သုံးရလွယ်ကူစေသည့် Link များ

လုံခြုံရေးကောင်စီအစည်းအဝေး NSA ဦးသောင်းထွန်း တက်ရောက်ရှင်းမည်


အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း

ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေ အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကုလ အတွင်းရေးမှူးချုပ်က ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြတ်ပြတ်သားသား ပြောဆိုပေမယ့် အကြမ်းဖက်မှုတွေကနေ လူပေါင်း သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာတဲ့ ကိစ္စမှာတော့ မြန်မာ အစိုးရဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းမှုကြောင့် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ စိုးရိမ်တဲ့ အကြောင်း ပြောဆိုထားတာပါ။မြန်မာနိုင်ငံဘက်ကတော့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်း တက်ရောက်ပြီး ဒီကိစ္စတွေ အားလုံးဟာ အကြမ်းဖက်ဝါဒစွဲ ဆောင်ရွက်ချက်တွေကြောင့် ဖြစ်လာရတယ်ဆိုတာကို ဦးစားပေးပြီး ပြန်လည် ရှင်းလင်း တင်ပြဖို့ ပြင်ဆင်ထားပါတယ်။ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲ အကြို မြန်မာဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နယူးယောက်မြို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို စပြီး ပြောကြားပါတယ်။

“ကျနော်တို့ National Security Advisor ဦးသောင်းထွန်းသူပြောပါမယ် ကျနော်တို့ မြန်မာနိုင်ငံကိုယ်စားပေါ့နော်။ သူကျနော်တို့ဘက်ကနေ ပြောဖို့ရှိပါတယ်။ အဲဒါလေးပဲ လောလောဆယ်တော့ ပြောလို့ရသေးတယ် ကျန်တာတော့ ကျနော်ကြိုပြီးတော့ ပြောလို့မရပါဘူး။ ကျနော်ပြင်ဆင်ထားတာ ဒီဘက်ကနေပြီးတော့ ပြန်လည်ပြီးတော့ တုံ့ပြန်ဖို့ ပြောကြဖို့ အစီအစဉ်တွေတော့ရှိပါတယ်။

မေး။ ။ ဒီကိစ္စက ဘယ်လောက်အရေးကြီးပါသလဲ ၊ အရေးတယူလုပ်ဖို့ပေါ့နော် ဘယ်လောက်အရေးကြီးပါသလဲ ဘယ်လိုယူဆထားပါသလဲရှင့်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ အရေးကြီးတာကတော့ Security council ကနေဆွေးနွေးတယ်ဆိုတော့ ကျနော်တို့အလေးထားရမှာပေါ့ ဘာပဲပြောပြော ကျနော်တို့ဘက်ကတော့ လိုအပ်တဲ့ ပြန်လည်ပြောဆိုမှု ၊ အခြေအနေမှန်ကို ပြန်လည်တင်ပြမှု လုပ်ဖို့ကတော့ အဆင်သင့်ပါပဲ။ ကျနော်တို့အခု ပြင်လည်းပြင်ဆင်ပါပြီ ခုနပြောသလိုပဲNational Security Advisor ဦးသောင်းထွန်း သူကိုယ်တိုင်က ဒီကနေ့ရှင်းပြဖို့ ရှိပါတယ်။ ကျန်တဲ့အပိုင်းကတော့ ကျနော်တို့ Webcast ကြည့်ပြီးတော့ လုပ်ရင်ရပါတယ်နော် ဒါပထမဦးဆုံးအကြိမ်ပေါ့လေ။

မေး။ ။ အခုရခိုင်ပြည်နယ်မှာ အစုလိုက်အသတ်ခံထားရတဲ့ ဟိန္ဒူဘာသာဝင်တွေကိစ္စပေါ့နော် ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာဘက်က နူတ်ဆိတ်နေတယ်လို့များ သံအမတ်ကြီးတို့ ယူဆပါသလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပြောတာဆိုတာ သိပ်မထွက်လာသလားလို့ပါ။ ဘယ်လိုယူဆပါသလဲရှင့်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ဒါကလည်း ကျနော်တို့ ယူဆမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက တကယ်ဖြစ်ပျက်နေတဲ့ကိစ္စဖြစ်တဲ့အခါကျတော့ ကျနော်တို့ ဒီကိစ္စရဲ့အရင်းအမြစ်က ကျနော်တို့ Terrorism ကြောင့်ဖြစ်တဲ့ဟာပဲလေ။ ဒါအကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ကိစ္စပဲ ၊ ဒီဟာမတိုင်ခင်က အခြေအနေက တော်တော်လေးငြိမ်သက်နေတဲ့အခြေအနေ၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်တဲ့ဒီပြဿနာက လက်ရှိအကုန်လုံးဖြစ်နေတဲ့ ပြဿနာ အရင်းအမြစ်က ဒါကြောင့်ဖြစ်လာတာ၊ ကျနော်တို့ အဲဒါကြောင့် ဒီကိစ္စကို ကျနော်တို့ အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လုပ်ရမယ်၊ ဒါကို ကျနော်တို့ ထုတ်ပြရမှာပဲလေ။ အခုလည်းကျနော်တို့ သံတမန်တွေ ခေါ်ပြပြီးတော့ အဲဒီနေရာတွေကိုခေါ်သွားဖို့ အစီအစဉ်တွေလည်းရှိတယ်။ သို့သော်လည်း ရာသီဥတုအခြေအနေအရ ရက်ကိုရွှေ့ထားတယ်၊ အမုန်ကတော့ ၂၈ ရက်နေ့သွားဖို့လုပ်ထားတယ် ၊ ရန်ကုန်က မိုးက ရာသီဥတုမကောင်းတော့ ရွှေ့တယ်လို့ကြားတယ်၊ သူတို့ကိုယ်တိုင်ရွှေ့တာပါ။ ကိုယ့်ဘက်ကရွှေ့တာမဟုတ်ဘူး အဲဒီတော့ သွားမယ့်လူတွေ အားလုံးကျနော်တို့ အကုန်လုံးစီစဉ်ထားပြီး သူတို့ကိုလည်းပြမယ်၊ နိုင်ငံတကာသိအောင်လည်း ကျနော်တို့ပြောမယ်၊ အဲလိုအခြေအနေရှိပါတယ်၊ ဒီနေ့လည်းကျနော်တို့ ထည့်ပြောပါမယ်။"

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ အရေး သက်ဆိုင်ရာ နိုင်ငံတွေ၊ စိုးရိမ်စိတ်ရှိတဲ့ နိုင်ငံတွေ ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပြီး အမေရိကန် စံတော်ချိန် ဒီကနေ့ ကြာသပတေးနေ့ ညနေ ၃ နာရီ၊ မြန်မာစံတော်ချိန် သောကြာနေ့ မနက် ၁ နာရီခွဲမှာအစီအစဉ်တွေ စတင်ချိန်ကစလို့ ကုလသမဂ္ဂရဲ့ ၀က်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG