သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးမည်


လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ
လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ

နိုင်ငံတကာက အထူးစိုးရိမ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ အခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ဟာ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ကြာသာပတေးနေ့မှာ လူသိရှင်ကြား ရှင်းလင်း တင်ပြတော့မှာဖြစ်ပါတယ်။

အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ် စတဲ့အင်အားကြီးငါးနိုင်ငံအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း ရခိုင်အရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ဒီကနေ့ စည်းဝေးပွဲမှာ အများသိအောင် ထုတ်ဖေါ် ဆွေးနွေးကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre ကလည်း သတင်းထောက်တွေကို ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဒီကနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကနေ မြန်မာ့အရေး လူသိရှင်ကြား အစီရင်ခံတင်ပြမှာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ နယူးရောက် ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stéphane Dujarric ကအခုလိုပြောပါတယ်။

“လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ မနက်ဖြန် နေ့လည် (၃)နာရီမှာကုလသမဂ္ဂအတွင်းရေးမှူးချုပ် အစီရင်ခံတင်ပြဖို့ရှိတယ်ဆိုတာ အတည်ပြုပါတယ်။ ဒါက ပြန်ပြောင်းလိုက်တဲ့ အစီအစဉ်ပါ။ လုံခြုံရေးကောင်စီ ဥက္ကဌဘက်ကလည်း ထပ်ပြီး အတည်ပြုထုတ်ပြန်ဖို့ ရှိပါလိမ့်မယ်”

တဆက်တည်းပဲ သိရီလင်္ကာနိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တိုက်ခိုက်ခံရမှုကို ကုလသမဂ္ဂက စိုးရိမ်မကင်းဖြစ်မိကြောင်း Stéphane Dujarric က အခုလို ပြောပါတယ်။

“နောက်ထပ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ပြောရရင် သိရီလင်္ကာနိုင်ငံမြို့တော် ကိုလံဘို အပြင်ဘက်ရိုဟင်ဂျာ ကလေးတွေနဲ့ အမျိုးသမီးတွေ အများဆုံးရှိနေတဲ့ ဒုက္ခသည်ခိုလှုံရာ စခန်းထဲကို မနေ့က ဝင်ရောက်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို UNHCR အနေနဲ့ တုန်လှုပ်စိုးရိမ်မိပါတယ်။ အဲဒီစခန်းထဲက ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦးကို ဒီနှစ်အစောပိုင်းက သိရီလင်္ကာရေတပ်ကနေ ကယ်ဆယ်ခဲ့တာဖြစ်ပြီး ဒီဒုက္ခသည်တွေကို ကူညီအကာအကွယ်ပေးတဲ့အတွက် သိရီလင်္ကာအစိုးရကို UNHCR က ကျေးဇူးအထူးတင်မိပါတယ်။ အခုလို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒုက္ခသည်တွေခိုလှုံနေတဲ့ စခန်းမှာ ကူညီလုပ်ကိုင်နေတဲ့ UNHCR က ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို စိုးရိမ်မိပါတယ်။ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို စာနာထောက်ထားပြီး အကာအကွယ်ပေးဖို့ သိရီလင်္ကာပြည်သူတွေကိုလည်း UNHCR ကတိုက်တွန်းပါတယ်။”

လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာ့အရေး ရှင်းလင်းတင်ပြဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ပြင်သစ်၊ ဆွီဒင်၊ အမေရိကန် ၊ ဗြိတိန်၊ အီဂျစ်၊ Senegal နှင့် Kazakhstan စတဲ့ နိုင်ငံ ၇ နိုင်ငံက မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲဟာ အလွန်အရေးကြီးကြောင်းနဲ့ ပြင်သစ်အနေနဲ့လည်း ဖိအားပေးဖို့ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre က အင်္ဂါနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောပါတယ်။

“ရိုဟင်ဂျာပြသနာအကျပ်အတည်းကို ဖြေရှင်းဖို့ လုံခြုံရေးကောင်စီဘက်က ခိုင်မာပြီး ညီညွတ်တဲ့ တုန့်ပြန်ဆောင်ရွက်ချက်ထွက်ပေါ်လာဖို့ ပြင်သစ်အနေနဲ့ တွန်းအားပေးသွားမှာဖြစ်ပါတယ်။ ပြင်းထန်ပြီးညီညွတ်တဲ့ တုန့်ပြန်မှုပါ။ ပထမအဆင့်က လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ လူသိရှင်ကြား ရှင်းလင်းတင်ပြဖို့ ပြင်သစ် ဟာ အခြား လုံခြုံရေးကောင်စီအဖွဲ့ဝင် ခြောက်နိုင်ငံနဲ့ အတူ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယအဆင့်က အောက်တိုဘာလမှာ ပြင်သစ်က လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူတဲ့အခါမှာကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကိုဖီအာနန် အလွတ်သဘောတွေ့ဆုံပွဲ အမြန်ဆုံးလုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။”

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေက အင်အားအလွန်အကျွံသုံးပြီးနယ်မြေရှင်းလင်းရေးကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေကို ကျနော်တို့ အလွန်အလွန်စိုးရိမ်ကင်းဖြစ်မိပါတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးအခြေအနေဟာ အလွန်ကို အရေးကြီးနေပါတယ်။ ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၄၂၀,၀၀၀ ကျော်ဟာ သူတို့နိုင်ငံကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အများစုဟာ ကလေးငယ်တွေဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့သတင်းပတ်က ပြင်သစ်သမ္မတ Macronမိန့်ခွန်းပြောကြားတုန်းက အဲဒီမှာဖြစ်နေတဲ့အခြေအနေတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ကြောင်း ပြင်းပြင်းထန်ထန်ပြောသွားပါတယ်။”

အတွင်းရေးမှုးချုပ်ကိုယ်တိုင် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အစီရင်ခံတင်ပြဖို့မတိုင်ခင် ရှေ့ပြေးအဖြစ် အင်္ဂါနေ့က ကုလသမဂ္ဂ နိုင်ငံရေးရာတာဝန်ခံ Jeffrey Feltman ကလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို တခါးပိတ် အစီရင်ခံခဲ့ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ သြဂုတ်လ ၃၀ ရက်နေ့က ပထမအကြိမ်၊ စက်တင်ဘာ ၁၄ ရက်နေ့က ဒုတိယအကြိမ် ဆွေးနွေးခဲ့ပါတယ်။ လာမယ့် တတိယအကြိမ်ဆွေးနွေးပွဲကိုတော့ အောက်တိုဘာလအတွင်းကျင်းပဖို့ရှိတယ်လို့လည်း Mr. Feltman ကတံခါးပိတ်အစီရင်ခံအပြီးမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကနေ လုံခြုံရေးကောင်စီဥက္ကဌကို အိတ်ဖွင့်ပေးစာ ပေးဖို့ရာမှာရခိုင်ပြည်နယ်မှာ လူသားချင်းဆိုင်ရာ ကပ်ဘေး ဒုက္ခကြီး ရှောင်ရှားနိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အခြေအနေ တိုးတက်မှုမရှိရင် လုံခြုံရေးကောင်စီအနေနဲ့ တရားဝင်ကြေညာချက် ထုတ်ပြန်ဖို့ စဉ်းစားနိုင်တဲ့အကြောင်း သံတမန်တွေကပြောပါတယ်။ ဒါပေမယ့် ပို ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုအတွက် တရုတ်နဲ့ ရုရှားတို့က Veto အာဏာသုံး ပယ်ချနိုင်တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအဆိုပြုချက်တရပ်အတည်ပြုနိုင်ဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ထောက်ခံမဲ ၉ မဲ ရရှိဖို့ လိုအပ်ပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ရုရှား၊ အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန်နဲ့ ပြင်သစ် တို့က Veto အာဏာအသုံးမပြုမှ အဲဒီအဆိုပြုချက်ကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG