သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ပကတိအခြေအနေမှန်သိဖို့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူ ခွင့်ပြုသင့်


သတင်းမီဒီယာအဖွဲ့များ ရခိုင်မှာ သတင်းရယူနေကြစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
သတင်းမီဒီယာအဖွဲ့များ ရခိုင်မှာ သတင်းရယူနေကြစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာအနေနဲ့ ပကတိအခြေအနေအတိုင်း သိရှိနိုင်ဖိုဆိုလျင် သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက် သတင်းယူခွင့်ပြုသင့်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ထောက်ပြပါတယ်။ မနေ့တုန်းက ကုလသမဂ္ဂမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲအတွင်း ကုလအတွင်းရေးမှူးချုပ် အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက တက်ရောက်ဆွေးနွေးရာမှာ ပကတိ အခြေအနေတွေနဲ့ ကင်းကွာနေတယ်လို့လည်း ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံ ဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည် လက်ခံသွားမှာပါလဲ၊ လူမှုအသိုင်းအဝိုင်းကြား သဟဇာတရှိရှိနဲ့ နေထိုင်သွားနိုင်အောင် နိုင်ငံတကာအနေနဲ့ ဘယ်လို ပံ့ပိုးပေးသင့်ပါသလဲဆိုတာတွေကို ကိုအောင်အောင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ချ်ဟာ စက်တင်္ဘာ ၂၈ ရက်နေ့က လုံခြုံရေးကောင်စီမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပါတ်သတ်ပြီး ရှင်းလင်းတင်ပြသွားပါတယ်။ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့သွားနိုင်ဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတာပါ။

ရခိုင်ပြည်နယ်တွင်းက မူစလင်တွေ နေရပ်စွန့်ခွါထွက်ပြေးရတဲ့ အခြေအနေနဲ့ ပါတ်သတ်လို့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေ၊ ပြည်ပ သတင်းမီဒီယာတွေက တဖက်စောင်းနင်း ရေးသား ပြောဆိုနေကြတယ်ဆိုပြီး ပြောဆိုနေချိန်မှာ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပတာပါ။

ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံတကာက အမှန်အတိုင်း သိဖို့ဆိုလျင် ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းဝင်ရောက်ယူခွင့် ရှိသင့်တဲ့ အနေအထားနဲ့ ပါတ်သတ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ထောက်ပြပါတယ်။

" အခုပြောနေဆိုနေ နိုင်ငံတကာကို ထွက်ပြီးပြောနေတာတွေအကုန်လုံးက အစိုးရဘက်ကချည်းပဲ ဖြစ်နေတယ်။ အဲ့တာတော့ သတိပြုဖို့လိုတာပေါ့နော်။ ဒါပေမဲ့ ဒီအစိုးရက ရခိုင်ပြည်နယ်ထဲ လုပ်တဲ့ဆီမှာ အများကြီးပါဝင်စွက်ဖက်ခွင့်ရတာတော့ မဟုတ်ဘူး။ တဘက်မှာ တပ်မတော်ရဲ့အဆုံးအဖြတ်နဲ့ နယ်မြေက အုပ်ချုပ်ရေး အဆုံးအဖြတ်နဲ့ ပါနေတယ် ဒီအတိုင်းပဲ ကျန်တဲ့ကိစ္စအသီးသီးမှာလည်း အဲ့ဒီ့လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းကိစ္စတွေပါနေတယ်ဆိုတဲ့အခါကျတော့ သတင်းထောက်တွေ သွားခွင့်ပြုတယ်ဆိုရင်လည်း တကယ်ပဲ သွားသင့်တဲ့နေရာကို သွားရသလား ဆိုတာကတော့ မေးခွန်းထုတ်စရာတွေအများကြီးပေါ့။"

လုံခြုံရေးကောင်စီ ဆွေးနွေးပွဲအတွင်း အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်ချက်တွေကို နားလည် သဘောပေါက်ကြောင်းနဲ့ ပဋိပက္ခတွေ ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောကြားသွားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်ကို စတင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်းနဲ့ ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ဖို့ဆောင်ရွက်နေကြောင်းလည်း ပြောသွားပါတယ်။

ဒါ့အပြင် လာမယ့်တနင်္လာနေ့မှာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ အစိုးရက စီစဉ်ပေးထားသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တို့ ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ဖို့လဲ ဦးသောင်းထွန်းကဖိတ်ကြားခဲ့ပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ နိုင်ငံတကာ မီဒီယာတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ်သတင်းယူခွင့်ရမယ်ဆိုရင် ပိုအကျိုးရှိလိမ့်မယ်လို့ ဆိုပါတယ်။

" သွားမယ့်အဖွဲ့က တဖွဲ့တည်းမဟုတ်တဲ့အတွက်ကြောင့် အမှန်ကိုတင်ပြနိုင်မယ့် သူတွေရဲ့အမြင်ရှု့ထောင့်နဲ့ ခုနကပြောတဲ့ လိုရာဆွဲပြီးတော့ မိမိကောက်ချက် ချချင်တဲ့ဟာကို ချသွားတဲ့သူတွေဟာ သတင်းတွေဟာ ယှဉ်ပြိုင်ပြီး ထွက်လာမယ်ဆိုရင် ဘယ်ဟာဆိုတာ ကျနော်တို့ ခွဲခြားပြီးသိနိုင်ပါလိမ့်မယ်။တကမ္ဘာလုံးမှာ ကျနော်တို့ Conflict area တွေ ပဋိပက္ခဒေသတွေ ရှိကြပါတယ်။ သူတို့ရဲ့ အခြေအနေမှန်ကို တင်ပြဖို့အတွက်က ကမ္ဘာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေရှိပါတယ်။ အသုံးဝင်ဖို့ရယ် သူတို့အပေါ်မှာ မလျှော်သြဇာ တလွဲသုံးပြီး အလွဲသုံးစားလုပ်တာတွေဟာ ကမ္ဘာရဲ့အတွေ့အကြုံတွေလည်း ရှိခဲ့တယ်လေ အဲ့တော့ အဲ့တာတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ လွတ်လွတ်လပ်လပ် လေ့လာခွင့်ရှိခြင်းသည် ပိုအကျိုးရှိမယ်ထင်ပါတယ်။"

ကုလ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နဲ့ အမေရိကန်တွေကတော့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအဆုံးသတ်ပြီး နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အရေးယူဖို့နဲ့ နိုင်ငံတကာရဲ့ လက်နက်ရောင်းချမှုတွေ ဆိုင်းငံ့ဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟဲလေးက ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် အဟန့်အတားဖြစ်စေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

" အရင်က သူတို့ဘက်က ထိရောက်တဲ့အရေးယူမှုတွေလုပ်တယ်ဆိုရင် ကျနော်တို့ဘက်က ထောက်ခံတယ် ဒါပေမဲ့ အဲ့လို Sanctions လုပ်တာဟာ အစိုးရလည်း မထိခိုက်ဘူး တပ်မတော်လည်း မထိခိုက်ဘူး။ ပြည်သူအများပဲ ထိခိုက်ပါတယ် ဒါကို သမိုင်းကလည်း ပြခဲ့ပြီးပြီ။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ Sanctions လုပ်ရင်လည်း ခံရမှာပေါ့ ဒါပေမဲ့ သူတို့လိုချင်တဲ့ပစ်မှန် သဘောကတော့ ဘင်္ဂလီတွေကို နိုင်ငံသားလုပ်ပေးပါ လူ့အခွင့်အရေးမချိုးဖောက်ပါဘူးလို့ ကတိ ပေးတာ အတင်းအကျပ် ပုံဖော်တာမျိုးကတော့ သူတို့ Sanctions ဘယ်လောက်လုပ်လုပ် ဒါကတော့ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။"

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ မူစလင်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ရင်းပြန်နိုင်ဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်အပေါ်မှာလည်း ဦးဖေသန်းက တုံ့ပြန်ပါတယ်။

" ပထမဆုံးလုပ်ရမယ့်အဆင့်က ဒီဒုက္ခသည်တွေက ဟုတ်-မဟုတ် ဒီနိုင်ငံကနေ ထွက်ပြေး-မပြေး ဒီဘက်က ဥပဒေနဲ့ညီ -မညီ ဒီအကြမ်းဖက်မှုမှာ ပါ-မပါ အဲ့တာမျိုးတွေက အများကြီးစစ်ဆေးရဦးမှာပေါ့ ဒါကလည်း အခုချိန်ကစပြီး လက်ခံမယ်ဆိုတဲ့အစီအစဉ်တွေ လုပ်နေပါပြီ ဒါပေမဲ့ တဘက်က တောင်းဆိုနေတာက လက်ခံဖို့ တောင်းဆိုနေတာ မဟုတ်ပဲနဲ့ ဒီလူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ပါတယ်ဆိုပြီးတော့ စွဲချက်တွေ တင်နေတော့ အချင်းချင်းဆွေးနွေးရာမှာ လိုရင်းမရောက်ပဲ ကွာဟသွားနိုင်တယ်ဆိုတာ ပြောပြတာပါ။ "

သြဂုတ်လကုန်ပိုင်းကစခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်ထဲက မူစလင် သိန်းနဲ့ချီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားကြသလို အခုအချိန်ထိလည်း နယ်စပ်ဖြတ်ကျော်မှုတွေ ရှိနေပါတယ်။ ဒီကနေ့မှာတော့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်ဖို့ စုပြုံရောက်ရှိနေသူတွေနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ ပြောဆိုခဲ့ပေမယ့် သူတို့ သဘောဆန္ဒနဲ့ ထွက်ခွါလိုကြောင်း ပြန်လည်ပြောကြားတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG