သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ရေးနဲ့ ဆက်ဆံရေး ပြန်သုံးသပ်ဖို့ ကန်အမတ်တွေ တိုက်တွန်း


အမေရိကန်လွှတ်တော်။
အမေရိကန်လွှတ်တော်။

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းကြား စိုးရိမ်မှုတွေ၊ ဖိအားတွေ တိုးလာနေချိန်မှာပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက မနေ့တုန်းကပဲ တိုက်တွန်း လိုက်ကြပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ ၅ သိန်းလောက်အထိ ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာပြီး နောက်မှာပဲ အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ၂၂ ယောက်က အစိုးရကို တိုက်တွန်း လိုက်ကြတာပါ။

လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ လတ်တလော ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာမှာ တဖက်တလမ်းက မကူညီရင်၊ ရရှိထားပြီးသား တိုးတက်မှုတွေကို ထိခိုက်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID အကြီးအကဲ Mark Green တို့ထံ ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ခိုင်လုံတဲ့ စွပ်စွဲချက်တွေ ရှိနေတာကြောင့်၊ ကျုးလွန်သူတွေကို ဖော်ထုတ်ပြီး၊ ဒဏ်ခတ်အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးအပ်နိုင်အောင် ခွင့်ပြုဖို့နဲ့ အမေရိကန် အစိုးရ အနေနဲ့လည်း အကူအညီ အထောက်အပံ့တွေ တိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်၊ ရေရှည် အကျိုးဆက်တွေဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံးကိုပါ ရိုက်ခတ်လာနိုင်ကြောင်းလည်း အမေရိကန် အထက်လွှွှတ်တော်အမတ်တွေက သတိပေးထားတာပါ။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေထံ ပေးပို့တဲ့စာကို လက်မှတ် ရေးထိုးခဲ့သူတွေထဲမှာတော့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဒီမိုကရက်အထက်လွှတ်တော်အမတ် Ben Cardin အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီဥက္ကဋ္ဌ John McCain တို့လည်း ပါဝင်ကြပါတယ်။

ရှေ့သီတင်းပတ်ထဲမှာလည်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက ရိုဟင်ဂျာ အကျပ်အတည်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲတခုလုပ်ဖို့ စီစဉ်ထားပြီး၊ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy လည်း တက်ရောက်ထွက်ဆိုမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG