သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်အကြမ်းဖက် ပျံ့နှံ့နိုင်ချေ အန္တရာယ် ကုလမဟာမင်းကြီးသတိပေး


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi

အကြမ်းဖက် အစွန်းရောက်မှုတွေ ပျံ့နှံ့သွားနိုင်မယ့် အန္တရာယ်ရှိနေတာကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခနဲ့ပတ်သက်လို့ အရင်းခံအကြောင်းတရားတွေကို အမြန်ဆုံးဖြေရှင်းဖို့ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်တန့်အောင် အရင်ဆုံးဆောင်ရွက် ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။ ကုလသမဂ္ဂမဟာမင်းကြီးဟာ သူ့ရဲ့ ပြီးခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှခရီးစဉ် နဲ့ပတ်သက်ပြီး ဆွီဇာလန်နိုင်ငံ Geneva မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားတာပါ။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက ဆက်ပြောပြပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေးလာတယ်ဆိုတဲ့ မွတ်ဆလင်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ သွားရောက်လေ့လာခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က သူ့ရဲ့ခရီးစဉ်အတွင်း တွေ့ကြုံခဲ့တာတွေ၊ အထူးသဖြင့်တော့ ဒုက္ခသည်တွေရဲ့ နေရေးစားရေးအကြပ်အတည်းကြုံနေရတာတွေကို သတင်းစာရှင်းလင်းပွဲမှာ အဓိကထားပြောခဲ့ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စ ဟာ ကြီးမားတဲ့စိန်ခေါ်ချက်တရပ်ဖြစ်နေတယ်လို့ ပြောပါတယ်။ အခု ရောက်လာတဲ့ ဒုက္ခသည် ခန့်မှန်းချေ လေးသိန်းကျော်နဲ့ အရင်ရှိပြီးသား ဒုက္ခသည်တွေ ပေါင်းရင် စုစုပေါင်း ဒုက္ခသည် ၈သိန်းဝန်းကျင်ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒီပြဿနာအားလုံး ဖြေရှင်းဖို့တော့ အရင်ဆုံးအားဖြင့် အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် တည်ငြိမ်မှု ရအောင် လုပ်ဖို့ ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီအကြပ်အတည်းက ဘာကြောင့်လဲဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒီ အကြပ်အတည်းကို အဖြေထုတ်ဖို့က မြန်မာနိုင်ငံအပေါ် တည်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေ ပြောကြသလိုပဲ ကျနော် ထပ်လောင်းပြောလိုတာကတော့ - မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုဖြစ်နေတာတွေ ရပ်အောင်လုပ်ဖို့ အခြေအနေတွေ တည်ငြိမ်လာစေဖို့ အာဏာပိုင်တွေကို အရေးတကြီး တိုက်တွန်း လိုပါတယ်။ ပြီးရင် ဘယ်လိုအဖြေထုတ်ကြမလဲ စတင် စဉ်းစားရပါမယ်။ ”

ပြဿနာတွေကို အချိန်မှီမဖြေရှင်းနိုင်ဘူးဆိုရင်တော့ အကြမ်းဖက်အစွန်းရောက်မှုတွေဟာ ပိုပြီး ပျံ့နှံ့လာမယ့်အခြေအနေမှာ စိုးရိမ်ဖွယ်ရှိတယ်လို့လည်း ကုလသမဂ္ဂမဟာမင်းကြီးက သတိပေးခဲ့ပါတယ်။ အခု အကြမ်းဖက်မှုတွေမဖြစ်ခင်မှာလည်း ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အခြေခံ အကြောင်းတရားတွေမို့ ဒါကို အလေးထား ကိုင်တွယ်ဖြေရှင်းသွားရမယ်လို့ ဆိုပါတယ်။

“ကျနော် ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ကြည့်တော့ အဲဒီမှာ သတိထားမိတဲ့အရာကတော့ အကြမ်းဖက်မှုတွေဖြစ်မလာခင် ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့အခြေအနေနဲ့ အဲဒီဒေသမှာဖြစ်နေတဲ့ဆင်းရဲမွဲတေမှု ရေခံမြေခံ အခြေအနေတွေပါ။ ဒါဟာ ရိုဟင်ဂျာတွေအတွက် တင်မဟုတ်ဘူး ရခိုင်မြောက်ပိုင်းဒေသအတွက်တင်မဟုတ်ဘူး ဒေသခံတခုလုံး အတွက်ပါ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စပါ။ ဒီအခြေအနေကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒေသတခုလုံး အထူးသဖြင့် အကဲစပ်လှတဲ့ ဒီဒေသကို အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားမယ့်အန္တရာယ်ရှိနေပါတယ်။ ”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည်စခန်းတွေရောက်စဉ်မှာတော့ ဒုက္ခသည်တွေ အထူးသဖြင့် ကလေးငယ်တွေကို သူကိုယ်တိုင်တွေ့ဆုံခဲ့ပြီး ဒီဒုက္ခသည်တွေရဲ့ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတာကိုလည်း ကုလသမဂ္ဂမဟာမင်းကြီးက ပြောခဲ့ပါတယ်။ ဒုက္ခသည်တွေကို ဒေသခံတွေက အရင်ဆုံး အကူအညီတွေပေးနေပေ မယ့်၊ အကူအညီတွေ ပိုပြီး လိုအပ်နေတယ်လို့ပြောပါတယ်။ လက်ရှိအားဖြင့်တော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ဝန်ထမ်းတွေ အဲဒီနေရာမှာရှိနေသလို၊ အခြား ကုလသမဂ္ဂအေဂျင်စီတွေ အကူအညီပေးရေး အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေ တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီဖြေရှင်းမှု သာဖြစ်ပြီး၊ ပြဿနာတွေအရင်းအမြစ်ကိုတော့ မြန်မာအစိုးရဖက်က ရေရှည်အားဖြင့် ဖြေရှင်းသွားရမှာဖြစ်တယ်လို့လည်း ကုလသမဂ္ဂမဟာမင်းကြီးက ပြောခဲ့ပါတယ်။

“ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အဆိုပြုချက်တွေဟာ ဒီပြဿနာရဲ့ရင်းမြစ်ကို အခြေခံကျကျ ဖြေရှင်းနိုင်မယ့် လမ်းပြေမြေပုံဖြစ်ပါတယ်။ ပထမအချက်တော့ ရိုဟင်ဂျာတွေ နိုင်ငံမဲ့ဖြစ်နေတာကို ကိုင်တွယ်ဖြေရှင်းရပါတယ်။ ဒုတိယအချက်ကတော့ အဲဒီဒေသက မွတ်ဆလင်ရော ဗုဒဘာသာရော လူမှုအဝိုင်းအဝိုင်းနှစ်ခုလုံးအတွက် ရခိုင်ဒေသဖွံဖြိုးရေးကို အလျင်အမြန်ဆောင်ရွက် ရပါမယ်။”

ရခိုင်မြောက်ပိုင်း မောင်တောဒေသမှာ သြဂုတ်လ ၂၅ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကကို ဒုက္ခသည် လေးသိန်းကျော် မြန်မာနိုင်ငံ ဖက်က ထွက်ပြေးရောက်ရှိလာတယ်လို့ ကုလသမဂ္ဂဖက်က ခန့်မှန်းထားတာပါ။ မြန်မာဖက်ကတော့ ဒီအရေအတွက် အတည်ပြုပြောဆိုတာမရှိပေမယ့် စီစစ်သွားဖို့တော့ရှိပါတယ်။ နိုင်ငံသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံဖက်က ထွက်ပြေးလာသူလို့ စီစစ်အတည်ပြုနိုင်ရင် ပြန်လည်လက်ခံခေါ်ယူဖို့ရှိတယ်လို့ မြန်မာခေါင်းဆောင်တွေက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG