပြောဆိုခဲ့တဲ့အကြောင်း မစ္စတာ Murphy က ထောက်ပြပါတယ်။ ဒါကြောင့် လိုအပ်နေသူတွေထံ အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဒေသတွင်း ဝင်ရောက်ခွင့်ပြုဖို့ တိုက်တွန်းသလို၊ သတင်းမီဒီယာတွေ သွားရောက် လေ့လာခွင့်ပေးဖို့ လိုအပ်တဲ့အကြောင်းလည်း မစ္စတာ မာဖီက ပြောသွားပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်တခုတည်းရဲ့ ပြဿနာ မဟုတ်ဘူးလို့ သူက ပြောသွားပါတယ်။

“အခု ဒီအကျပ်အတည်းပြဿနာဟာ ရခိုင်ပြည်နယ်တွင်းမှာတင် ဖြစ်နေတာမဟုတ်ဘဲ၊ တခြား မြန်မာပြည်ရဲ့ ဆန်းသစ်စ ဒီမိုကရေစီဟာလည်း အလှည့်အပြောင်းကို ရောက်နေပါတယ်။ ပြဿနာကို ကြီးကြီးမားမား တုံ့ပြန်ကိုင်တွယ်လိုက်တာကြောင့် နိုင်ငံတကာက အကြမ်းဖက်အဖွဲ့တွေကို ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုတွေရပ်တန့်ပြီး လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေ လုပ်နိုင်အောင် ကျနော်တို့အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံနေပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းကလည်း ကျနော်ကိုယ်တိုင် မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါအဝင် အစိုးရအရာရှိကြီးတွေ စစ်တပ်အရာရှိကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးပြီး၊ အပြစ်ရှိသူတွေကို ကိုင်တွယ်မယ်၊ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာတွေကို ကတိကဝတ်ပေးထားပါတယ်။ ဒါပေမဲလည်း ပကတိ မြေပြင်အခြေအနေကတော့ ဆိုးဝါးနေဆဲပါ။ ဒါကြောင့် ဒီ ကတိကဝတ်အတိုင်း အပြည့်အ၀ ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ ဆောင်ရွက်သွားရပါလိမ့်မယ်။”

လက်ရှိ ဒုက္ခသည်တွေအတွက် ရေရှည်ခိုင်မာတဲ့ အဖြေထုတ်နိုင်ဖို့နဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ကိစ္စဟာ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အဓိက စိုးရိမ်ချက်ဖြစ်တယ်လို့လည်း မစ္စတာ Murphy က ပြောပါတယ်။ ရခိုင်ပြဿနာ ချဉ်းကပ်တဲ့နေရာမှာ အမေရိကန်တဦးတည်း အနေနဲ့ ဆောင်ရွက်မှာ မဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ သိပ်ကိုလိုအပ်နေတဲ့ ဖိနှပ်မှုတွေလျော့ပါးအောင်၊ တာဝန်ခံမှုရှိအောင်၊ ဒီမိုကရေစီထွန်းကားရေးနဲ့ ဖွံ့ဖြိုးရေး ပိုမိုခရီးရောက်အောင်၊ အမေရိကန်ပြည်ထောင်စုက အားလုံးခြုံသုံးသပ်တဲ့ မူဝါဒကိုချမှတ် ဆောင်ရွက်နေပါတယ်။ အားလုံးလူ့ဂုဏ်သိက္ခာရှိရှိ နေနိုင်ကြဖို့ ကျနော်တို့ တနိုင်ငံတည်း လုပ်မှာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ သတ္တိရှိရှိပြောဆိုပေးနေတဲ့ အဖွဲှအစည်းတွေနဲ့ပါ တိုင်ပင်ညှိနှိုင်းနေပါတယ်။ လောလောဆယ် အကျပ်အတည်းတွေ ဖြစ်နေတာဟာ ကွန်ကရက်လွှတ်တော်နဲ့ ကျနော်တို့ ကြိုးစားပမ်းစားအားထုတ်ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိလွယ်ခိုက်လွယ် ဖြစ်စေနိုင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန် သမ္မတ၊ ဒုသမ္မတ အပါအဝင် အမေရိကန် ထိပ်တန်း အရာရှိတွေ အနေနဲ့ အခိုင်အမာ ထိတွေ့ဆက်ဆံမှုတွေ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း မစ္စတာ Murphy က ပြောသွားပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ဂိတ်တွေ ဖွင့်ပြီး ကြိုဆိုခဲ့တဲ့အပေါ်မှာတော့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Royce က ဒီကနေ့ ကြားနာပွဲမှာ ချီးကျူးပြောဆိုသွားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ကတိပြုထားတဲ့အတိုင်း အသစ်ထပ်မံ ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် ခိုလုံစရာနေရာတွေနဲ့ အကူအညီတွေ ပေးသွားဖို့ကို မစ္စတာ Royce က တိုက်တွန်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG