သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်လည်စိစစ်လက်ခံရေး မြန်မာအစိုးရတာဝန်ရှိသူများ ဆွေးနွေး


Cox's Bazar ရှိဒုက္ခသည်များ
Cox's Bazar ရှိဒုက္ခသည်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံရေးနဲ့ပတ်သက်လို့ အလေးပေး ဆောင်ရွက်နေတဲ့အကြောင်း လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးမှာ ဒီကနေ့ ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ခုလို ပြောပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး။ ။ အကြံပြုချက်များအပေါ်အကောင် အထည်ဖော်ရေးဆွေးနွေးပွဲကော်မတီ က အစည်းအဝေးလုပ်တာ ဒီကနေ့ လုပ်တာက တတိယအကြိမ်မြောက်လေ၊ အဲဒီအစည်းအဝေးလုပ်တယ် လုပ်ရင်းကနေပြီးတော့ ကျနော်တို့ရဲ့ ဦးစားပေးဆောင်ရွက်မယ့်အစီအစဉ်တွေပေါ့ အဲဒါတွေကို ဒီနေ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တင်ပြကြတာပေါ့။ တင်ပြတော့ ခုနကပြောတဲ့အလိုက် ပြန်လည်နေရာချထားရေးကိစ္စလည်းပါတာပေါ့၊ ဒါကတော့ ဒီအကြုံပြုချက်တွေအပေါ်ကို အကောင်အထည်ဖော်တဲ့အနေအနဲ့တော့ အခုလက်တလောအခြေအနေပေါ့နော် ၊ အဲဒါနဲ့ ပတ်သက်လို့ ပြန်လည်လက်ခံရေးပေါ့နော် အဲဒီကိစ္စကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါအားလုံးက အတည်ပြုပြီးတော့မှဖြစ်မှာပါ တင်ပြတာပဲရှိပါသေးတယ်။

မေး ။ ။ အဲဒီတော့ ဒုက္ခသည်တွေကို စိစစ်ပြီးတော့ ပြန်လည်လက်ခံမယ့်အခြေအနေ ကြိုတင်ပြင်ဆင်မှုဆိုတာလေးကို အကျဉ်းချုပ်လေးဘာတွေပြင်ဆင်ထားတယ်ဆိုတာလေး ပြောပြပေးပါလားရှင့်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး။ ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျနော်တို့ ၂ နိုင်ငံဆွေးနွေးပါမယ်။ ၂ ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပါမယ်။ ဆွေးနွေးဖို့အတွက်ကို ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ ဒီကိစ္စနဲ့ဆွေးနွေးမယ့် သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတပါးက ဘင်္ဂလားဒေ့ရှ်ကိုသွားမယ် ၊ ဒီရက်အတွင်းမှာပဲလေ။ သွားပြီးတော့ ၂ နိုင်ငံဆွေးနွေးပါမယ်။ ဒါပေမယ့် ဒီဘက်မှာ ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့အပိုင်းတွေရှိတယ်။ ဒါတွေကတော့ အခုအလုပ်သမားလူဝန်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ကနေပြီးတော့ ဆောင်ရွက်မယ့်အစီအစဉ်လေးကို ဒီနေ့တော့ တင်ပြတာရှိတာပေါ့လေ။ ဒါကတော့ ပြန်လည်လက်ခံမယ့်နေရာကို ကုန်းလမ်းဘက်ကဆိုရင် တောင်ပြိုလက်ဝဲလိုနေရာမျိုးပေါ့လေ၊ ရေလမ်းဆိုရင် ငါးခူရပေါ့နော် စသဖြင့်ပေါ့ ကြိုတင်စီစဉ်တဲ့ကိစ္စပါ။ စခန်းဆိုလို့ရှိရင်တော့ ဒါးကြီးစားပေါ့နော် စသဖြင့် အဲလိုမျိုးလေးတွေ ရာထားတာပေါ့နော် ၊ ဒါကလည်းကျနော်တို့ အတည်ပြုရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီမှာမှ ကျနော်တို့က အရင်ပြောခဲ့တဲ့အတိုင်းပဲ ၁၉၉၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံသဘာတူထားတဲ့အချက်တွေမှာ မူတည်ပြီးတော့ ဆောင်ရွက်ဖို့အတွက် အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ ဆောင်ရွက်မယ်ပေါ့နော်။ ဒီကိစ္စတွေဆွေးနွေးတာပါခင်ဗျ အကြမ်းဖျဉ်းပဲရှိပါတယ်၊ အဲဒီအပေါ်မှာမူတည်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့အနေအထား တွေကို ဆက်လက်ဆောင်ရွက်မှာပေါ့ ကျနော်ကတော့ ဒီအကြံပြုချက်များကို အကောင်အထည်ဖော်ရေးကော်မတီဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးရဲ့ တင်ပြချက်တွေကို ကျနော်တို့ စုစည်းတာပေါ့နော် ၊ စုစည်းပြီးတော့မှ ကျနော်တို့ကနေပြီးတော့ တကယ့် မဟာဗျူဟာတရပ်ဖြစ်အောင် ရေးဆွဲရမယ်၊ ကျနော်တို့ ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ကို စနစ်တကျ ဒါကိုစုစည်းပြီးတော့ ကျနော်တို့ စည်းဝေးဆောင်ရွက်ရမှာပေါ့ခင်ဗျ။

မေး။ ။ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတဲ့အပိုင်းက ဝန်ကြီးပြောသလိုဆိုရင် ဒီရက်ပိုင်းမှာပဲ တာဝန်ရှိတဲ့လူတွေက သွားညှိနှိုင်းမယ် ၊ ဆိုတော့ ဒါက အခုမှစပြီးတော့ စကားပြောမယ့်သဘောလားရှင့်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး။ ။ မဟုတ်ပါဘူး နဂိုကတည်းကလည်း ကျနေ်ာတို့ အဆက်အသွယ်တွေရှိတယ် ဆက်စပ်ဆောင်ရွက်နေတာတွေရှိတယ်၊ ဖိတ်ကြားတာတွေရှိတယ်၊ ဒါပေမယ့် တွေ့ဆုံဖြစ်တယ် မတွေ့ဆုံဖြစ်ဘူးဆိုတဲ့အခြေအနေကတော့ ရှိခဲ့တယ် ဒါကလည်း ဖိတ်တယ် မလာဖြစ်ဘူး ဆိုတဲ့အခြေအနေ ရှိတာပေါ့နော်၊ ကျနော်တို့က ဖိတ်တယ် မလာဖြစ်ဘူး ဒါတွေလည်းရှိတာပေါ့ အခုတော့ အစီအစဉ်တွေ ဖြစ်မှာပါခင်ဗျ။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG