သုံးရလွယ်ကူစေသည့် Link များ

ရခိုင်မြောက်ပိုင်း မွတ်ဆလင်ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်မှု ရှိဆဲ


Bangladesh ဘက်ကိုရောက်လာတဲ့ ဒုက္ခသည်များ

အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ကျေးရွာသားအချို့ဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ခွာသွားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။ ဒီကျေးရွာသားတွေမထွက်ခွာကြဖို့ တာဝန်ရှိသူတွေဖက်က ဖျောင်းဖျရှင်းလင်းခဲ့ပေမယ့်၊ ဒီရက်ပိုင်းအတွင်းမှာတင် ခန့်မှန်းချေ နှစ်သောင်းလောက် တဖက်နိုင်ငံကို သူတို့ဆန္ဒနဲ့သူတို့ ထွက်ခွာသွားကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မမေခက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မွတ်ဆလင်ကျေးရွာသားအချို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ထဲကနေ့ အခု အောက်တိုဘာလအစအထိ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို ဆက်လက် ထွက်ခွာနေဆဲ ဖြစ်ပါတယ်။ ဒီလိုထွက်ခွာသွားတဲ့ လူတွေကို အာဏာပိုင်တွေ ဘက်က လူ့အခွင့်အရေးကော်မရှင်၊ ကမ္ဘာ့ကြက်ခြေနီ စတဲ့ အသင်းအဖွဲ့တွေ နဲ့ သွားရောက်တွေ့ဆုံကာ မသွားဖို့ ဖျောင်းဖျမှုတွေ လုပ်ပေမယ့် ဆက်လက်ထွက်ခွာ သွားနေဆဲရှိနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦး တင်မောင်ဆွေက ပြောပါတယ်။

“ကျနော်သိသလောက်ဆိုရင်တော့ ၂ သောင်းကျော်ကျော်လောက်တော့ ထွက်သွားပြီ။ ကျနော်တို့ဘက်ကတော့ သွားတွေ့တဲ့အခါမှာ ကျနော်တို့တင်မဟုတ်ဘူး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေ နောက်ပြီးတော့ မွတ်စလင်ရပ်မိရပ်ဖတွေလည်းပါမယ်။ နောက် ဗလီဆရာတွေလည်းပါမယ်။ လူ့အခွင့်အရေးကော်မရှင်ကအဖွဲ့တွေလည်းပါမယ်၊ အဖွဲ့မျိုးစုံပေါ့နော် ခရိုင်မြို့နယ် အဲဒီကအဖွဲ့တွေလည်းပါတယ်။ သူတို့ဘာဖြစ်လို့သွားသလဲဆိုတာကို ကျနော်တို့ သွားမေးတယ် ပထမ။ လိုအပ်တာတွေရော အကုန်လုံးဒီမှာ ဖြည့်ဆည်းဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ဘာလိုအပ်လဲ။ သူတို့ကတော့ ဘာမှမလိုအပ်ဘူး။ ဟိုဘက်ကနေပြီးတော့ ဖုန်းဆက်ပြီးတော့ ခေါ်တဲ့အတွက် သွားရမယ်၊ နောက်တခုကတော့ အကြောင်းကြားတာကတော့ ရိက္ခာနည်းတယ်ပေါ့လေ ဒါတွေကိုလည်း အကြောင်းပြတာ တခုရှိပါတယ်။ ဟိုဘက်ကလည်း ပင်လယ်ကမ်းခြေကနေ စက်လှေတွေလွတ်ပေးတာဖြစ်တဲ့အတွက် သူ့တို့ဘက်ကတော့ အကုန်လုံးဒါတွေ မဖြစ်မနေ သွားကြမှာပါပဲ။ သွားတဲ့အခါကျတော့လည်း တချို့တွေလည်း ဖုန်းဆက်ပြီးတော့ ပြောတယ် ကျနော်တို့သွားပါပြီလို့ ၊ အတင်းအဓမ္မ လည်း ကျနော်တို့ လုပ်တာမဟုတ်ဘူး။ ဒါက သူတို့ဆွေမျိုးတွေဆီကိုပဲ ပြန်သွားတဲ့ သဘောပါ။”

ဒီလို ထွက်ခွာတာမှာ အကြမ်းဖက်ပဋိပက္ခတွေကြုံခဲ့တဲ့ မောင်တောဒေသအပြင်၊ အကြမ်းဖက်ခံရခြင်းမရှိတဲ့ ဘူးသီးတောင်နဲ့ မြောင်ဦး ဘက်က အစ္စလမ်ဘာသာဝင်တွေပါ ထွက်သွားမှုတွေရှိတယ်လို့ ဦးတင်မောင်ဆွေက ပြောပါ တယ်။ အာဏာပိုင်တွေဘက်က အတင်းအကြပ်သွားရောက်ဖို့ တိုက်တွန်းတာမရှိသလို တားမြစ်ခြင်းလည်းမရှိဘူးလို့ ပြောဆိုပါတယ်။ တပ်မတော်ဘက်ကလည်း ကျန်းမာရေး အတွက်စောင့် ရှောက်မှုတွေပါ လုပ်ပေးနေသလို အရေးပေါ် သားဖွားလာမှုတွေအတွက်ပါ လုပ်ဆောင်ပေးနေရ တယ်လို့ လည်းပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ကျေးရွာ သားတွေဟာ မြန်မာအာဏာပိုင် တွေရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြတယ်လို့ အစဉ်တစိုက် ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ၊ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်တပ်ကို လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှာပဲ လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး စစ်ဆင်ရေးလုပ်ငန်းအားလုံးကို စက်တင်ဘာ (၅) ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် ဘာကြောင့် အခုလို ဆက်လက်ထွက်ပြေးနေတာကို နားမလည်နိုင်ကြောင်း စက်တင်ဘာ (၁၉) ရက်နေ့က သံတမန်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီလိုထွက်ခွာနေတာနဲ့ပတ်သတ်လို့ ဦးတင်မောင်ဆွေကတော့ နောက်ကွယ်ကနေ ကြိုးကိုင်မှုတွေရှိနိုင်တယ်လို့ အခုလို သုံးသပ်လိုက်ပါတယ်။

“သူတို့တွေက ဘာသာတရားက အုပ်ချုပ်တာဖြစ်တဲ့အတွက် သူတို့က အမိန့်အတိုင်းပဲလုပ်တယ်၊ အထက်ကနေပြီးတော့ ဒီအတိုင်းအမိန့်ပေးရင် ဒီအတိုင်းပဲလုပ်တယ်။ ဟိုဘက်ကနေပြီးတော့ အကုန်ပြန်လာခဲ့ဆိုရင် အကုန်ပြန်လာတာပဲ အေးအေးဆေးဆေးပဲ ။ ဘာမှ ကျတော်တို့ ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ မရဘူးလေ။ သူတို့နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အဖွဲ့တွေကိုပဲ မူတည်တယ်။ အဖွဲ့တွေကပဲ ဘယ်လို Plan ရှိသလဲတော့ မရှိဘူး။”

ဒီလို ထွက်ခွာနေတာတွေကြောင့် လက်ရှိမှာ ကျန်ရှိနေတဲ့ မွတ်ဆလင်လူဦးရေစာရင်းတွေကို ပြန်လည် ကောက်ယူမှုတွေ လုပ်နေတာတွေလည်းရှိပေမယ့်လည်း လုံခြုံရေးအခက်အခဲတွေကြောင့် ကောက်ယူမှုမှာ ကြန့်ကြာ နေရပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ဒေသတွင်းမှာ ARSA အကြမ်းဖက်အဖွဲ့ တွေ ဘက်က ထပ်ပြီးအကြမ်းဖက်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ပျံနှံပေါ်ထွက်နေပါတယ်။ ဒီအတွက်ဒေသခံပြည်သူတွေ မှာ ဒီသတင်းနဲ့ပတ်သတ်လို့ ပိုပြီးစိုးရိမ်မကင်း ဖြစ်လာနေရတာတွေရှိပါတယ်။

သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာတော့ ဦးတင်မောင်ဆွေက တိုက်ခိုက်မှုသတင်းတွေထွက်ပေါ် နေတာတွေ မှန်မမှန်ဆိုတာထက် သူတို့ဖက်ကတော့လုံခြုံရေးကိုသာ အဓိက ထားဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။

နယ်ခြားစောင့် အဖွဲ့က ဒုရဲမှုးကြီး ဗညားဦးကလည်း လုံခြုံရေးပိုင်းကို အထူးဂရုပြုထားဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။

“မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကျနော်တို့တွေ တာဝန်ရှိသည့်လူတွေအဆင့်ဆင့်နဲ့ စိစစ်သုံးသပ် ပြီးတော့ အကဲဖြတ်မှာပေါ့နော်။ လုံခြုံရေးကတော့ ကျနော်တို့ Alert လုပ်ထား တာပေါ့နော် တိုးလည်းတိုးမြင့်ထားပါတယ်။”

ရခိုင်မြောက်ပိုင်င်းမှာ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း ဘင်္ဂလာဒေ့်ရှ်နိုင်ငံဖက်ကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ငါးသိန်းကျော်သွားပြီလို့ ကုလသမဂ္ဂကတော့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မြန်မာဖက်ကတော့ ဒီအရေအတွက်ကို မြန်မာဖက်က ဟုတ် မဟုတ် အတည်မပြုသေးပါဘူး။ ဒါပေမယ့် ဒီ ဒုက္ခသည်တွေကို စီစစ်ပြီး၊ နိုင်ငံသား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြန်မာဖက်က ကျေးရွာသားတွေဖြစ်တယ်ဆိုရင် လက်ခံပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက ပြောထားပါတယ်။

XS
SM
MD
LG