သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ကန်လွှတ်တော်ရှုမြင်


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တလကျော်အတွင်း ရိုဟင်ဂျာ မွတ်စလင် ၆၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေနေဟာEthnic cleansing “လူမျိုးတုန်း ရှင်းလင်းမှု” ဖြစ်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်သုံးသပ်ပြီး မြန်မာအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ သမ္မတ Trump အစိုးရကို ဝါရင့် အမေရိကန် လွှတ်တော်အမတ်တွေက အလေး အနက် တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ လူမျိုးတုန်း ရှင်းလင်းမှု ဖြစ်နိုင်ခြေ အလားအလာအဖြစ် အမေရိကန်အစိုးရက သုံးသပ်ထားကြောင်းနဲ့ ဒီအတွက် ပစ်မှတ်ထားပိတ်ဆို့တဲ့ အရေးယူမှုတွေ ချမှတ်ဖို့ရှိနေကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က မနေ့ အင်္ဂါနေ့က အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ကြားနားပွဲ အတွင်း ထွက်ဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံဆက်ပြီးပြောပြမှာပါ။

"Assessing U.S. Policy Toward Burma: Geopolitical, Economic, and Humanitarian Considerations." ဆိုတဲ့ ခေါင်းစဉ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ အရေးနဲ့ ပတ်သက်တဲ့ ကြားနာပွဲအတွင်း မွတ်စလင်ဒေသခံ တွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်အသားအစိုးရ အနေနဲ့ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ကမကထပြု ကျင်းပတဲ့ ဝါရင့် ရီပါပလင်ကန် အထက်လွှတ်တော်အမတ် Bob Corker က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို ပြင်းပြင်းထန်ထန်ပြောသွားပါတယ်။

“လူသားတွေ ထိခိုက်နစ်နာပြီး အတိဒုက္ခရောက်နေတဲ့ အခြေအနေတွေကို အမှန်တကယ် စိတ်မကောင်းခြင်း များစွာနဲ့ ကျနော်တို့ ဆက်ပြီး ကြားနေရပါတယ်။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆယ်စုနှစ်နဲ့ချီပြီး မျှော်လင့်ချက်တွေ ထားခဲ့ကြတာပါ။ မြန်မာအစိုးရကို နိုင်ငံတကာရဲ့စိတ်ပျက်မှုတွေနဲ့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်မှု အပေါ်မှာ ပိုပြီး ဝေဖန်သံတွေ ကျယ်လောင် လာခဲ့ပါတယ်။”

Bob Corker နဲ့အတူ ကြားနာပွဲကို ပူးတွဲဦးစီးပြုလုပ်တဲ့ ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Ben Cardin ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေဟာ “လူမျိုးတုန်း ရှင်းလင်းမှု” ဖြစ်ကြောင်း အတိအလင်း ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

“ဒါဟာ Ethnic cleansing “လူမျိုးတုန်း ရှင်းလင်းမှု” ဖြစ်ပါတယ်။ ဒီကိစ္စကို အခု ကြားနားပွဲလုပ်နေချိန်မှာပဲ အစိုးရဘက်က လေ့လာသုံးသပ်နေဆဲဆိုတာ ကျနော်သိပါတယ်။ “လူမျိုးတုန်း ရှင်းလင်းမှု” ဆိုတာကို ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတာပါ။ ဒေသတခုမှာ လူမျိုးရေးအရ၊ အမျိုးတူ ဘာသာတူအရ လူအုပ်စုလိုက် သတ်မှတ်ပြီး အင်အားသုံး ခြိမ်းခြောက်ပြီး ဖယ်ရှား တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ လူဦးရေ ထက်ဝက်နဲ့ ညီမျှတဲ့ ၆၀၀,၀၀၀ ကျော် ထွက်ခွာခဲ့ကြရပါတယ်။ သူတို့ ကျေးရွာတွေကို စနစ်တကျနဲ့ မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။”

အမေရိကန်အစိုးရရဲ့မြန်မာအပေါ် မူဝါဒနဲ့ ပတ်သက်လို့ ဒီကြားနာပွဲမှာ ထွက်ဆိုခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကို “လူမျိုးတုန်း ရှင်းလင်းမှု” ဆိုတာကို လက်ခံသလားလို့ အထက်လွှတ်တော်အမတ် Cardin ကမေးမြန်းရာမှာ-

“Ethnic cleansing “လူမျိုးတုန်း ရှင်းလင်းမှု” အဖြစ် ကျနော်ရဲ့ အထက်အရာရှိတွေက ပြောဆိုထားတာပါ။ ကျနော်ရဲ့ အမြင်မှာလည်း ဒီအတိုင်းပါပဲ။”

ဒါပေမယ့် အခုကြားနာပွဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်ကို ရှင်းရှင်းလင်းလင်းနဲ့ အတိအကျပြောပါလို့ Mr. Cardin က ထပ်ပြီး မေးမြန်းရာမှာတော့-

“ကံမကောင်းစွာပဲ ဒီကိစ္စကို သတ်မှတ်ပြောဆိုဖို့ ကျနော်မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ လွှတ်တော်အမတ် ပြောတာ မှန်ပါတယ်။ ကျနော်တို့ ဒါကို သုံးသပ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ ပြောနိုင်တာကတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိခဲ့တယ်၊ လူတွေ အစုလိုက် အပြုံလိုက် နေရပ်ရင်းက မောင်းထုတ်ခံခဲ့ရတယ် စတဲ့အချက်တွေဟာ အလွန်ကို စိုးရိမ်မကင်းဖြစ်စရာ အချက်တွေပါ။”

ဒီအတွက် တာဝန်ရှိသူအားလုံးကို ပစ်မှတ်ထားအရေးယူဖို့ အမေရိကန်အစိုးရက လုပ်ဆောင်နေတယ်လို့ Mr. Murphy က ပြောပါတယ်။ ဒါအပြင် သူကိုယ်တိုင် ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မတော် ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကြားနားပွဲအတွင်း Mr. Murphy က တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ တာဝန်အရှိဆုံးဖြစ်တဲ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန် အစိုးရက ဘယ်လို အရေးယူထားသလဲဆိုတဲ့ ဝါရင့်လွှတ်တော်အမတ်တဦးရဲ့ မေးခွန်းကိုတော့-

“မြန်မာစစ်တပ် ခေါင်းဆောင်တွေ အားလုံးကို အမေရိကန်ပြည်ထောင်စု ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ နောက်ပြီး စစ်တပ်နဲ့ ပတ်သက်လို့ အခြားအကူအညီတွေ ကိုလည်း ကန့်သတ် ထားပါတယ်။ ဒီအချက်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ်မှာလည်း သက်ရောက်နေပါတယ်။”

အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့အတူ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mark Storella နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနက ဒီမိုကရေစီ၊ ပဋိပက္ခနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဗျူရိုရဲ့ ယာယီဒုလက်ထောက် အုပ်ချုပ်ရေးမှူး V. Kate Somvongsiri တို့ အသီးသီး ထွက်ဆိုခဲ့ကြပါတယ်။

အလားတူ သြဂုတ်လ အကုန်နဲ့ အောက်တိုဘာ လဆန်းပိုင်းကလည်းရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှာ ကြားနာပွဲ လုပ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ အာရှခရီးစဉ် မတိုင်ခင် ဒီသတင်းပတ်အတွင်း ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒအသစ်ကို ကြေညာဖို့ရှိကြောင်း နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိတွေက ပြောကြားထားပါတယ်။

ရိုဟင်ဂျာအရေး ကန်လွှတ်တော်ကြားနာပွဲ
please wait

No media source currently available

0:00 0:04:30 0:00
တိုက်ရိုက် လင့်ခ်

ရိုဟင်ဂျာအရေး လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ကန်လွှတ်တော်ရှုမြင်
please wait

No media source currently available

0:00 0:05:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG