သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ပြည့် ငြိမ်းချမ်းရေးရရေး NCA လမ်းကြောင်းမှာ ပူးပေါင်းဖို့ တပ်မတော်တိုက်တွန်း


၂၀၁၅ တုန်းက NCA လက်မှတ်ရေးထိုးပွဲအခန်းအနား (photo: MOI)
၂၀၁၅ တုန်းက NCA လက်မှတ်ရေးထိုးပွဲအခန်းအနား (photo: MOI)

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ထားကြောင်းနဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ၃ ကြိမ် ကြေညာထားပြီး ဖြစ်ကြောင်း ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၂၀ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုက်တွန်းလိုက်တာ ဒီကနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုလိုက်တာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၀မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် သံန္နိဌာန်ချထားကြောင်း ပြောဆိုခဲ့ပြီး လက်တွေ့မှာ ဘယ်လောက် အလားအလာရှိသလဲလို့ သတင်းမီဒီယာတွေက မေးမြန်းတဲ့အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ ကျနော်တို့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကျနော်တို့ ဘာလုပ်နေလဲဆိုတာသည် ကျနော်တို့ အပစ်အခတ် ရပ်စဲပေးတဲ့ ၃ကြိမ်နဲ့ ကျနော်တို့ သက်သေပြလျှက်ရှိပါတယ်။ အဲဒီ ၃ကြိမ်နဲ့ သက်သေပြလျှက်ရှိတဲ့ဟာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAO များအနေနဲ့ကော၊ တိုင်းရင်းသားပြည်သူလူထုများအနေနဲ့ကော ဒါတွေကို လိုက်ပါ ဆောင်ရွက်ဖို့ လိုပါတယ်။ ထပ်ပြောချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျနော်တို့ ခုနက ပြောသလို ပြည်သူလူထုပါဝင်ဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုပါဝင်ဖို့ ဆိုတာ ခုနက ပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာလည်း တိုင်းရင်းသားပြည်သူလူထုထဲမှာပဲ မှီခိုပြီးနေရတာဖြစ်ပါတယ်။ သူတို့ကနေပြီး ပါဝင်လာဖို့ကျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက်ပေါ့ တိုက်တွန်းပေးမယ်ဆိုရင် တော်တော်ကြီး အောင်မြင်လာနိုင်စရာရှိပါတယ်။ ”

၂၀၂၀မှာ ငြိမ်းချမ်းရေးရှိဖို့အတွက် ၂၀၁၈ ဒီဇင်ဘာလက စတင်ပြီး တပ်မတော်သမိုင်းမှာ တစ်ခါမှ မရှိဘူးတဲ့ တဘက်သတ်အပစ်ရပ်စဲရေးကို ဆောင်ရွက်ခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA ခေါ် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေ၊ မထိုးသေးတဲ့အဖွဲ့တွေ ရှိသလို NCA ပြင်ပလမ်းကြောင်းကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုတာတွေ ရှိနေတဲ့အပေါ် တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကိုလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ဖြေဆိုထားပါတယ်။

“ တပ်မတော်အနေနဲ့ တဖက်သတ်အပစ်ရပ်စဲတာလည်း တကယ့် တိုက်ပွဲဖြစ်ပွားတဲ့နယ်မြေမှာ စစ်တိုင်းဒေသကြီးနယ်မြေ ၅ခုမှာ ရပ်ပေးထားတာ ၇လရှိပါပြီ။ ဒါကြောင့် အလွတ်သဘော ခုနက ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောတဲ့ ဆွေးနွေးထားတာရှိပါတယ်။ ဒါအပြင် ကျနော်တို့ အလွတ်သဘောတွေ့နေတာတွေ ရှိပါတယ်။ ခုနက ပြောတဲ့ ကိစ္စတွေမှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးနေပါတယ်။ အစိုးရအနေနဲ့ NRPC အနေနဲ့ အလွတ်သဘောလာတွေ့နေတာတွေ ရှိပါတယ်။ ပြီးရင် ကျနော်တို့ NCA လက်မှတ်ထိုး၊ ပြီးရင် NCA လမ်းကြောင်းအတိုင်းပဲ ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရယ်၊ တပ်မတော်ရယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ ဒီလမ်းကြောင်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်လို့ ကျနော်တို့အနေနဲ့ ပြောကြားလိုပါတယ်။”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAဟာ ပစ်ခိုက်တိုက်ခိုက်တာတွေ ရပ်စဲပြီးနောက် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံတဲ့ ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်သွားဖို့ ရည်ရွယ်ကြောင်းတပ်မတော်ရဲ့ သဘောထားကိုလည်း ပြောဆိုပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။

“ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးကြမယ်။ စားပွဲပေါ်မှာ နိုင်ငံရေးဆွေးနွေးမယ်ဆိုတာ မူအရတော့ ဘယ်သူမှ ငြင်းပယ်လို့ ရတဲ့ အရာမဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဆို့ နေတဲ့ ကိစ္စတွေ၊ နောက် အပစ်အခတ်ရပ်စဲရေးမှာ တစ်ဆို့ နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ လက်တွေ့ကျကျ ဖြေရှင်းဖို့ လိုတယ်။ နောက်တစ်ခု NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ဒီနိုင်ငံရေးအရ ခွဲမထွက်ရ ကတိကဝတ်ပေးရေးနဲ့ တစ်ခုတည်းသော တပ်မတော်ကိစ္စက တစ်ဆို့နေပြီးတော့ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် အခြေအနေမျိုးဖြစ်နေတာပေါ့။ အဲတော့ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ညှိနှိုင်းမှုရရှိဖို့ လိုအပ်ပါတယ်။ အဆင့်တိုင်းမှာတော့ နှစ်ဦးနှစ်ဘက် ပြေပြေလည်လည်ညှိနှိုင်းမှုရရှိဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။”

လောလောဆည်မှာ ထိုင်းမြန်မာနယ်စပ်ဒေသက NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့နဲ့ ဆွေးနွေးနေတဲ့ ၂၁ရာစုပင်လုံအစည်းအဝေးဟာ တစ်နှစ်ကျော်ရပ်ဆိုင်း ထားရသလို တရုတ်မြန်မာနယ်စပ်က အဖွဲ့ ၈ဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPPနဲ့ NCA လက်မှတ်ရေးထိုးရေး အတွက် ဆွေးနွေးနေဆဲ အခြေအနေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG