သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဒုက္ခသည်များစီစစ်လက်ခံရေး နှစ်နိုင်ငံပူးတွဲကော်မတီ ဖွဲ့မည်


ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ကြီးကြပ်ဖို့အတွက် ၂ နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြောပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစလို့ ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၅ သိန်းလောက် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက ပြောထားတာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဘယ်လို သဘောတူညီချက်တွေ ရယူခဲ့သလဲဆိုတာနဲ့ ပတ်သတ်လို့ AP နဲ့ Reuters သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က ကမ်းလှမ်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောတာပါ။

"ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာဘက်က အဆိုပြုထားပါတယ်။ အဲဒီလိုပြန်လည် ပို့ဆောင်တဲ့ လုပ်ငန်းစဉ်ကို စောင့်ကြည့် ကြီးကြပ်ဖို့ ၂ ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ လုပ်ငန်းအဖွဲ့ ဖွဲ့ဘို့လည်း သဘောတူခဲ့ကြပါတယ်။ ဒီအဖွဲ့အနေနဲ့ အသေးစိတ် ဘယ်လို စီစဉ်ဆောင်ရွက်သွားမလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်ဘက်ကရော မြန်မာဘက်ကပါ အဖြေရှာသွားမှာပါ။"

သြဂုတ်လ ၂၅ ရက်နေ့က အာဆာ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က လုံခြုံရေး ရဲကင်းစခန်းတွေကို ဝင်ရောက်စီးနင်းအပြီး စစ်တပ်က နယ်မြေရှင်းလင်းမှုတွေလုပ်တာမှာ သိန်းနဲ့ချီတဲ့ ဒေသတွင်းက မူစလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြပါတယ်။ ကုလသမဂ္ဂကတော့ အခုလို ထွက်ပြေးသွားတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၅ သိန်းလောက်ရှိတယ်လို့ ပြောဆိုထားပေမယ့် မြန်မာဘက်ကတော့ ဒီအရေအတွက်ကို လက်မခံပါဘူး။ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ လူ့အခွင့်အရေးချိုးဖေါက်ပြီး ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံဘက်ခြမ်းမှာ မနေလိုတော့ပဲ ထွက်ပြေးလာတာလို့ ဒုက္ခသည်တွေက ပြောဆိုကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြတာပါ။ ဒါပေမယ့်လည်းမြန်မာအာဏာပိုင်တွေက လုံခြုံရေးတာဝန်ယူပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမှာဖြစ်ပေမယ့် မကြာသေးခင် ရက်ပိုင်းအတွင်းမှာတင် အကြောင်း အမျိုးမျိုးကြောင့် ရခိုင်ဒေသက မူစလင်တွေဟာ နေရပ်စွန့်ခွါထွက်သွားနေကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ပြောထားပါတယ်။ ဒီ ဒုက္ခသည်အရေးနဲ့ ပါတ်သတ်ပြီး ၂ ဖက်ကိုယ်စားလှယ်အဖွဲ့တွေကြား ဆွေးနွေးရာမှာ ရလာဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali က ပြောပါတယ်။

"နယ်စပ်ရေးရာနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တကယ့်ကို အကျိုးရှိရှိ ဆွေးနွေးနိုင်ခဲ့ပြီး အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး လုံး၀ လက်သင့်မခံတဲ့မူဝါဒနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးလည်း အခုဒီမှာ ရှိနေပြီး မကြာခင်သူ မြန်မာနိုင်ငံကို ပြန်မှာပါ။ ကျနော်တို့ ၂ နိုင်ငံလုံးအနေနဲ့ အခုပြဿနာနဲ့ ပတ်သတ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုပြီး စကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်က အဲဒီလိုပြောထားတဲ့အပေါ်လည်း သဘောတူခဲ့ကြပါတယ်။"

၁၉၇၀ ခုနှစ်လွန်ကာလ၊ ၁၉၉၀ ခုနှစ်အစောပိုင်းကာလနဲ့ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလက မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကင်းစခန်းတွေ တိုက်ခိုက်ခံရအပြီးနောက်ပိုင်း ဒေသတွင်း မူစလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလေ့ရှိပါတယ်။ အခုလို ထွက်ပြေးသွားကြသူတွေကို မြန်မာအစိုးရဘက်က ပြန်ပြီးလက်သင့်ခံခဲ့ပေမယ့် အခြေခံကျတဲ့ ပြဿနာမျိုးဖြစ်တဲ့ ဥပဒေနဲ့အညီ စိစစ်ပြီး နိုင်ငံသားအဖြစ် လက်ခံတဲ့အပိုင်းမှာ အားနည်းချက်တွေရှိတာကြောင့် အခုလိုမျိုး ပြဿနာတွေ မကြာခဏဖြစ်ပွါးနေတာလို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG