သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေအိမ်အချို့ ARSA အစွန်းရောက်တို့ မီးရှို့ဖျက်ဆီးဟု စစ်တပ်ထုတ်ပြန်


နေအိမ်အချို့ ARSA အစွန်းရောက်တို့ မီးရှို့ဖျက်ဆီး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
နေအိမ်အချို့ ARSA အစွန်းရောက်တို့ မီးရှို့ဖျက်ဆီး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာနိုင်ငံမှာ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေအိမ်တချို့ကို အစွန်းရောက်ဝါဒီ ARSA အဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း မြန်မာစစ်တပ်က ပြောဆိုလိုက်ပါတယ်။ ဘူးသီးတောင်မြို့နယ် ၊မိကျောင်းဈေး ကျေးရွာက မီးလောင်မှုကို ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် အိမ်ခြေ ၇ လုံးသာ ဆုံးရှုံးခဲ့ကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက Facebook မှာ ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။

မီးရှို့မှုကိုတော့ သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အဖွဲ့ဝင်၊ ဒေသခံတဦးဖြစ်တဲ့ အီနု ဆိုသူက ကျုးလွန်ကြောင်း စုံစမ်းသိရှိရတယ်လို့လည်း ဆိုပါတယ်။

စွပ်စွဲခံရသူဟာ ဘင်္ဂါလီတွေ တဖက်နိုင်ငံကို ထွက်ပြေးအောင် လိုက်လံလှုံ့ဆော်နေသူတဦးဖြစ်ပြီး အခုအခါ တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင် သွားကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တကျော့ပြန် အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်းရှောင်သွားသူပေါင်းဟာ ခန့်မှန်းချေ ၅ သိန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုထားတာပါ။

မကြာသေးခင် အထိလည်း ဒေသခံ မူဆလင်တွေ ဆက်လက် နေရပ်စွန့်ခွာမှုတွေ ရှိနေကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ခွာသွားသူ ခန့်မှန်းချေ ၂ သောင်းလောက်အထိ ရှိခဲ့ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောဆိုထားပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေက အခြေခံစားနပ်ရိက္ခာနဲ့ လုံခြုံရေးအတွက် မစိုးရိမ်ဖို့ ပြောပေမဲ့လည်း ဆက်လက် ထွက်ခွာနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်မကင်းမှုတွေ ကြီးထွားလာနေရာမှာ အမေရိကန် ပြည်ထောင်စု ကလည်း မနေ့တုန်းကပဲ ထပ်မံ သတိပေးခဲ့တာပါ။ ဂြိုဟ်တုဓာတ်ပုံတွေအရ ကျေးရွာပေါင်း ၂၀၀ ကျော် မီးရှို့ဖျက်ဆီး ခံထားရတာ တွေ့ရတဲ့အတွက် စိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်တွေ အပေါ်မှာ သာမက လုံခြုံရေး အာဏာပိုင်တွေရဲ့ အင်အားအလွန်အကျွံသုံး ဖြေရှင်းတဲ့အပေါ်မှာလည်း ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့တုန်းကပဲ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG