သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ခရီးစဉ် သံတမန်အဆင့်မြင့်အဖွဲ့ လွတ်လပ်စွာလေ့လာခွင့်ရ


ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို နိုင်ငံတကာ သံတမန်အဖွဲ့ အောက်တိုဘာ (၂)ရက်နေ့က သွားရောက်လေ့လာစဉ်။

အကြမ်းဖက် တိုက်ခိုက်မှုခံရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို လာရောက်လေ့လာ ကြတဲ့ သံတမန်တွေအနေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးနေသလိုမဟုတ်ပဲ ပကတိ အခြေအနေမှန်တွေကို ကိုယ်တိုင်တွေ့ရှိ နားလည်သွားကြ လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက VOA ကိုပြောပါတယ်။ ARSA ရိုဟင်ဂျာအကြမ်းဖက်အုပ်စုက သြဂုတ်လ (၂၅)ရက် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်ဆိုပြီး နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြပါတယ်။ အောက်တိုဘာလ (၂)ရက် တနေ့ထဲမှာပဲ သံတမန်(၅၀)လောက်ကို မောင်တော၊ ရသေ့တောင်က နေရာ(၁၂)နေရာကို လိုက်လံ ပြသခဲ့တာနဲ့ ပတ်သက်လို့ VOA ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ ဦးတင်မောင်ဆွေက ခုလို စပြောပါတယ်။

ဦးတင်မောင်ဆွေ။ ။ တရက်ထဲပါပဲ၊ တရက်ထဲ အကုန်လုံး လိုက်ပြပေးပါတယ်။ အောက်တိုဘာ(၂)ရက်မှာ ရဟတ်ယာဉ်(၃)စင်းနဲ့ နေရာ(၁၂)နေရာ လောက်ကို ရတဲ့အချိန်အတွင်းမှာ အကုန်လုံး လိုက်ပြပေးပါတယ်။ သူတို့ Request လုပ်တဲ့အတိုင်းသွားတာ၊ မောင်တောရယ် ရသေ့တောင်ရယ်။ ရသေ့တောင်က သူတို့သွားချင်တဲ့နေရာ တနေရာရှိတယ်၊ အဲဒါကို လိုက်ပြပေးတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ရသေ့တောင်မှာ ဘယ်လို ထူးခြားချက်ကြောင့် သူတို့သွားချင်တာပါလဲ။

ဖြေ။ ။ ရသေ့တောင်ကတော့ သူတို့ Request ပဲဗျ။ အဲ့မှာရှိတဲ့ အောက်နန်းပြင်ဆိုတဲ့ ကျေးရွာက သူတို့ ရိက္ခာတွေပြတ်နေတယ်၊ သူတို့ ပိတ်မိနေတယ် ဆိုပြီးတော့ အဲဒီရွာတွေကနေ သံရုံးတွေ၊ အဖွဲ့အစည်းတွေကို တိုက်ရိုက်ဆက်သွယ်ခဲ့တော့ အဲ့ဒီရွာကလည်း နာမည်ကြီးတာပေါ့။ နာမည်ကြီးတဲ့အတွက် အဲဒီရွာကို လိုက်ပို့ပေးခဲ့တာပါ။

မေး။ ။ သံတမန်တွေဘက်က အဓိက ဘယ်လိုကိစ္စတွေပေါ်မှာ စိုးရိမ်မှုရှိပြီး မေးတာတွေ တွေ့ရပါသလဲ။

ဖြေ။ ။ သူတို့ကတော့ ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ပြီးတော့ အပြန်အလှန်ပြောဆို ကြတာပါပဲ။ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ မေးမြန်းကြ တာပါပဲ။ ကျနော်တို့ကို မေးတာတော့ မရှိပါဘူး။

မေး။ ။ သူတို့က ဒီ ရခိုင်ဒေသအရေးပေါ် ဘယ်လောက် စိတ်ဝင်စားမှု တွေ့ရလဲခင်ဗျ။

ဖြေ။ ။ ခရီးစဉ်ကနေ သူတို့ပြန်လာတဲ့ အချိန်မှာတော့ ဒီဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဟာ သူတို့ထင်တာထက်ကို ပိုပြီးတော့ များပြားတယ်၊ ဆိုးဝါးတယ် ဆိုတဲ့ဟာကို သူတို့တွေ့ သွားကြတယ်။ စိတ်မကောင်းလဲ ဖြစ်ကြပါတယ်။

မေး။ ။ နောက်တခုကလေ နိုင်ငံတကာမှာ သူတို့သိထားတာက မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက မောင်းထုတ်လိုက်လို့ ထွက်ပြေးသွားရတယ်ဆိုတဲ့ ပုံစံမျိုးဆိုတော့ အခုလက်တွေ့ လိုက်ပြတဲ့အခါမှာ ဆရာတို့ရဲ့ ရှင်းပြချက်တွေအပေါ်မှာ … သူတို့ အထင်မြင်လွဲမှား ခဲ့ပါလား ဆိုတာမျိုး တုံ့ပြန်တာ တွေ့ရ ပါသလား။

ဖြေ။ ။ အဲဒီမှာသူတို့ လက်တွေ့ တွေ့ခဲ့ပြီလေ။ တွေ့တဲ့ခါမှာ တပ်မတော်က မောင်းထုတ်လို့ သွားကြတာမဟုတ်ဘူး။ သူ့သဘောနဲ့သူ လိုလိုလားလားကို ဟိုဘက်(ဘင်္ဂလားဘက်)ကို သွားချင်တယ်ဆိုပြီးတော့ ထွက်သွားတာတွေ ဒါ သူတို့တွေ့ခဲ့ရပါတယ်။ တချို့အိမ်တွေ ဆိုရင်လည်း သူတို့ဟာသူတို့ မီးရှို့ပြီးတော့ ထွက်သွားခဲ့တာတွေ ဒီဥစ္စာတွေကိုလည်း မြေပြင်မှာ အမှန်အတိုင်း သူတို့တွေ့ရှိသွားပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီတွေ့ရှိ အပေါ်ကို အမှန်တိုင်းပြောဖို့အတွက်၊ သူတို့သက်ဆိုင်ရာ နိုင်ငံတွေကို အမှန်အတိုင်းပြန်ပြီး သတင်းပို့ဖို့အတွက်တော့ ခရီးစဉ်နိဂုံးမှာ ကျနော်တို့က မှာခဲ့တာတော့ ရှိပါတယ်။ ဒါပေမဲ့ တကယ်လုပ်မလုပ်ကတော့ ကျနော်တို့လဲ မသိဘူး။

မေး။ ။ ဟုတ်ကဲ့၊ ဆရာတို့ သူတို့ကို အကဲခတ်မိသလောက် ဒီလက်တွေ့အခြေအနေ ပေါ်မှာ သူတို့က အရင်သတင်း ထွက်ထားတာနဲ့စာရင် စိတ်ကျေနပ်မှု ရသွားမယ် ထင်ပါသလား။

ဖြေ။ ။ စိတ်ကျေနပ်မှု ရမယ် ထင်မိပါတယ်။ ဘာလို့ဆို သူတို့ထင်တာနဲ့ လက်တွေ့မှာ မြင်လိုက်ရတာနဲ့က တခြားစီဖြစ်သွားတယ်။ ပျက်စီးဆုံးရှုံးမှုတွေ ကလည်း သူတို့ မှန်းထားတာထက်တောင် ပိုပြီးများနေတယ်။ ကျနော်တို့ကတော့ လက်ရှိအတိုင်းပြတာပါ။ ဘာမှ ပြုပြင်ထားတာ ပြင်ဆင်ထားတာ မဟုတ်ဘူး။ လက်ရှိဖြစ်တဲ့ အတိုင်းကိုပဲ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာတွေထိ သွားပြီးတော့၊ သူတို့ မေတ္တာရပ်ခံတဲ့ နေရာတွေကိုပဲ ရတဲ့အချိန် အတိုင်းအတာ ပေါ်မှာ အကုန်လိုက်ပြ ဖြစ်တာပါ။

မေး။ ။ ခုနက ဆရာပြောသွားတဲ့အထဲမှာ သူတို့ထင်တာတွေနဲ့ လက်တွေ့နဲ့ ကွဲပြားနေတယ်ဆိုတာ ဥပမာ ဘယ်လိုဟာမျိုးလဲခင်ဗျ။

ဖြေ။ ။ အော် အဲဒီမှာ မီးလောင်ပျက်စီးခဲ့တဲ့ ဥစ္စာတွေ၊ နောက်တခါ တိုင်းရင်းသားတွေ သတ်ဖြတ်ခံရတဲ့ကိစ္စတွေ၊ နောက်တခါ တိုက်ပွဲ .. မီးလောင်တဲ့ အတွက် ထွက်ပြေး တိမ်းရှောင်ရတဲ့ ကိစ္စတွေ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ သံတမန်တွေ အနေနဲ့ သူတို့ဘဝမှာဒါမျိုး တခါမှ မတွေ့ဖူးဘူး မကြုံဖူးဘူးလို့တောင် ဒါမျိုးပြောဆိုတာတွေ ရှိပါတယ်။

မေး။ ။ မောင်တောဒေသမှာဖြစ်ဖြစ် ရသေ့တောင်မှာဖြစ်ဖြစ် ရှိနေတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကရော ဘယ်လိုပြောဆို ဖြေကြားတာတွေ ကြားရပါသလဲ။

ဖြေ။ ။ သူတို့အနေနဲ့ကလည်း ဒီအကြမ်းဖက် သမားတွေရဲ့ ၀င်ရောက်တိုက်ခိုက်မှုကြောင့်၊ အကြမ်းဖက်သမားတွေက မီးရှို့လို့ သူတို့တွေလည်း ဒီဖြစ်စဉ်တွေ ဖြစ်ခဲ့ရတယ်။ ဟိုဘက်ကို ထွက်ပြေးတယ်ဆိုတာလဲ တပ်မတော်ကြောင့် မဟုတ်ပဲနဲ့ ဟိုဘက်ကနေ ခေါ်တဲ့အတွက် သူတို့လိုလိုလားလား သွားကြတယ်ဆိုတာ ဒါတွေလဲသူတို့ မျက်ဝါး ထင်ထင် တွေ့ခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လဲ ဒါကြုံတွေ့ခဲ့ပါတယ်။ လက်ရှိ နိုင်ငံတကာ မီဒီယာမှာကတော့ ဒီဟာတွေနဲ့ ဆန့်ကျင်ဘက် ပြောင်းပြန်တွေ လွှင့်နေတဲ့ဥစ္စာကိုလည်း ဒါ.. သူတို့အားလုံး သိရှိသွားပါတယ်။

မေး။ ။ အခုလို သံတမန်တွေ ကြည့်ရှုပြီးနောက်မှာ အဲဒီဒေသက နှစ်ဖက်အသိုင်းအဝိုင်းက ဒုက္ခသည်တွေအတွက် အကူအညီတွေ ပိုပြီးရလာမယ် မျှော်လင့်ပါသလား။

ဖြေ။ ။ ဒါကတော့ ကျနော်တို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ အကူအညီတွေ အခုထက် ပိုပြီးတော့ သူတို့ဆောင်ရွက်လာမယ်၊ ဆောင်ရွက်လာလို့ ရှိရင်လည်း ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပေါ် သူတို့လုပ်မယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ဘက်နေ ဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို VOA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG