သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်ဖြတ်ခံရတဲ့ ဟိန္ဒူဒေသခံများ အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ


အသတ်ခံခဲ့ရတဲ့ ဟိန္ဒိူတွေရဲ့ ကျန်ရစ်သူမိသားစု၊ သတင်းဓာတ်ပုံ - ကိုမိုးဇော် (ဗွီအိုအေ မြန်မာပိုင်း)
အသတ်ခံခဲ့ရတဲ့ ဟိန္ဒိူတွေရဲ့ ကျန်ရစ်သူမိသားစု၊ သတင်းဓာတ်ပုံ - ကိုမိုးဇော် (ဗွီအိုအေ မြန်မာပိုင်း)

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သတ်ဖြတ်ခံခဲ့ရသူတွေဟိန္ဒူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် တရားမျှတမှု ရစေဖို့ ပျောက်ဆုံးနေဆဲသူတွေကို ရှာဖွေပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ်က တောင်းဆိုလိုက်ပါတယ်။ သေဆုံးခဲ့ရသူ ဟိန္ဒူတွေအပါအဝင် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်းအခမ်းနားနဲ့ ဟိန္ဒူဓလေ့ထုံးတမ်းနဲ့အညီ ဆုတောင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ်က ဦးဆောင်ပြီး ဒီကနေ့ကျင်းပခဲ့ပါတယ်။ မဆုမွန် က အပြည့်အစုံ တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့ အောက်မေ့ဖွယ်အခမ်းအနားနဲ့ သေဆုံးသူတွေအတွက် ဟိန္ဒူဓလေ့ထုံးတမ်းနဲ့အညီ ဆုတောင်းပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ် သနန္တနဓမ္မပါလအဖွဲ့ချုပ်က ဦးဆောင်ပြီး ဒီကနေ့ အောက်တိုဘာလ ၁ရက်နေ့မှာ ဟိန္ဒူဘုရားကျောင်း မှာ ကျင်းပခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးခဲ့ရသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ်အခမ်းအနား ဟိန္ဒူဓလေ့ထုံးတမ်းအရ ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ဒီနှစ်အတွက် ဒီပါဝလီပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ မကျင်းပတော့ပဲနဲ့ မိမိတို့တဦးချင်းအနေနဲ့ပဲ ဓလေ့ထုံးတမ်းအရဆောင်ရွက်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ် ဆုံးဖြတ်ခဲ့ကြတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးမောင်ရွှေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

ကျနော်တို့က သူတို့တွေ ကောင်းရာဒေသရောက်အောင်ပေါ့လေ သူတို့ရဲ့မိသားစုတွေအတွက် ဆုတောင်းမေတ္တာပို့ပေးတာပေါ့လေ။ နောက်ပြီးတော့ ကျနော်တို့ ဒီနှစ်ကို မြန်မာပြည်တပြည်လုံးမှာ ဒီပါဝလီပွဲတော်ကို ခမ်းခမ်းနားနားမလုပ်ဖို့ အားလုံးကို မလုပ်ရဘူးပေါ့။ ဆုံးဖြတ်ထားတယ် ဒီလိုအသတ်ခံရသူတွေအတွက် ဝမ်းနည်းတဲ့အနေနဲ့ပေါ့လေ ဟို အိမ်မှာ ဘုရားရှိခိုးတာတို့ ဝတ်ပြုတာတို့ဘာတို့တော့ လုပ်ပေါ့။ ပွဲတော်ကို မလုပ်ဖူးဆိုတာ ဆုံးဖြတ်ထားတယ်။ အားလုံးကို ကျနော်တို့ နိုးဆော်တာပေါ့လေ။ သူတို့အတွက် နိုင်ငံတကာက ကူညီဖို့လိုတယ်။ ဒီဟိန္ဒူတွေအတွက်။ နောက် ဒီလိုလုပ်တဲ့သူတွေကို ရှုတ်ချတယ် ဒါတွေဟာ မလုပ်သင့်ဘူး။ ဒါတွေကို မဖြစ်အောင် ဝိုင်းဝန်းကူညီပေးဖို့တောင်းဆိုထားတယ်။

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူကျေးရွာတွေကနေ ပျောက်ဆုံးနေဆဲဟိန္ဒူတွေနဲ့ အသက်ဆုံးခဲ့ရသူ ဟိန္ဒူတွေအတွက် တရားမျှတမှုရစေဖို့အတွက်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်တဲ့အစိုးရတာဝန်ရှိသူတွေကို ဟိန္ဒူအဖွဲ့တွေဘက်က တောင်းဆိုထားတယ်လို့လည်း ဦးမောင်ရွှေကပြောပါတယ်။

“ကျနော်တို့ရဲ့ စာရင်းအရ ၉၅ယောက်ကတော့ အခုထိ ပျောက်နေတုန်းပဲ။ ဒီအထဲမှာ ၄၅လောင်းကတော့ တွေ့တယ်။ ရှာတော့ လိုက်ရှာနေကြတယ်။ နိုင်ငံတော်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော လူကြီးတွေဆီလည်း စာတင်ပြီးပါပြီ။ နောက် ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက် ကူညီဖို့။ အဘက်ဘက်က သူတို့အတွက် တတ်နိုင်သလောက် ပြန်လည်နေရာချထားရေး ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိတယ်။

မဆုမွန်။ နောက် ပျောက်ဆုံးနေဆဲသူတွေအတွက်ရော အန်ကယ်လ်။

အဲ့တာတော့ ရှာတုန်းပဲ။ ရှာတုန်းပါပဲ တချို့ ဘာသာပြောင်းပြီးတော့ ဘာသာပြောင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက် ခေါ်သွားတာတွေလည်း အများကြီးပဲ။

ကျန်ရစ်သူဟိန္ဒူမိသားစုတွေ အထူးသဖြင့် ခိုကိုးရာမဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်လေးတွေအတွက် ဟိန္ဒူဘာသာရေး အဖွဲ့တွေဘက်က လိုအပ်တဲ့ နေထိုင်စားသောက်ရေးနဲ့ ပညာရေးထောက်ပံ့မှုတွေ ကူညီစောင့်ရှောက်ပေးဖို့ စီစဉ်နေကြပါတယ်လို့လည်း အိန္ဒိယ-မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်း ဟိန္ဒူကုန်သည်ကြီးများအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်ရွှေကပြောပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ကလေးတွေ မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေ ရခိုင်မှာပဲ ကျောင်းတွေ ထားဖို့ ဒါမှမဟုတ် အဖွဲ့အစည်းက တာဝန်ယူမယ်ဆိုရင် ဒီကနေ ပံ့ပိုးပေးဖို့၊ သို့မဟုတ် ရန်ကုန်-မန္တလေးကို ခေါ်ဖို့ ဒါပေမဲ့ ရန်ကုန် မန္တလေးကို ခေါ်လိုက်ရင်လည်း သူတို့ ဇာတိစကားနဲ့ သူတို့က အဆင်ပြေမှာမဟုတ်ဘူး ဟိုမှာပဲ နေရာချထားဖို့ အစီအစဉ်ဆွဲနေပါတယ်။ ကျနော်တို့ကတော့ ထောက်ပံ့ဖို့ ဒီမှာ စုပေါင်းပြီးတော့ အလှူခံပြီးတော့ ဒါတွေကို ငွေသော်လည်းကောင်း ပစ္စည်းသော်လည်းကောင်း ပို့လျက်ရှိတယ် ကျနော်တို့ သိမ်ဖြူလမ်းမှာ ရှိတဲ့ ပန်ချာပီ ရုံးခန်းတခုဖွင့်ထားတယ်။ အလှူလက်ခံတယ် အစားအစာတို့ အဝတ်အစားတို့ ဘာတို့ လာလှူတဲ့ဥစ္စာတွေကို ရခိုင်ကိုပို့ပေးတယ်။

အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ လူသားချင်းစာနာမှုတွေ ဂိုဏ်းဂဏမခွဲခြားပဲ မေတ္တာရှေ့ထားကြဖို့ကိုလည်း မြန်မာတနိုင်ငံလုံးနဲ့ နိုင်ငံတကာက ဟိန္ဒူတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးမောင်ရွှေက တိုက်တွန်းပါတယ်။

လူလူချင်း တယောက်ကို တယောက် ရင်းနှီးရမယ် ချစ်ခင်စွာနေရမယ် တယောက်နဲ့တယောက် မေတ္တာစေတနာထားရမယ် ဒါပဲရှိရမယ် ကမ္ဘာပေါ်မှာ လူဟာ အလွန်ဆုံး ၇၀ လောက်ပဲ နေရမယ့်ကာလမှာ ညီအကိုမောင်နှ်မလို နေရမယ် ဟိန္ဒူရယ် မူဆလင်ရယ် ဗုဒဘာသာရယ် ခရစ်ယာန်ရယ် ဂိုဏ်းဂဏမခွဲပဲနဲ့ လူသားချင်းအနေနဲ့ ပေါင်းသင်းပြီးတော့ နေဖို့ပဲ ကျနော် အားလုံးကို တိုက်တွန်းလိုပါတယ်။

ရခိုင်ပြည်နယ်တွင်းက ဟိန္ဒူတွေ ဘေးကင်းလုံခြုံရေး အန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေးနဲ့ ရေရှည်ဘဝရပ်တည်ရေးအပါအဝင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေအတွက် လူမှုစီးပွားဘဝတွေ ပုံမှန်ပြန်လည်ရပ်တည်ရှင်သန်ရေးအတွက်ကို ရခိုင်ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့အတူ ဟိန္ဒူအသင်းအဖွဲ့တွေဘက်က လိုအပ်တဲ့အကူညီတွေပေးနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချူပ်က ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။

ရခိုင် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်၊ ဟိန္ဒူကျေးရွာသား တရာနီးပါး ပျောက်ဆုံးလျှက်ရှိရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတော့ ၄၅ လောင်းကို ရှာဖွေတွေ့ခဲ့ပါတယ်။ ဒီလို အစုအပြုံလိုက်သတ်ဖြတ်မှုကို ARSA အစွန်းရောက်တွေဖက်က ကျူးလွန်ခဲ့တာလို့ မြန်မာအာဏာပိုင်တွေဘက်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG