သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလား ဒုက္ခသည်ပြဿနာ ဖြေရှင်းရေးဆွေးနွေး


 နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူနှင့်ဆွေးနွေး ( Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူနှင့်ဆွေးနွေး ( Myanmar State Counsellor Office)

ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက စိစစ်လက်ခံမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီကနေ့ အဆုံးသတ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း၊ ဆွေးနွေးခဲ့တဲ့ အစီအစဉ် အပေါ်မှာတော့ ဒေသခံ ရခိုင်တိုင်းရင်းသား လွှတ်တော်အမတ်တွေနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ တချို့ကတော့ စိုးရိမ်မကင်းတဲ့ သဘောထားတွေ ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းပဋိပက္ခတွေကြောင့် ခန့်မှန်းချေ လူပေါင်း ၅ သိန်းလောက် ထွက်ပြေးသွားတယ်လို့ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဒုက္ခသည်ပြဿနာ၊ လုံခြုံရေးပြဿနာတွေကို ၂ နိုင်ငံ အဆင့်မြင့် သံတမန်တွေ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံဘက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို အောက်တိုဘာလ ၁ရက်နေ့ကနေ အောက်တိုဘာလ ၃ရက်နေ့အထိ ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့အပြင် ဝန်ကြီးခုျပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့တွေ့ဆုံမှုအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၉ ရက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကအတိုင်း မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို စိစစ်ရေး ပြန်လည်ပို့ဆောင်ပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အသင့်ရှိကြောင်း ထပ်မံပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက သဘောတူညီချက်အရ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတယ်လို့ဆိုတဲ့ ခန့်မှန်းချေ လူပေါင်း ၅ သိန်းလောက် ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိမရှိ သိရှိနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဦးဇော်ဌေး က သတင်းထုတ်ပြန်ချက်ကို ကိုးကားဖို့ ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပါတယ် ခင်ဗျ။ သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ဒီ့ထက်ပိုပြီး ကျန်တာတော့ ကျနော်တို့ ဘာမှ ပြောခွင့်မရှိပါဘူးခင်ဗျ။”

နှစ်နိုင်ငံတွေ့ဆုံမှုတွေထဲမှာ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်တွေအတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်ကို မိသားစုတွေ တော်တော်များများ ပြန်လည်ပို့ဆောင်ပေးခဲ့သလို နှစ်ဖက်သဘောတူညီချက်တွေ အတိုင်း ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေကို ပြန်လည်ပို့ဆောင်နိုင်ဖို့က ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အသိအမှတ်ပြု တရားဝင်စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်တယ်ဆိုတာကိုလည်း အတိုင်ပင်ခံဝန်ကြီးက ရှင်းလင်းပြောကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို ၂ နိုင်ငံ အစိုးရ တာဝန်ရှိသူတွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။

“ကျမတို့ကတော့ ၁၉၉၃ အရပေါ့နော် သူတို့ကိုလက်ခံမယ်ဆိုပြီး အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပြောထားပါတယ်။ အဲဒီအတွက်ကြောင့် ဒီနိုင်ငံကထွက်တဲ့ အထောက်အထားပြနိုင်တဲ့လူကိုတော့ လက်ခံစေချင်ပါတယ်။ ကျမတို့အနေနဲ့လည်း ဒါကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အထူးသဖြင့်တော့ ရခိုင်ဒေသအတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ကျမတို့ပြန်လည် တည်ဆောက်ရေး အတွက် ဖွဲ့စည်းထားတဲ့ကော်မတီတွေ နောက်တခါ ကျမတို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေ နဲ့ ညှိနှိုင်းပြီးတော့ ဒါတွေကိုလုပ်သင့်ပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်ရှင့်။”

၂ နိုင်ငံ တာဝန်ရှိသူတွေရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားခဲ့ရတဲ့ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ကို နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူအဖြစ် ခံယူကြောင်းနဲ့ အကြမ်းဖက်မှုတွေ အပေါ် လုံးဝလက်မခံကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ မောင်တောခရိုင်ရဲမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်စောကတော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ အန္တရာယ်ကို အာရုံစိုက်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

“အခုနယ်ခြားစောင့်တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုပေါ့လေ လုပ်သက် အနည်းဆုံး ၅ နှစ်ရှိတဲ့ တပ်ဖွဲ့ဝင်တွေကိုပဲ တာဝန်ပေးသင့်တယ်ပေါ့။ နောက်ပြီးတော့ နောက်တခါ ထပ်ပြီးပြောမယ်ဆိုရင်တော့ အထက်အရာရှိအပိုင်းကိုရော အခြားအဆင့်အပိုင်းတွေကိုရော တဖက်ကလူတွေလည်း ခိုးဝင်လို့မရအောင် ၊ ခိုးထွက်လို့မရအောင် ကျူးကျော်မှုမဖြစ်အောင် အဲဒါမျိုးလေးတွေ ထိန်းသိမ်းနိုင်တဲ့သဘောမျိုး ဒါကတော့ ၂ ဖက်ပေါ့ ၊ တဖက်နဲ့ တဖက် အဲလိုမျိုး ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်တာတွေ ကြိုဆိုပါတယ်။”

အခုဆိုရင် နှစ်နိုင်ငံ နယ်စပ်မျဉ်းကြား စည်းရိုးမခိုင်မာမှုကြောင့် အတားအဆီးမဲ့ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်နေတဲ့အနေအထားအပေါ်နှစ်နိုင်ငံအစိုးရတွေကြား စနစ်ကျတဲ့ လုံခြုံရေးအစီအမံတွေ ထားသင့်တယ်လို့လည်း ရခိုင်အမတ်ဒေါ်ခင်စောဝေက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ခြံစည်းရိုးတွေက လုံး၀ ထိထိရောက်ရောက်နဲ့ ကာကွယ်နိုင်တဲ့ အဆင့်မရှိပါဘူး။ အခုလည်း ဒီဖြစ်စဉ်မှာလည်း ဘင်္ဂလားဒေ့ရှ်ကို ဒီဘက်ကပဲ ကူးနေတာတွေကို တော်တော်များများတွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ခိုင်မာတဲ့ ခြံစည်းရိုးတခုလိုအပ်ပါတယ်။ အဲလိုဖြစ်မှပဲ ကျမတို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆက်ဆံရေးဟာလည်း ပိုမိုကောင်းသွားပါလိမ့်မယ်။”

မြန်မာနိုင်ငံဘက်က မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ နယ်စပ်လုံခြုံရးဆိုင်ရာ ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေ၊ နောက် နှစ်ဘက်သဘောတူထားတဲ့ သတ်မှတ်ချက်တွေအတိုင်း မြန်မာနိုင်ငံဘက်ကို ပြန်လည် ဝင်ရောက်လိုတဲ့ ဒုက္ခသည်တွေ စိစစ်လက်ခံရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက်ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ နေပြည်တော်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှိပြည်ထဲရေးဝန်ကြီးကို လာရောက်ဖို့ကိုလည်း မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဖိတ်ကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG