သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဖြေရှင်းရာမှာ ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရရေး ကုလဖိအားပေး


ဒုက္ခသည်များ
ဒုက္ခသည်များ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်း ပြန်နိုင်ရေး အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခသည်ပေါင်း ၅ သိန်းလောက် ထွက်ပြေးရောက်ရှိနေတယ်လို့ဆိုတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာအစိုးရကြား ဆွေးနွေးနေချိန်မှာပဲ ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ အေဂျင်စီတွေက ဒီကနေ့ပဲ သတိပေးလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ AP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့အကြောင်း လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေး ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dahka မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ သတိပေးလိုက်တာပါ။

“လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ မူလအရပ်ကို ပြန်ခွင့်ရရေး ထည့်သွင်းဖို့လိုပါတယ်။ ဒါပေမဲ့လည်း ဘေးကင်းလုံခြုံပြီးူ၊ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် စိတ်ချလက်ချ ပြန်နိုင်မယ့်၊ ကိုယ့်ဘဝကို ရပ်တည်နိုင်မယ့် အတင်းအကျပ် မောင်းထုတ်ခံရတာမျိုး မရှိတဲ့ အခြေအနေမျိုး ဖြစ်ဖို့လည်းလိုပါတယ်။”

Dahka မြို့တော်မှာ အင်္ဂါနေ့က အဆုံးသတ်ခဲ့တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေရဲ့ တွေ့ဆုံမှု အတွင်းမှာတော့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အသင့်ရှိကြောင်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူပေါင်းဟာ ၅ သိန်းလောက် ရှိနေပြီလို့ ခန့်မှန်းထားပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားရာ ရခိုင်ပြည်နယ်အတွင်း အကူအညီတွေကို လွတ်လွတ်လပ်လပ် ပေးအပ်ခွင့်ရဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။

"ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးခွင့်ပြုတာကို မြင်ချင်ပါတယ်။ ကုလသမဂ္ဂက ဒီကစ္စမှာ ကူညီနိုင်ပါတယ်။ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အားလုံး အကောင်အထည်ဖော်တာကိုလည်း တွေ့မြင်ချင်ပါတယ်။ ပြဿနာရဲ့ ဇစ်မြစ်ကိုဖော်ထုတ်ပြီး အဖြေရှာနိုင်မယ်ဆိုရင် ရေရှည်မှာ နောက်ထပ်ပြဿနတွေဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။"

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာသူ ရိုဟင်ဂျာတွေထဲမှာတော့ ကလေးငယ်တွေက ထက်ဝက်လောက် ပါဝင်နေကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဒက္ကားမြို့တော်က သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဒုက္ခသည် ကလေးငယ်တွေ ကြုံနေရတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF အကြီးအကဲ Anthony Lake ကပြောဆိုခဲ့တာပါ။

“တွေ့ရမြင်ရတဲ့ ပုံတွေမှာဆိုရင်လည်း ထိတ်လန့်ချောက်ချားစရာတွေပါ၊ ကလေးငယ်တွေ မမြင်မတွေ့ဝံ့စရာတွေနဲ့ ကြုံခဲ့ရတာပါ။ နမူနာ ၂ ခုကို ပြမယ်ဆိုရင် တခုက မနေ့တုန်းက ကျနော်နဲ့တွေ့တဲ့ ကလေးမလေးတယောက်က ဆွဲထားတဲ့ပုံပါ၊ ပုံထဲမှာတော့ ရဟတ်ယာဉ်နဲ့လာပြီး အိမ်တွေကို ပစ်ခတ်နေတဲ့ပုံတွေပါ။”

ဒုက္ခသည်အရေးကို ဖြေရှင်းဖို့ အရှိန်မြှင့် ကြိုးပမ်းရာမှာထိတ်လန့်စရာ အဖြစ်ဆိုးတွေမြင်တွေ့ခဲ့တဲ့ ကလေးတွေအတွက် ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြခဲ့တာပါ။

လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock ကတော့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီအဖြစ် ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၄၃၀ လိုအပ်နေကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG