လုံခြုံရေးကောင်စီမှာ အောက်တိုဘာလ (၁)ရက်ကစပြီး ပြင်သစ်နိုင်ငံအနေနဲ့ အလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်မယ့်အချိန်ကာလအတွင်း မြန်မာ့အရေးကို ဦးစားပေးဆောင်ရွက်ဖို့ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre က ပြောကြားလိုက်ပါတယ်။
အစောပိုင်းကတည်းက သတိပေးမှုတွေရှိခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီး ဖြစ်ပေါ်မလာအောင် ကုလသမဂ္ဂရော လုံခြုံရေးကောင်စီပါ ဟန့်တားနိုင်ခြင်း မရှိခဲ့ဘူးလို့လည်း ပြင်သစ်သံအမတ်ကြီးက မနေ့ တနင်္လာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ၀န်ခံပြောကြားခဲ့ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
အောက်တိုဘာလအတွက် အလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ပြင်သစ်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီမှာ အရေးပေးကိုင်တွယ်ဖြေရှင်းမယ့် အစီအစဉ်တွေထဲ ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ကို လုံခြုံရေးကောင်စီကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ရှိကြောင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre ကအခုလိုပြောပါတယ်။
"အောက်တိုဘာလ၁၅ ရက်နေ့မတိုင်ခင် လုံခြုံရေးကောင်စီမှာမြန်မာ့အရေးအလွတ်သဘောဆွေးနွေးဖို့ရှိပါတယ်။ ဒီစည်းဝေးပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုသာမက ပဋိပက္ခဖြစ်ရတဲ့အခြေခံအကြောင်းရင်းနဲ့ ပတ်သက်ပြီး အားလုံးလက်ခံနိုင်မယ့် နားလည်မှု၊ သဘောတူညီမှု ရယူနိုင်ဖို့ ဆွေးနွေးကြမှာဖြစ်သလို ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကောင်မရှင်ရဲ့ အကြံပြုချက်တွေကို အသေးစိတ်လေ့လာသုံးသပ်ပြီးတော့ လုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုအကောင်အထည်ဖေါ်နိုင်သလဲဆိုတာ ဆွေးနွေးမှာပါ။
ဒါကြောင့် မြန်မာဟာ လုံခြုံရေးကောင်စီက ဦးစားပေးဆွေးနွေးမယ့် နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ဒါအပြင် အခြားကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ လုံခြုံရေးကောင်စီရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို ဖေါ်ထုတ်ပြီး ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်တဲ့ သဘောထားနဲ့ ညှိုနှိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ လုပ်ဆောင်ဖို့ အရေးကြီးပြီးလိုအပ်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ကနေ မြန်မာလုံခြုံရေးစခန်းတွေကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကနေ ပြန်လည်နှိမ်နင်းရာမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း သန်း တ၀က်နီးပါး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးရတဲ့ အခြေအနေထိဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ မြန်မာအစိုးရဘက်ကလည်း ပြင်းပြင်းထန်ထန် ငြင်းဆိုပယ်ချထားတာပါ။ သေချာတာကတော့ အဲဒီဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးဖြစ်ပေါ်နေပြီး ဒါကို ကုလသမဂ္ဂရော၊ လုံခြုံရေးကောင်စီကပါ ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူးလို့ပြင်သစ်သံအမတ်ကြီးက ၀န်ခံပြောကြားခဲ့ပါတယ်။
"သံတမန်ရေးအရ ကြိုတင်ကာကွယ်ရာမှာ လုံခြုံရေးကောင်စီအနေနဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့အစောပိုင်းကတည်းက သတိပေးမှုတွေရှိခဲ့ပေမယ့် ဒီကိစ္စ ဘာကြောင့် ပျက်ကွက်ခဲ့ရသလဲဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အတူ အခြား နိုင်ငံတွေပါ အသေအချာဆွေးနွေးဖို့လိုပါတယ်။ဒီလိုအဖြစ်ဆိုးမျိုးဆိုက်မယ်ဆိုတဲ့ သတိပေးမှုတွေ၊ အခြေအနေတွေပြသခဲ့ပေမယ့် အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။"
ဒါကြောင့်လည်း လုံခြုံရေးကောင်စီမှာ တာဝန်ရှိနေကြောင်းနဲ့ ပထမခြေလှမ်းအဖြစ် အလွတ်သဘောဆွေးနွေးတဲ့အဆင့်ပြီးတဲ့နောက်မှာ ဒုတိယခြေလှမ်းဖြစ်တဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖရန်ဆွာ ဒေးလာချာက ပြောပါတယ်။
"လုံခြုံရေးကောင်စီမှာ ရခိုင်အရေးကို အဓိကကျတဲ့ နိုင်ငံတွေနဲ့ အလွတ်သဘောဆွေးနွေးလိုတဲ့ အချက်က အကဲဖြတ်ရာမှာ အားလုံးလက်ခံနိုင်တဲ့ အမြင်တွေရရှဖို့၊ ပြဿနာကိုလက်တွေ့ဖြေရှင်းတဲ့နေရာမှာ အားလုံးသဘောတူနိုင်မယ့် လျာထားချက် ချပြနိုင်ဖို့ဖြစ်ပါတယ်။ ဒီပဋိပက္ခကြီး အဆုံးသတ်နိုင်ရေးအတွက် အကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။ ဒါက ပထမခြေလှမ်းဖြစ်ပါတယ်။ ဒုတိယခြေလှမ်းကတော့ ကျနော်တို့ အမြင်အရဆိုရင် ပြတ်ပြတ်သားသား၊ ပြင်းပြင်းထန်ထန်နဲ့ တညီတညွတ်တည်း လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ဖြစ်ပါတယ်။ လုံးဝလက်မခံနိုင်တဲ့ ကြေကွယ်ဖွယ်ရာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ တကယ်လို့ လုံခြုံရေးကောင်စီက ထိထိရောက်ရောက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်မယ်ဆိုရင် ဒီလမ်းကြောင်းအတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။"
လုံခြုံရေးကောင်စီမှာ ဒီတကြိမ် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးဖို့ ပြင်သစ်နဲ့အတူ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။