သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတကာဖိအားကြောင့် မြန်မာဒီမိုကရေစီရေးထိခိုက်မှာစိုးရိမ်


ရိုဟင်ဂျာအရေး အောက်လွှတ်တော်ကြားနာပွဲ။

အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကိုကြည့်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေး ဒဏ်ခတ်တာမျိုး လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးရာမရောက်သလို၊ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုမျိုး မဖြစ်နိုင်ဘူးလို့ မြန်မာ့အရေး သုံးသပ်သူတချို့က မြင်ပါတယ်။ ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲတခုမှာတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကိုရော အစိုးရကိုပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို၊ မြန်မာအစိုးရ အပေါ် ဒဏ်ခတ်မှုတွေ၊ ဖိအားတွေ တိုးမြှင့်ပေးသွားဖို့ အကြံပြုခဲ့ကြပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ၂ နာရီနီးပါးကြာ ကြားနာပွဲလုပ်ခဲ့တာမှာ မြန်မာနိုင်ငံနဲ့ စစ်ဖက်ဆက်ဆံရေး ဖြတ်တောက်တာ၊ စစ်ဘက်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူတာတွေ အပြင် မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေ ဆိုင်းငံ့ဖို့နဲ့ ကုလသမဂ္ဂမှာ မြန်မာ့အရေးကို ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ဖို့ ဆိုတာတွေကို ပြောဆို အကြံပြုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကျူးလွန်နေတာကြောင့် ရိုဟင်ဂျာ မူစလင် လေးသိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရပြီး လက်ရှိ အကြမ်းဖက်မှု အခြေအနေတွေကို အဆုံးသတ်အောင် အစိုးရဘက်က ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ဆိုပြီး မြန်မာအပေါ် ဒဏ်ခတ်မှုတွေနဲ့ ဖိအားတွေ တိုးမြှင့်ပေးသွားဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လွှတ်တော်အမတ်တချို့က ထောက်ပြ ပြောဆိုခဲ့ကြ တာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ - အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက ပြဿနာတွေကို သေသေချာချာ နားလည်ဖို့လိုပြီး မြန်မာဒီမိုကရစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်တဲ့ ဖိအား တိုးမြှင့်ပေးတာမျိုး မဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

“လက်တလော ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေ အကျပ်အတည်းတွေဟာ နေ့ချင်းညချင်းဖြစ်လာတဲ့ ပြဿနာတွေမဟုတ်ပဲနဲ့ ကျနော်တို့နိုင်ငံဖြတ်သန်းခဲ့ရတဲ့ အာဏာရှင်စနစ်ရဲ့ ၁၀ စုနှစ်ပေါင်းများစွာမှာ အခြေတည်ပြီးဖြစ်လာတဲ့ ပြဿနာတွေဆိုတာကို အမေရိကန်အပါအ၀င်ပေါ့လေ၊ အနောက်နိုင်ငံတွေအနေနဲ့ အလေးအနက်ထား စဉ်းစားနိုင်ဖို့လိုအပ်တယ်လို့ မြင်တယ်။

တကယ်လို့ အမေရိကန်အပါအ၀င်အနောက်အုပ်စုနိုင်ငံတွေအနေနဲ့လက်တလော ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို အကြောင်းပြုပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ဖိအားပေးမှုတွေ မြင့်တင်လာမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲလမ်းကြောင်းအပေါ်မှာ အဆိုးသက်ရောက်မှုတွေ ရှိလာမှာကို ကျနော့်အနေနဲ့ စိုးရိမ်မိပါတယ်။ အမေရိကန်အပါအ၀င် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားပေးမူကို အကြောင်းပြုပြီးတော့ ကျနော်တို့နိုင်ငံဟာ တရုတ်နိုင်ငံအပေါ် ဒီထက်ပိုပြီးတော့ မှီခိုရတဲ့သဘောမျိုး တရုတ်နိုင်ငံ ဘက်ကို တွန်းပို့လိုက်တဲ့ သဘောမျိုး ဖြစ်လာမှာကိုလည်း စိုးရိမ်စရာရှိပါတယ်။ အဲဒီအခါကျတော့ လက်တလောကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြဿနာတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ထိတွေ့ဆက်ဆံဖြေရှင်းတဲ့နေရာမှာ သံခင်းတမန်ခင်းအရပေါ့လေ အမျှော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန်နဲ့ ထိတွေ့ပူးပေါင်းဆောင်ရွက်ပြီးတော့ အကောင်းဆုံးဖြစ်နိုင်တဲ့နည်းလမ်းကို ရှာဖွေပြီးတော့ ဖော်ဆောင်သင့်တယ်လို့ ကျနော်ကတော့ အဲဒီလိုတိုက်တွန်းအကြံပြုချင်ပါတယ်။”

အမေရိကန် အပါအ၀င် နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတိုးမြှင့်ပေးတာက လက်တွေ့မကျသလို၊ မြန်မာအစိုးရ အနေနဲ့လည်း လက်ရှိ အခြေအနေမှာ နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမှုတွေကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်အောင် ကြိုးစားသင့်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“ကျနော်မြင်တာကတော့ မြန်မာအစိုးရကို ဖိအားပေးမယ်ဆိုတဲ့ ပုံစံကတော့ လက်တွေ့မကျဘူးလို့ထင်တယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်အစိုးရဘက်ကလည်း သိဖို့လိုတာပေါ့နော်၊ အခုကာလမှာ အချုပ်အခြာအာဏာလို့ပြောတဲ့ sovereignty ဆိုတာက ပြောမယ်ဆိုရင် ကျနော်တို့ အကျွင်းမဲ့အာဏာမဟုတ်တော့ပဲနဲ့ မှန်းရသဘောမျိုးဖြစ်လာတယ်။ နောက်တခါ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှု နိုင်ငံတကာရဲ့ပြောဆို ဝေဖန်မှုတွေက ဒါလုံးဝ ပယ်ချထားတယ်ဆိုတာမျိုးလည်း လုပ်လို့မရဘူးပေါ့နော်။ ဆိုတော့ ဒီအနေအထားမှာတော့ မြန်မာအစိုးရဘက်ကလည်း ဒီထက်ပိုပြီးတော့ ရှေ့ထွက်လုပ်ဖို့လိုသလို မြန်မာပြည်ကို နိုင်ငံတကာကနေပြီးတော့ ဖိအားပေးပြီးတော့ ပြောင်းအောင်လုပ်မယ်ဆိုတာကလည်း အဖြေမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဘက်က မြန်မာအပေါ် အမြင်သဘောထားတချို့ ပြောင်းလာတာတော့ သိသာတယ်လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ကျနော်မြင်တာ အခြေခံအရပေါ့နော် ဆိုတော့ တချို့ကိစ္စတွေပြောင်းလာတာရှိပါတယ်။ အထူးသဖြင့်တော့ သမ္မတ အိုဘားမားလက်ထက်မှာ မြန်မာနိုင်ငံအခြေအနေကို သူတို့က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုမှာ အောင်မြင်တဲ့ ပြယုဂ်နိုင်ငံတခုပေါ့နော် ဒီလိုဟာမျိုးသည် အိုဘားမားအစိုးရက တလျှောက်လုံးကြွေးကြော်ခဲ့ပါတယ်။ ဆိုတော့ အခုအချိန်မှာကျတော့ သမ္မတ Trump တက်လာတော့ သူကမြန်မာပြည်အပေါ်မှာ သိပ်စိတ်ဝင်စားမှုလည်းမရှိဘူး။ ဆိုတော့ ဒီအနေအထားမှာပဲ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စက ပြောမယ်ဆိုရင် နိုင်ငံတကာသတင်းမီဒီယာတွေမှာရော ၊ နိုင်ငံတကာဆွေးနွေးပြောဆိုမှုတွေမှာ တော်တော်လေးကို စိုးရိမ်ပူပန်နေတဲ့ ကိစ္စပေါ့နော် ဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရဘက်ကလည်း စဉ်းစားချက်တွေက မြန်မာပြည်ကို လူ့အခွင့်အရေးချိုးဖောက်နေတယ် နောက်တခါကျတော့ ဒုက္ခသည်အရေးက အရေးပေါ်ဖြစ်နေပြီ။ အဲဒီတော့ ဒါကို ကျူးလွန်နေတဲ့လူတွေကို ပြစ်ဒဏ်ပေးရမယ်၊ အရေးယူရမယ် ဖိအားပေးရမယ်။ ဒီလိုပုံစံမျိုးတွေ ဖြစ်လာတာ ကျနော်တွေ့ပါတယ်။”

ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ မြင့်မားနေချိန်မှာပဲ မနေ့က ကြားနာပွဲမှာလည်း အလားတူ မြန်မာစစ်တပ်နဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာဖြစ်ပြီး၊ အစိုးရအပေါ် အရေးယူမှုတွေနဲ့ ဖိအား တိုးမြှင့်ပေးသွားဖို့ တိုက်တွန်း ပြောခဲ့ကြတာပါ။ ဒီအတောအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ဒီကနေ့ လူသိရှင်ကြား ရှင်းလင်း တင်ပြဖို့ ရှိနေပါတယ်။

XS
SM
MD
LG