သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲများ အထိအခိုက်များ


မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း မှာ တိုက်ပွဲတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ မြန်မာစစ်တပ်တာဝန်ရှိသူတွေရော AAအဖွဲ့ တာဝန်ရှိသူတွေကပါ ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်က အခုလိုသတင်းပေးပို့ ထားပါ။

ရခိုင်ပြည်နယ် ကျောက်တော် ရသေ့တောင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက် ကိုင်AAအဖွဲ့တို့အကြား မနေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာပါ။ အထူးသဖြင့် ပလက်ဝနဲ့ကျောက်တော်မြို့နယ်အတွင်းဖြစ်တဲ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှု များပြားတယ်လို့ AAပြန် ကြားရေး တာဝန်ခံခိုင်သုခကပြောပါတယ်။

“သြဂုတ်လ(၇)ရက်နေ့မှာတော့ နယ်စပ်မှတ်တိုင်(၇၁)နဲ့(၇၂)ကြားမှာ တပ်မ(၇၇)တပ်တွနဲ့ ကျွန်တော်တို့ တိုက်ပွဲ ဖြစ်တာရှိတယ်။ အဲဒီမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာရှိတယ်။ အဲဒီတိုက်ပွဲမှာ ရန်သူဖက်ကနေပြီးတော့ (၄)ဦးကျဆုံး ပြီး ဒဏ်ရာရတဲ့ သူလဲရှိတယ်။ ကျွန်တော်တို့ဖက်ကလဲ အဲဒီမှာ ကျဆုံးဒဏ်ရာရတဲ့သူတချို့ ရှိတာပေါ့။ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာရဲ့ အရှေ့မြောက်ဖက်မှာ ပေါ့။ အဲဒီမှာတိုက်ပွဲဖြစ်တာရှိတယ်။ နောက်ပြီးတော့ သြဂုတ်လ(၇)ရက် နေ့မှာဘဲ ကျောက်တော်မြို့နယ် တင်းမရွာ၊ အရှေ့မြောက်ဖက် အဲဒီမှာ အင်အား(၂၀၀) လောက်ရှိတဲ့ ဗမာစစ်ကြောင်းကို ကျွန်တော်တို့ ရခိုင့်တပ်တော် ကွန်မန်ဒိုတွေကနေ ဖြတ်တောက် တိုက်ခိုက်ခဲ့တာ ရှိတယ်။ သြဂုတ်လ(၇)ရက် တနေ့တာအတွင်း တိုက်ပွဲတွေမှာ ဗမာစစ်တပ်ဖက်က နေပြီးတော့ (၂၅)ဦးခန့်ကျဆုံးပြီး ဒဏ်ရာရတဲ့သူ(၃၀)ခန့်ရှိတယ်ဗျ။ ကျွန်တော်တို့ ရခိုင်တပ်တော်ဖက်ကလည်းဘဲ အရက္ခစစ်သည်တော်(၄)ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ ရတာရှိတယ်။”

ပလက်ဝမြို့နယ် အတွင်းမှာ နှစ်ဖက်တပ်ဖွဲ့အကြားတပတ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဖက်က ဒုတပ်ရင်းမှူးတဦးကျဆုံးခဲ့တယ်လို့ ခိုင်သုခက အခုလိုပြောပါတယ်။

“အဲဒီနေရာမှာ တိုက်ပွဲတော်တော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲစဉ်တွေမှာတော့ ဒီခမရ(၁၀၅)ကနေပြီး တော့ အင်းတော်အခြေစိုက်ပေါ့နော်။ ဒုရင်းမှူးပေါ့နော်။ သူအပါအဝင်ပေါ့ အရာရှိတချို့ကျဆုံးသွားတာရှိတယ်။”

ပလက်ဝမြို့နယ် တိုက်ပွဲမှာ တပ်မတော်အရာရှိတွေအပါဝင် မြန်မာစစ်တပ်ဖက်က ကျဆုံးမှု များပြားတယ်လို့AA ဖက်ကပြောဆိုနေသလို ဗွီအိုအေအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ကပလက်ဝမြို့နယ် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိသလို မြန်မာတပ်မတော်ဖက်က လက်နက်တချို့သိမ်းဆီး ရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့ကတော့ထရွမ်အိုင်ဖက်မှာ ပြည်တောင်ကျေးရွာရဲ့အနောက်မြောက်ဖက်မှာ ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပွား တာ ရှိတယ်။ အဲဒီမှာတော့ကျွန်တော်တို့ဖက်ကတော့ စစ်သည်တချို့ဒဏ်ရာရတာရှိတယ်။ ဟိုဖက်ကတော့ အလောင်း ၊ လက် နက်ရလိုက်တာရှိတယ်။ လက်နက်ကတော့ကျွန်တော်တို့(၅)လက်ရလိုက်တာရှိတယ်။ ကျောက်တော်ဖက်မှာလဲ ထိတွေ့ ဖြစ်ပွားခဲ့တာရှိတယ်။ AAကနေပြီးတော့ တင်းမကျေးရွာမြောက်ဖက်နားမှာ မိုင်း(၃)လုံးဖေါက်တယ်ပေါ့။ ဟိုဖက်ဒီဖက် ထိခိုက်ဒဏ်ရာရမှုမရှိဘူး။”

သြဂုတ်လ(၅)ရက်နေ့ကစပြီး ပလက်ဝမြို့နယ် ၊ဘောင်ဝရွာအနီးတိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေမှုကြောင့် ဘောင်ဝကျေးရွာသား(၂၀၀)ကျော်ဟာ အောက်သဲမဝကျေးရွာဖက်ကို စစ်ရှောင်နေရတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

မနေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအနီးဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ အမျိုးသမီးတဦးလက်နက်ကြီး ကျည်ထိ မှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းပြားမြို့နယ်အတွင်းမှာလဲ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲတွေကြောင့် ပုံသာချောင်းအနီးတဝိုက် က ကျေးရွာပေါင်း(၁၄)ရွာခန့်က ရွာသားတွေ တိုက်ပွဲအတွင်းပိတ်မိနေသလို ရွာအတွင်းသွားလာခွင့်ကို တပ်မတော်ဖက် က ပိတ်ပင်ထားတယ်လို့နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

မနေ့ကမင်းပြားမြို့နယ် တောင်တိုက်ကျေးရွာကို မြန်မာစစ်တပ်ကရောက်လာပြီး ရွာသား(၆)ဦးကို လမ်းပြအဖြစ် ခေါ် ဆောင်သွားခဲ့ပြီး အခုရွာကိုပြန်ရောက်လာပြီးလို့ တောင်တိုက်ကျေးရွာသားတဦးကပြောပါတယ်။

“အဲဒီလူ(၆)ယောက်ဖမ်းသွားတယ်လေ။ ဖမ်းပြီးတော့ပြန်လွှတ်ပေးသွားပြီး။ မြို့ပေါ်ကိုရောက်အောင်ခေါ်သွားတယ်။ အဲဒီကို ရောက်မှ ရဲစခန်းကိုသွားရတယ်။ ရဲစခန်းကနေပြီးတော့ ထောက်ခံစာနဲ့သူတို့လွတ်လာရတယ်။”

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါး နေသလို ဒေသခံကျေးရွာသားတွေလဲ စစ်ဘေးတိမ်းရှောင်နေရမှူတွေပိုမိုများပြားနေပါတယ်။ လက်ရှိရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ရွာသားဦးရေ(၆၀၀၀၀)ကျော်ရှိလာနေပြီးဖြစ်သလို ပလက်ဝမြို့နယ်အတွင်း စစ် ရှောင်(၃၀၀၀)ကျော်ရှိလာနေပြီးလို့ စစ်ရှောင်အကူညီပေးရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG