သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်တို့ရဲ့လှေအချို့ ဘင်္ဂလားဒေ့ရ်ှ ဖျက်ဆီး


ဖျက်ဆီးခံရတဲ့ လှေအစီး ၂၀
ဖျက်ဆီးခံရတဲ့ လှေအစီး ၂၀

မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို တင်ဆောင်တဲ့လှေအချို့ကို ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေက ဖျက်ဆီးပစ်ခဲ့ပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေကို အကြောင်းပြုပြီး၊ Methamphetamine စိတ်ကြွဆေးပြားတွေကို ခိုးသယ်နေတယ်လို့ ဘင်္ဂလာဒေ့ရ်ှအာဏာပိုင်တွေက အင်္ဂါညမှာ စွပ်စွဲဖမ်းဆီးပြီး၊ လှေတွေကို ဖျက်ဆီးလိုက်တာဖြစ်သလို၊ ပါလာတဲ့ ဒုက္ခသည်တွေကိုလည်း ရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်။ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဝင်မင်းက ပြောပြပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်တွေက ရိုဟင်ဂျာဒုက္ခသည်တွေဝင်လာတဲ့ စက်လှေအစီးပေါင်း ၂၀ ကို ဖမ်းဆီးခဲ့ပြီး တစစီ ဖျက်ဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေသယ်ဆောင်လာတာကို အသုံးချပြီး Methamphetamine စိတ်ကြွဆေးပြားတွေ အမြောက်အများသယ်ဆောင်လာတာကြောင့်လို့ စွပ်စွဲပြီး အခုလို ဖျက်ဆီးခဲ့တာပါ။ ဒီဖျက်ဆီးဖို့ အမိန့်ပေးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရ်ှ တံငါသည် Robi Alam က

“မနေ့ညတုန်းက ရိုဟင်ဂျာတွေ စက်လှေတွေနဲ့ ရောက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက သူတို့လှေတွေကို ရပ်ခိုင်းလိုက်ပြီး၊ ဒီလှေတွေကို ဖျက်ဆီးပစ်ဖို့ ဘင်္ဂလားဒေ့ရှ် တံငါသည်တွေကို အမိန့်ပေးခဲ့ပါတယ်။”

ဒါ့အပြင် လှေပေါ်ပါလာတဲ့ စက်လှေသမားတွေနဲ့ ရခိုင်ပြည်က မွတ်စလင် ဒုက္ခသည်တွေကိုလည်း ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေကဆိုပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ တောင်ပိုင်းစွန်း ဆာဘရီယာဒရစ်ဒေသကိုရောက်လာတဲ့ မောင်တောမြို့ရွာတရွာက ဒုက္ခသည် Ibrahim Holil ကလည်း

“ကျွန်တော် မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို စက်လှေနဲ့ ရောက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက ကျွန်တော့ကို ဖမ်းလိုက်ပြီး စရိုက်ပါတော့တယ်။ ဒုတ်နဲ့ (၃) ကြိမ်တောင် ရိုက်တာပါ။ နောက် ဒီတပ်သားတွေက လှေကို အပေါက် ဖောက်ပစ်လိုက်ပါတယ်။”

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဒုဗိုလ်မှူးကြီး အာရီဖိုအစ္စလာမ်ကတော့ အခုလို ရိုက်နှက်ခဲ့တယ်ဆိုတာကို ငြင်းဆိုလိုက်ပြီး ဒီဖမ်းဆီးမူက လူကုန်ကူးမူနဲ့ ရာမလို့ခေါ်တဲ့ Methamphetamine စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးတွေသယ်ဆောင်မှုကြောင့်လို့ ဆိုလိုက်ပါတယ်။

ဒုဗိုလ်မှူးကြီး အာရီဖိုအစ္စလာမ်က ဆက်ပြီး ဒီစက်လှေခရီးတွေ စီစဉ်သူတွေအနေနဲ့ ရိုဟင်ဂျာတွေအတင်းထွက်ပြေးနေရတဲ့အခြေအနေကို ကောင်းကောင်းအသုံးချပြီး ဘင်္ဂလားဒေ့ရှ်ကို လှေခလည်းယူကာ အခုလိုလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

တချို့ ဒီစက်လှေစီး ဒုက္ခသည်တွေအနေနဲ့ လှေတခေါက်အတွက် အမေရိကန်ဒေါ်လာ ၁၂၃ ဒေါ်လာတန်ဖိုးရှိတဲ့ ဘင်္ဂလားဒေ့ရှ် ငွေ Taka ၁ သောင်းပေးခဲ့ရတယ်လို့ တချို့ဆိုပါတယ်။ တချို့ကတော့ အလကားလိုက်လို့ရတယ်လို့ ဆိုနေပါတယ်။

ကုလသမဂ္ဂ ကတော့ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ သန်းတဝက်နီးပါးရောက်ခဲ့တာက သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုအပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေကို မြန်မာတပ်သားတွေက လုပ်ခဲ့လို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မှာရောက်လာတဲ့ မောင်တောမြိုု့ရွာသား အသက် ၆၅ နှစ်အရွယ် Farous Ahmad ကလည်း သူတို့အဖမ်းခံရပုံကို အခုလိုဆက်ပြောပါတယ်။

“မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ကျွန်တော်တို့ စက်လှေနဲ့ ရောက်တော့ သားနှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးလိုက်ပါတယ်။ နောက် သူတို့က ကျွန်တော့ကိုလဲ တကိုယ်လုံး ရိုက်ပါတယ်။ အခုကျွန်တော့သားတွေ ဘယ်ရောက်နေလဲ မသိပါဘူးဗျာ။”

တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံမဲ့ရိုဟင်ဂျာတွေ ဝင်လာတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဒေသခံတွေက မကျေမနပ်ဖြစ်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်ကလည်း Methamphetamine စိတ်ကြွဆေးပြားပိုဝင်လာတာကို ချိတ်ဆက်ပြောဆိုနေပြီး ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အကြား ဒီမူးယစ်ဆေးပြားပေါင်း ၂၉.၄ သန်းအထိ တိုးဝင်လာခဲ့တယ် အခုလိုဖြစ်ရတာက မူးယစ်ဂိုဏ်းတွေအနေနဲ့ ဒီအထောက်အထားမဲ့သူတွေကို စုံစမ်းရခက်တာကို အသုံးချပြီး သူတို့ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG