သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အမေရိကန်အထူးစိုးရိမ်


ကုတုပလောင် ဒုက္ခသည်စခန်းထဲ ဘာသာရေးစာ သင်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးများ
ကုတုပလောင် ဒုက္ခသည်စခန်းထဲ ဘာသာရေးစာ သင်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးများ

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုကြောင့် တလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေး လာတဲ့ ရိုဟင်ဒုက္ခသည်ပေါင်း ၄၀၀,၀၀၀ သိန်းကျော်ရှိလာတဲ့ အခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိတ်လန့်တုန်လှုပ်မိကြောင်းနဲ့ ဂြိုလ်တုကရတဲ့ သတင်းဓါတ်ပုံတွေအရ မီးရှို့ဖျက်စီးခံရတဲ့ ရွာပေါင်း ၂၀၀ ကျော်ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဗွီအိုအေကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပြသနာကို မြန်မာအစိုးရအနေနဲ့ မှန်မှန်ကန်ကန်ရပ်တည် ဖြေရှင်းဆောင်ရွက်နေပြီး ဒီအရေးနဲ့ပတ်သက် လို့လည်း အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ပြောင်းလဲမှုမရှိဘူးလို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေနဲ့ ပတ်သက်လို့ သူတို့ နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေကို အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ရိုဟင်ဂျာ အများစုပါဝင်တဲ့ ဒုက္ခသည် ၄၀၀,၀၀၀ သိန်းကျော်ဟာ သူတို့နေရပ်ကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ကျေးရွာပေါင်း ၂၁၄ ရွာနီးပါး မီးရှို့ဖျက်စီးခံခဲ့ရတယ်ဆိုတာ ဂြိုလ်တုကရတဲ့ သတင်းဓါတ်ပုံတွေက အတည်ပြုထားပါတယ်။"

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်ပြီး တာရှည်ခွဲခြားဆက်ဆံမှုကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ကနေစွန့်ခွာထွက်ပြေးရတဲ့ အခြေအနေကို အမေရိကန်အနေနဲ့ ထိတ်လန့်တုန့်လှုပ်မိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆက်ပြီးဖြစ်နေတဲ့ ပဋိပက္ခ ပြဿနာကို အထူးပဲစိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ အကြမ်းဖက်မှုမှန်သမျှကို ထပ်မံ ရှုတ်ချကြောင်း အခုလို ပြောခွင့်ရပုဂ္ဂိုလ်က တဆက်တည်းပြောသွားပါတယ်။

"လုံခြုံရေးစခန်းတွေကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်တာ၊ နောက်အကျိုးဆက်အဖြစ် လုံခြုံရေးတပ်တွေဘက်က အရပ်သားတွေအပေါ် အင်အား အလွန်အကျွံ သုံးပြီး မဆင်မခြင် အကြမ်းဖက်တာ တွေကို အမေရိကန်က သိသိသာသာ ရှုတ်ချတဲ့အကြောင်း ထပ်လောင်းပြောကြားချင်ပါတယ်။"

အထူးသဖြင့် မြန်မာလုံခြုံရေးတပ်တွေအနေနဲ့ နယ်မြေရှင်းလင်းရေးမှာ ဆောင်ရွက်ခဲ့သမျှတွေကို တာဝန်ခံဖို့လည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း သူကပြောပါတယ်။

"မြန်မာလုံခြုံရေး အာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာဖို့၊ အကြမ်းဖက်မှုကို ရပ်ဆိုင်းဖို့နဲ့ လူမှုအသိုင်းအဝိုင်းအားလုံးက အရပ်သားတွေကို သူတို့နေရပ်တွေကနေ မောင်းထုတ်မှုတွေကို ရပ်ပစ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ လူ့အခွင့်အရေး ကျယ်ကျယ် ပြန့်ပြန့် ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့၊ လုံခြုံရေးတပ်တွေကို ထိန်းချုပ်ဖို့ အပြင် သူတို့ရဲ့ စစ်ဆင်ရေးအတွက် အပြည့်အဝတာဝန်ခံဖို့ကိုလည်း တောင်းဆိုပါတယ်။"

ဒါအပြင် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ ရွေးကောက်ခံထားတဲ့ အရပ်သားအစိုးရနဲ့ မြန်မာလုံခြုံရေးတပ်တွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်ကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်လာဖို့ လက်ခံမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိပေးမှုကို အမေရိကန်ပြည်ထောင်စုကကြိုဆိုကြောင်း ဗွီအိုအေကို အီးမေးလ်ကပေးပို့တဲ့ စာမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် ပဋိပက္ခတွေကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကိုပြောပါတယ်။

“ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အရေးကြီးတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ခင်မင်ရင်းနှီးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလို ခင်မင် ရင်းနှီးတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လည်း အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို ကျနော်တို့ အမြဲတမ်း အလေးထားပါတယ်။ အလေးထားတယ် ဆိုတာနဲ့ပဲ ကျနော်တို့က ကျနော်တို့ရဲ့ လုပ်ရပ်တွေရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကိုတော့ အမေရိကန်အစိုးရကို ကျနော်တို့ အမြဲတမ်းပြောနေ ပါတယ်။ အမေရိကန်နိုင်ငံက အခုဆောင်ရွက်နေတဲ့ ကိစ္စကတော့ ကျနော်တို့အပေါ် ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဒီအမေရိကန် နိုင်ငံပေါ် ထားရှိတဲ့ သဘောထားကတော့ ပြောင်းလဲမှု မရှိပါဘူး ဆိုတဲ့ဟာလေးတော့ ပြောပါရစေ။"

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေ အကြမ်းဖက်ဖိနှိပ်ခံရမှုအပေါ် အမေရိကန်အောက်လွှတ်တော်ရဲ့ ကြားနားပွဲကို ဒီကနေ့ ကြာသာပတေး မှာ ကျင်းပဖို့ရှိနေပါတယ်။ ဒီကြားနားပွဲကို ဦးစီးကျင်းပမယ့် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ ကော်မတီဥက္ကဌ အောက်လွှတ်တော်အမတ် Ed Royce ကတော့ ဒီအကြမ်းဖက်မှုတွေရပ်တန့်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ တတ်နိုင်သလောက် အကူအညီပေးဖို့လိုတယ်လု့ ပြောကြားခဲ့ပါတယ်။ ဒေသစံတော်ချိန် နံနက် ၉ နာရီမှာ ကျင်းပမယ့် ကြားနာပွဲကို မြန်မာသံရုံးဘက်က တက်ရောက်နားထောင်ဖို့ရှိတယ်လို့လည်း သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

“ သူတို့က ဒီသံရုံးတွေကို ဖိတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် Hearing ဆိုတဲ့ဟာကတော့ Open to the Public အများအတွက် ဖွင့်ပေးတဲ့ ကြားနာပွဲ ဖြစ်တယ် ဆိုလို့ရှိရင်တော့၊ ကျနော်တို့ဆီကနေပြီးတော့ .. သူတို့ မဖိတ်သည့်တိုင်အောင် သူတို့ ဘာတွေ ပြောတယ်ဆိုတာကို သွားရောက်ပြီးတော့ ကျနော်တို့က နားထောင်ဖို့ ရှိပါတယ်။”

ဒီကြားနားပွဲမှာ မြန်မာနိုင်ငံကို မကြာသေးခင်က ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့အတူ လူဦးရေနဲ့ လူဝင်မှုဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella နဲ့အတူ နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ USAID အကြီးအကဲ Ms. V. Kate Somvongsiri တို့ တက်ရောက်ထွက်ဆိုကြမှာဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန်သံအမတ်ကြီး Scot Marciel အပါဝင် နိုင်ငံတကာသံအမတ်ပေါင်း ၂၀ လောက်လိုက်ပါသွားခဲတဲ့ အောက်တိုဘာလ ၂ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ခရီးစဉ်နဲ့ ပတ်သက်လို့ သံတမန်တွေပူးပေါင်းပြီး ကြေညာချက်ထုတ်ပြန်ရာမှာ မီးရှို့ခံထားရပြီး လူမနေတဲ့ ရွာတွေကို သူတို့ကိုယ်တိုင်တွေ့ရှိ ခဲ့ကြောင်းနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ရခိုင်ပြည်နယ်တွင် နေထိုင်တဲ့ လူအားလုံးကို ခွဲခြားမှု မရှိဘဲ ကာကွယ်ပေးဖို့ တာဝန်ရှိပြီး မီးရှို့ဖျက်ဆီး မှုတွေကို တားဆီးကာကွယ်ပေးရမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စွပ်စွဲချက်များကိုလည်း အပြည့်အ၀ စုံစမ်းစစ်ဆေးသွားဖို့နဲ့လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူဆောင်ရွက်သွားရန် မြန်မာ အာဏာပိုင်များအား တောင်းဆို ထားပါတယ်။ ဒါအပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ရခိုင်သို့ သွားရောက်ခွင့်ပြုဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ရခိုင်အရေး အမေရိကန်အထူးစိုးရိမ်
please wait

No media source currently available

0:00 0:04:55 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG