သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ရခိုင်အရေးဆွေးနွေး


လုံခြုံရေးကောင်စီမှာ ရခိုင်အရေးဆွေးနွေးစဉ်
လုံခြုံရေးကောင်စီမှာ ရခိုင်အရေးဆွေးနွေးစဉ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ လ ၂၈ ရက်၊ ကြာသပတေးနေ့က တံခါးဖွင့်အစည်းအဝေးတခုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ်က ကောင်စီကို အစီရင်ခံတင်ပြသလို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကလဲ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေနဲ့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုတာတွေကို အသီးသီးပြောသွားကြပါတယ်။ ဒီပြောဆိုချက်တချို့ကို ကောက်နုတ်စုစည်းပြီး ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးအဖွင့်မှာ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က အရင်ဆုံး အစီရင်ခံတင်ပြတဲ့ထဲ သြဂုတ်လ ၂၅ ရက်နေ့မှာ Arakan Rohingya Salvation Army က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီးကတည်းကဆိုရင် လက်ရှိအခြေအနေဟာ တဖြည်းဖြည်းချင်း ယိုယွင်းလာနေတဲ့အကြောင်းနဲ့ အဲဒီလိုတိုက်ခိုက်တာကို သူ့အနေနဲ့ ပြစ်တင်ရှုတ်ချတယ်ဆိုတာ ထပ်ပြီး ပြောသွားပါတယ်။

အဲဒီအချိန်ကတည်းကစလို့ ဒုက္ခသည်အရေးပေါ်အခြေအနေ၊ လူသားဘေးဒုက္ခနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားတဲ့အခြေအနေ တခုအဖြစ် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးနှုန်းနဲ့ ပြောင်းလဲ ဖြစ်ပေါ်လာတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ အဲဒီ နောက် မြန်မာအာဏာပိုင်တွေအနေနဲ့ လုပ်ငန်းစဉ်သုံးခုကို ချက်ခြင်းလက်ငင်းလုပ်ဆောင်ဖို့ သူက တောင်းဆိုသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres

"မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီခြေလှမ်း၃ ရပ်ကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ကျနောဆက်လက်တိုက်တွန်းပါတယ်။ ပထမက စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့၊ ဒုတိယအချက်အနေနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေကို အဟန့်အတားကင်းရှင်းစွာ ပေးနိုင်ခွင့်ပြုဖို့ ၊ တတိယက ဒုက္ခသည်တွေကို ဘေးကင်းစွာ မိမိတို့သဘောအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံလောက်တဲ့ အချိန်တွေ ပေးပြီးတော့ သူတို့ရဲ့ နေရင်းအရပ်တွေကို ပြန်ခွင့်ရရေး အာမခံဖို့ ဖြစ်ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအဖွဲ့ရဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Jonathan Allen က မြန်မာအာဏာပိုင်တွေအနေနဲ့ လက်ရှိ ပြဿနာကိုဖြေရှင်းရာမှာ သမိုင်းအမှန်ဘက်က ရပ်တည်ပြီး ဖြေရှင်းမလား၊ လုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်တာကို ရင်ဆိုင်မလားဆိုတာ မြန်မာအာဏာပိုင်တွေကို မေးခွန်းထုတ်သွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအဖွဲ့ရဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Jonathan Allen
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအဖွဲ့ရဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Jonathan Allen

“ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတရပ်လုံးအကျိုးကို အလေးထားဖို့ သန္နိဌာန် ခိုင်မာပါ တယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ မြန်မာနိုင်ငံကို အောင်မြင်စေချင်ပါတယ်။ ဒါ့ကြောင့်လဲ ဒီနေ့ လုံခြုံရေးကောင်စီမှာ ပွင့်ပွင့် လင်းလင်းပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပဋိပက္ခဟာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအပြင် မြန်မာ ခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်အပေါ် အရိပ်မဲကြီး ထင်စေတာ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သမိုင်းမှာ ဘယ်လို ရပ်တည်မလဲဆိုတာ အဆုံးအဖြတ်ပေးကြရမယ့် အချိန်ရောက်ပါပြီ။"

“အကြမ်းဖက်မှုကို အဆုံးသတ်ပြီး အရပ်သားတွေကို အကာကွယ်ပေးတာ၊ လူ့အခွင့်အရေးကို စောင့်ရှောက်ကာကွယ်မလား လူသားချင်းစာနာမှု အထောက်အကူကို ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းတွေကို အကူအညီပေးခွင့်ပြုမလား။ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မလား၊ လက်ရှိပြဿနာ အဖြေရှာဖို့ ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို လိုက်နာမလား … ဒီအချက်တွေကို ဖေါ်ဆောင်ဖို့ ငြင်းနေမယ်ဆိုရင် မြန်မာနိုင်ငံဟာ လမ်းမှားဘက်မှာ ရပ်တည်တဲ့ နိုင်ငံအဖြစ် သမိုင်းအတင်ခံရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ခဲ့ရင် လုံခြုံရေး ကောင်စီအနေနဲ့ ဆက်လက်အရေးယူဖို့ အဆင်သင့် ဖြစ်ရပါမယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကတော့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုကျူးလွန်သူတွေကို အရေး ယူဖို့၊ မြန်မာစစ်ဘက်ကို လက်နက်ခဲယမ်း ရောင်းချတာတွေ ရပ်ထားဖို့ တောင်းဆိုသွားပါတယ်။

“လက်ရှိပဋိပက္ခကိုဖြေရှင်းဖို့ အရေးယူဆောင်ရွက်ရမယ့် ခြေလှမ်းတွေက ရှင်းပါတယ်။ ပထမက မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာရပါမယ်။ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို ချက်ချင်းတာဝန်ကနေရပ်ဆိုင်းပြီး သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက်လည်း ဥပဒေအရ သူတို့ကို အရေးယူကြရမှာဖြစ်ပါတယ်။ ဒါအပြင် မြန်မာစစ်တပ်ကို လက်ရှိလက်နက်ရောင်းချနေတဲ့ နိုင်ငံမှန်သမျှလည်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် အရေးယူမှုတွေ ပြီးစီးတဲ့အထိ လက်နက်ရောင်းချမှုအားလုံးတို့ကို ဆိုင်းငံ့ရပါမယ်။“

ဗြိတိန်နဲ့အမေရိကန်တို့ ပြောသွားတဲ့ထဲမှာ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရပိုင်နဲ့ စစ်ဘက်ပိုင် သတင်းမီဒီယာ တွေကနေ ထုတ်လွှင့် ဖော်ပြနေတာတွေကို ထောက်ပြ ဝေဖန်သွားသလို အဲဒါတွေကို ရပ်ဖို့လဲ တောင်းဆိုသွားပါတယ်။

အစည်းအဝေးတက်ရောက်တဲ့ တရုတ်သံအဖွဲ့ရဲ့ကိုယ်စားလှယ်က ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်နေတာကို ချီးကျူးသွားသလို မြန်မာအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် နေတာကိုလဲ ကြိုဆိုတယ်လို့ပြောပြီး

“မွတ်စလင် လူဦးရေအများအပြား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတာကို စနစ်တကျ ကိုယ်တွယ်ဖြေရှင်းနိုင်ရေး အတွက် ဒီနှစ်နိုင်ငံအကြား ဆွေးနွေးပြောဆိုတာနဲ့ ဆက်သွယ်တာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အားပေး ထောက်ခံသင့် ပါတယ်။”

လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာနဲ့ ဆန်းစစ်လေ့လာတဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ မျှမျှတတရှိဖို့ သက်ဆိုင်သူ တွေကိုရော ပြင်ပက ပတ်သက်နေသူတွေကိုပါ တောင်းဆိုပါတယ်လို့ ရုရှားသံအမတ်ကြီး Vasily Nebenzya က ရုရှားဘာသာ စကားနဲ့ပြောပြီး အင်္ဂလိပ်ဘာသာနဲ့ စကားပြန်က ပြောပေးပါတယ်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ဝေါဟာရတွေကို သုံးစွဲပြောဆိုတာမှာ သိပ်ကို သတိထားဖို့လိုပါတယ်။ ဒီခက်ခဲပြီး ရှုပ်ထွေးတဲ့ကိစ္စကို အပြန်အလှန်လေးစားမှုပေါ်အခြေခံပြီး ဖြေရှင်းဖို့ ကြိုးစားတာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို လက်တွေ့အကူအညီပေးရေးကိစ္စ အာရုံစိုက်ဖို့လိုပါတယ်။ ဘယ်လို အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို၊ အခြေအနေကို မီးထိုးပေးမယ့် ဘယ်လိုအပြောအဆိုမျိုးကိုမဆို ဘယ်ဖက်ကမှ မလုပ်အောင် ကျနော်တို့ တားဆီးဖို့လိုပါတယ်။” လို့ ရုရုရှားသံအမတ်ကြီးက ပြောသွားပါတယ်။

မြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း
မြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း

ဒီလုံခြုံရေးကောင်စီအစည်းအဝေးကို မြန်မာအစိုးရကိုယ်စား တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက တုံ့ပြန်ပြောဆိုတဲ့ထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို နားလည်တဲ့အကြောင်း ဦးစား ပေးပြောသွားပါတယ်။ အဲဒီနောက် ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တခြားလူမျိုးစုတွေ ထိခိုက် သေကျေရတာ တွေကို ထောက်ပြသွားပြီး အကြမ်းဖက်ဝါဒကို ပြစ်တင်ရှုတ်ချသွားပြီးတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကျန်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုတာကိုလဲ ကြိုဆိုကြောင်း ပြောသွားသလို -

“မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာမရှိဘူး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမရှိဘူးဆိုတာ ကျနော်အလေးထား ပြောလိုပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာတွေဟာ သိပ်ကိုပြင်းထန်တဲ့ စွဲချက်တွေဖြစ်ပြီး ပေါ့ပေါ့တန်တန် မသုံးစွဲသင့်ပါဘူး။ ရခိုင်ပြည်မှာဖြစ်နေတာကို ဥပဒေနဲ့အညီ အရင်သုံးသပ်တာမျိုး၊ တရားရုံးက ဆန်းစစ်လေ့လာတာမျိုးမလုပ်ဘဲ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး မိမိတို့ရဲ့အမြင်ကို စိတ်ခံစားချက်က လွှမ်းမိုး စေမယ်ဆိုရင် ဒါဟာ ကျနော်တို့ခေတ်ရဲ့ ဝမ်းနည်းဖွယ်မှတ်ချက်စကား ဖြစ်သွားပါမယ်။”

လူ့အခွင့်အရေးချိုးဖောက်မှုအားလုံး၊ အကြမ်းဖက်လုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချကြောင်း၊ စစ်ဆင်ရေးတွေ လုပ်ဆောင်တာမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် ပြဌာန်းချက်တွေနဲ့အညီ အတိအကျ လိုက်နာလုပ်ဆောင်ဖို့ ညွှန်ကြားထား ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထားတာကိုလဲ ဦးသောင်းထွန်းက ထပ်ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်ကို အချိန်မရွေး စတင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်း၊ ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အရင်က ပူးပေါင်းဆောင်ရွက်ဖူးသလို အခုလဲ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဦးသောင်းထွန်းက အလေးထား ပြောသွားသလို ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ဖို့လုပ်နေတာကိုလဲ ပြောသွားပါတယ်။

အဆုံးမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ဦးသောင်းထွန်းက အထူးအလေးထား ပြီး ထောက်ပြ ပြောဆိုသွားပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီနိုင်ငံအတွက် အခုလိုအရေးကြီးတဲ့အချိန်မျိုးမှာ ဒီမိုကရေစီ အခိုင်အမာ အမြစ်တွယ်ပြီး ရခိုင်ပြည်နယ်သာမက မြန်မာတနိုင်ငံလုံးကို ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးအောင် တည်ဆောက်တဲ့နေရာ မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူတကွ ပူးပေါင်းဆောင်လုပ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီနည်းလမ်းသာ လျှင် ရခိုင်ပြည်နယ်က ပြဿနာကို ကျနော်တို့ဖြေရှင်းနိုင်မယ့် တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။”

လာမယ့်တနင်္လာနေ့မှာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကိုယ်တိုင်လေ့လာဖို့ အစိုးရ ကစီစဉ်ထားတာကို ဦးသောင်းထွန်းကပြောသွားသလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တို့ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ဖို့လဲ ဖိတ်ကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Masud Bin Momen ရဲ့ ပြောဆိုချက်တွေထဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂကကြီးကြပ်တဲ့ ဘေးကင်းလုံခြုံရေးဇုံ သတ်မှတ်ပေးဖို့ ထည့်ပြောသွားပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားသူတွေကို ပြန်လည် စိစစ်လက်ခံရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ရဲ့သဘောထားကို ပြောသွားတာမှာတော့

“ဒီကိစ္စအတွက် နိုင်ငံတကာလေ့လာသူတွေရှေ့မှာ ပူးတွဲ စိစစ်တာကို ဘင်္ဂလားဒေ့ရှ်က ပိုပြီး လိုလားပါတယ်။ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ သူတို့ရဲ့မူရင်းနေရာတွေဆီကို ဘေးကင်းစွာ၊ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်သွားရသင့်ပါတယ်။ ကျနော်တို့ဝန်ကြီးချုပ်က ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောခဲ့တာကို ဒီနေရာမှာ ကျနော် ပြန်ပြီး ကိုးကားပြောပြချင်ပါတယ်။ ဒီအကျပ်အတည်းဟာ မြန်မာနိုင်ငံမှာ အကြောင်းရင်းခံပြုတာဖြစ်ပြီး ဖြေရှင်းရမယ့်နည်းလမ်း ကိုလဲ မြန်မာနိုင်ငံမှာပဲ ရှာဖွေရမှာပဲဖြစ်ပါတယ်။”

အစည်းအဝေးအတွင်း ပြောသွားကြတဲ့ သံတမန်တွေအကုန်လုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးပြောဆို သွားကြသလို နောက်ထပ်အကူအညီတွေ လိုအပ်နေတာကိုလဲ ထောက်ပြပြောသွားကြပါတယ်။ သံတမန်အားလုံးနီးပါး ဘုံတူညီ စွာပြောသွားတာကတော့ တိုက်ခိုက်တာတွေကိုရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ အိုးအိမ်စွန့်ထွက်ပြေးသွားသူတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ခွင့်ပြုဖို့ ဆိုတာတွေပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ကိုလဲ တိုက်တွန်းသွားပါတယ်။

လုံခြုံရေးကောင်စီရဲ့ အောက်တိုဘာလ အလှည့်ကျဥက္ကဌက ပြင်သစ်နိုင်ငံဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ အလှည့်ကျ ဥက္ကဌတာဝန်စယူတာနဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ကို ဖိတ်ခေါ် ပြီး ရခိုင်အရေး ထပ်ပြီး ပြောဆိုမယ့်အကြောင်း ပြင်သစ်သံအမတ်ကြီး François Delattreကလဲ ပြောသွားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်၊ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ တွေထဲက အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါလ်နဲ့ ဆွီဒင် စုစုပေါင်း ၇ နိုင်ငံက တောင်းဆိုတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မြန်မာနိုင်ငံအခြေအနေကို အခုလို အစီရင်ခံတင်ပြပြီး ဆွေးနွေးကြတာပါ။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်၊ နယ်ခြားစောင့် ရဲကင်းနဲ့ စစ်တပ်စခန်းတွေကို မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ ARSA ရိုဟင်ဂျာအဖွဲ့က တိုက်ခိုက်ပြီး တဲ့နောက်ပိုင်း တပ်မတော်က စစ်ဆင်ရေးတွေလုပ်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ရာပေါင်းများစွာသောလူတွေ သေဆုံးတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေ ထွက်လာတာ စတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံတကာက ဝေဖန်ပြောဆိုတာ တွေ မြင့်တက်နေချိန်မှာပဲ အခုလို လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG