သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကျပ်အတည်းနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး အောက်လွှတ်တော်ကြားနာ စစ်ဆေး


အောက်လွှတ်တော်ကြားနာပွဲ (Foreign affairs commitee)
အောက်လွှတ်တော်ကြားနာပွဲ (Foreign affairs commitee)

မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ ကြားနာပွဲတရပ်ကျင်းပနေပါတယ်။ အခု ပြုလုပ်တဲ့ ကြားနားပွဲကတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြားနာခဲ့တာပါ။ ကြားနာပွဲမှာ အခု ဆွေးနွေးပြောဆိုနေတာတွေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြပါလိမ့်မယ်။

ကြားနာပွဲအတွင်း အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ပြောသွားတဲ့ အစီရင်ခံစာထဲ အဓိက ပါတဲ့ အချက်တွေကတော့ အခုဆယ်စုနှစ်အတွင်း အဆိုးဆုံးမြင်နေရတဲ့ ဒုက္ခသည်အရေး ပြဿနာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန် စိုးရိမ်မကင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းကပဲ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်တွေ၊ ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း၊ သမ္မတ Trump ရော၊ ဒုတိယ သမ္မတ Pence အနေနဲ့ပါ အာရှဒေသတွင်းခေါင်းဆောင်တွေနဲ့ ဒီကိစ္စ ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်း ဆက်သွယ် စကားပြောခဲ့ပါကြောင်း အစီရင်ခံသွားပါတယ်။

လောလောဆယ်အားဖြင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေအတွက် အကူအညီဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ သန်းပေါင်း ၄၃၄ သန်း လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စုစုပေါင်း ဒေါ်လာ ၁၀၄ သန်း ကူညီပေးပြီး ဒီအထဲမှာ နိုင်ငံခြားရေးဌာနက ၇၆ သန်းနဲ့ မကြာသေးမီ စက်တင်ဘာလကမှ ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၃၂ သန်း ပါဝင်တယ်လို့ အစီရင်ခံ သွားပါတယ်။

အမေရိကန်ပြည်ထောင်စု လူဦးရေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark C. Storella ကတော့ လက်ရှိအခြေအနေ ဖြေရှင်းရေးမှာ အဓိကအားဖြင့် လူသားချင်းစာနာတဲ့အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးရေး၊ ပြဿနာကြီးတရပ်လုံးကို အဓိပ္ပါယ်ရှိရှိ ဖြေရှင်းနိုင်ဖို့ ကူညီဆောင်ရွက်ပေးရေး၊ ဒုက္ခသည်တွေ နေရပ်ရင်းကို လုံခြုံစွာ ဂုဏ်သိက္ခာရှိစွာ ပြန်သွားနိုင်ရေးကို အမေရိကန်ပြည်ထောင်စုက အဓိကထားနေတာဖြစ်ကြောင်း ထွက်ဆိုသွားပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို အမေရိကန်လွှတ်တော်ကပါ နားလည်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ပြောသွားပါတယ်။

USAID အမေရိကန် ဖွံ့ဖြိုးရေး၊ ကူညီထောက်ပံ့ရေး ဌာနရဲ့ အကြီးအကဲ Ms. V. Kate Somvongsiri ကတော့ အခုလက်ရှိအားဖြင့် သြဂုတ်လ နောက်ပိုင်းမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတွေ၊ ဒေသတွင်းကို ထိထိရောက်ရောက် မသွားနိုင်တဲ့ ပြဿနာရှိနေကြောင်း၊ သတင်းရရှိမှုပြသနာတွေအပြင် မြန်မာအစိုးရပြန်ကြားရေးဌာနကလည်း ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အထင်လွဲစရာထုတ်ပြန်မှုတွေလည်း ရှိနေတဲ့အကြောင်း ထောက်ပြပြောဆိုသွားပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဝင် Texas ပြည်နယ် အောက်လွှတ်တော်အမတ် Castro က အမေရိကန်နိုင်ငံခြားရေးအရာရှိကြီးတွေကို မေးမြန်းရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတာကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်သလား၊ နိုင်ငံခြားရေးဌာနအနေနဲ့ရော ဒီအခြေအနေကို အခုလိုပဲ တိတိကျကျ အဓိပ္ပါယ်ယူသလားဆိုပြီး မေးပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က သူ့အထက် နိုင်ငံခြားရေးဌာနရဲ့ အကြီးအကဲတွေရဲ့ မှတ်ချက်ကို ကိုးကားထွက်ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Rex Tillerso ကတော့ အများပြောနေသလို အခု ဖြစ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိုအမြန်ဆုံးရပ်ဖို့ ပြောကြားသွားတာရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးကလည်း အခု ဖြစ်နေတာဟာ အင်မတန်ရက်စက်တဲ့ ရေရှည် ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာဖြစ်ပုံရပြီး၊ နိုင်ငံတနိုင်ငံမှာ လူနည်းစုကို ကျူးလွန်နေတဲ့ ပုံရှိနေတယ်လို့ ပြောကြားထားတဲ့အကြောင်း ထွက်ဆိုပါတယ်။ လောလောဆယ်အားဖြင့်တော့ ဒီအခြေအနေကို အကဲဖြတ်ဖို့ သုံးသပ်မှုတွေ မျိုးစုံရှိနေပြီး၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာပါ ဆန်းစစ်နေကြတယ်လို့ဆိုပါတယ်။ ဒီအခြေအနေနဲ့ အဖြစ်အပျက်တွေကို ဘယ်လို ခေါ်ဝေါ်ရမယ်ဆိုတာထက် ဒါဟာ လူသားဆိုင်ရာ ဒုက္ခတွေလို့ပဲ မြင်ပါတယ်လို့ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Murphy က ပြောပါတယ်။

လူ သန်းတဝက်လောက် နယ်စပ်ဖြတ်ကျော်ထွက်ပြေးရတဲ့အခြေအနေ၊ သောင်းနဲ့ချီပြီး ပြည်တွင်းမှာ ရွှေ့ပြောင်းနေရတဲ့အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်ပေးနိုင်ရေး လက်တွေ့လုပ်ဆောင်ဖို့ လိုနေပြီး၊ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ လုပ်နေတဲ့ တပြိုင်တည်းမှာပဲ နိုင်ငံတကာကျင့်ဝတ်စံနှုန်းတွေနဲ့ ဆန့်ကျင်ပြီးဒီလုပ်ရပ်တွေကို ဘယ်သူက ကျူးလွန်ခဲ့သလဲဆိုတဲ့ အဖြေတွေပါရှာသွားဖို့ သဘောထားရှိတယ်လို့လည်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG