သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ပဋိပက္ခဒေသတွေဆီ အကူအညီပေးရေးအဖွဲ့တွေ သွားခွင့်ပြုဖို့ တောင်းဆို


ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေး ပစ္စည်းတွေ ပေးနေစဉ်။ (စက်တင်ဘာ-၂၀၁၇)
ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေး ပစ္စည်းတွေ ပေးနေစဉ်။ (စက်တင်ဘာ-၂၀၁၇)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေဖြစ်တာ ၁ လ ကျော်လာပြီးတဲ့နောက်၊ ဒေသတွင်းကို အကူအညီပေးရေးအဖွဲ့တွေသွားရောက်နိုင်ဖို့ တောင်းဆိုတာတွေလည်း တိုးလာနေပါတယ်။ ရိုဟင်ဂျာမွတ်စလင်သူပုန်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်၊ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်စဉ် လူ ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဗီအိုအေသတင်းထောက် Joe Freeman ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်တွေအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေချိန်မှာ၊ တချို့တွေလည်း ရခိုင်ပြည်နယ် အတွင်းက သူတို့ရဲ့နေအိမ်တွေမှာ ဆက်ပြီးတော့ နေနေကြပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဲဒီလူတွေဟာ ပုံမှန်စားနပ်ရိက္ခာ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ ရဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးရုံးရဲ့ ပြောခွင့်ရ Pierre Peron က ပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေဟာ တကယ်ကို လူမှုကပ်ဒုက္ခ အခြေအနေကြီးဖြစ်ပါတယ်။"

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ နဲ့ လုပ်ငန်းတွေကို တခြားနေရာတွေကို ရွှေ့ပြောင်းခဲ့ ရပါတယ်။ အဲဒီထဲမှာ အဟာရပြည့်ဝမှုအကူအညီပေးရေးအစီအစဉ် နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေ ပါဝင်ပြီး၊ အဲဒီလုပ်ငန်းစဉ်တွေဟာ သိသိသာသာကို လျှော့ကျသွားတယ်လို့ သူကပြောပါတယ်။

"လွန်ခဲ့တဲ့ ၁ လ ပဋိပက္ခတွေစတင်ဖြစ်ပေါ်လာချိန်ကစပြီး၊ အဲဒီလို အသက်ကယ်ဆယ်ရေး အတွက် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးနိုင်ဖို့၊ နဂိုကတည်းကလူသားချင်းစာနာမှုအကူအညီတွေကို အမှန်တကယ် လိုအပ်နေတဲ့ လူမှုအအသိုက်အဝန်းတွေရှိနေတဲ့ နေရာတွေကို လွတ်လပ်စွာသွားရောက်ပြီး ပေးနိုင်ဖို့အတွက် တောင်းဆိုပါတယ်။"

မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ရခိုင်ပြည်နယ် အတွင်းမှာ အကူအညီတွေလွတ်လပ်စွာပေးခွင့်ပြုဖို့ နော်ဝေးဒုက္ခသည်ကောင်စီရဲ့ အတွင်းရေးမှူး Jan Egeland က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အကူအညီပေးရေး ကိစ္စတွေဟာ၊ အကဲဆတ်ပြီး ထိခိုက်လွယ်တဲ့ကိစ္စရပ်ဖြစ်ပြီး၊ ဒေသခံရခိုင်တွေကတော့ နိုင်ငံတကာအဖဲွဲ့အစည်းတွေဟာ ရိုဟင်ဂျာမွတ်စလင် တွေကို ဘက်လိုက်တယ်ဆိုပြီး၊ ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကလည်း ကမ္ဘာ့စားနှပ်ရိက္ခာအစီအစဉ် WFP က ပေးနေတဲ့ ဘီစကွတ်မုန့်တွေ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့တွေရဲ့ စခန်းတွေမှာ တွေ့ရှိခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ခဲ့တာကြောင့် အခြေအနေတွေ ပိုတင်းမာလာခဲ့ပြီး၊ အကြမ်းဖက်သမားတွေကို အကူအညီပေးနေတယ်လို့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒေသခံတွေက အကူအညီပေးရေးဝန်ထမ်းတွေ အပေါ်မှာ ခြိမ်းခြောက်တာတွေ၊ သတင်းမှားတွေနဲ့ စွပ်စွဲပြောဆိုတာတွေကြောင့်တယ်လို့ အကူအညီပေးရေး ဝန်ထမ်းတွေ အပေါ် ဖိအားတွေ စိုးရိမ်ကြောက်လန့်စိတ်တွေ့ဖြစ်ပေါ်စေတယ်လို့ နော်ဝေးဒုက္ခသည် အကူအညီ ပေးရေးကောင်စီက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ ၁၉ ဖွဲ့ နဲ့ အတူပူးတွဲပြီး ထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း စစ်တွေမြို့မှာ ဒေသခံတွေက အကူအညီပေးရေးအဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အာဏာပိုင်တွေ ဘက်က လူ ၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လိုအပ်နေတဲ့ အကူအညီတွေကိုပေးဖု့ိ အတွက် ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကတော့ - အဖွဲ့တခုတည်းကို ဒီတာဝန်ပေးတာသိပ်ကို တာဝန်ကြီးလွန်းပြီး၊ အကူအညီတွေမလုံလောက်မှာကို စိုးရိမ်နေကြပါတယ်။

ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ပြောခွင့်ရ Cecilia Goin ကလည်း ကုလသမဂ္ဂ နဲ့ တခြားလူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့ တာဝန်တွေကို ပြည့်မှီအောင်လုပ်ဆောင်နိုင်ဖု့ိက မဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ အကူအညီတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့်၊ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသလို၊ တခြားဒေသခံ တိုင်းရင်းသားတွေလူနည်းစုတွေလည်း ထွက်ပြေးခဲ့ရပါတယ်။ အခုသီတင်းပတ် အစောပိုင်းကတော့ - ARSA အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်ကြောင့် သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင်ဒါဇင်ပေါင်းများစွာရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာအစိုးရအာဏာပိုင်တွေဘက်က ပြောပါတယ်။

ဟိန္ဒူဘာသာဝင်တချို့ကတော့ တချို့သေဆုံးသွားသူတွေဟာ သူတို့ရဲ့ မိသားစုဆွေမျိုးတွေဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး၊ ARSA အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG