သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေ့ကျင့်ရေးစခန်း သိမ်းယူခံရမှု မမှန်ကန်ဟု AA ငြင်းဆန်


ရခိုင်လက်နက်ကိုင်AAအဖွဲ့ (ဓါတ်ပုံ ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရခိုင်လက်နက်ကိုင်AAအဖွဲ့ (ဓါတ်ပုံ ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့ရခိုင်လူမျိုးစု လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန် နေသလို ဒေသခံကျေးရွာသားတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲ အခြေအနေမှာ ရှိနေတာပါ။ ဒီရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ်မှာAA စစ်လေ့ကျင့်ရေးစခန်း တခုကို မြန်မာစစ်တပ်ဖက်က သိမ်းပိုက် ရရှိခဲ့တယ်လို့ တပ်မတော်ဖက်က ဒီကနေ့မှာ ထုတ်ပြန် ထားသလို AAဖက်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့ တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား မြို့နယ်ဖက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်းAAလေ့ကျင့်ရေး စခန်းတခုကိုလဲ မြန်မာစစ်တပ်ဖက်က သိမ်းဆီးရမိ တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ရသေ့တောင်ခြေရာတော် နားလေးပေါ့။ ခြေရာတော်ရဲ့အရှေ့ဖက်လောက်မှာ ကျွန်တော်တို့ AAလေ့ကျင့်ရေးစခန်း တခု ကို သိမ်းပိုက်ရမိတာရှိတယ်။ အဲတာကို သတင်းထုတ်ပြန်ထားတာရှိတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ မင်းပြားဖက်မှာတော့ ထိတွေ့တိုက်ပွဲ ကျွန်တော်တို့(၂)ကြိမ်ရှိခဲ့တယ်။ (၂)ကြိမ်ကတော့ ဟိုဖက်ဒီဖက် ထိခိုက်ကျဆုံး မှုတော့မရှိဘူး။ ပလက်ဝမြို့နယ် ဖက်မှာတော့ မနေ့က(၄)ရက်နေ့မှာတော့ ထိတွေ့ တိုက်ပွဲ(၂)ကြိမ် ရှိခဲ့တယ်။ (၃)ရက်နေ့မှာတော့ ကျွန်တော်တို့ ပလက်ဝမြို့နယ်ဖက်မှာ ထရွမ်းအိုင်ဖက်မှာပေါ့။ ထိတွေ့တိုက်ပွဲ(၂)ကြိမ် လောက်ဖြစ်ခဲ့တယ်ဗျ။”

AAအဖွဲ့ရဲ့လေ့ကျင့်ရေးစခန်းကို တပ်မတော်ဖက်က သိမ်းဆီးရရှိခဲ့တယ် ဆိုတဲ့အခြေအနေကို AAဖက်ကနေ ငြင်း ဆန်ခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ဖက်မှာ ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ ကြောင်း AAပြန်ကြားရေး တာဝန်ခံခိုင်သုခကပြောပါတယ်။

“သူတို့ရဲ့လူတွေကို စိတ်ဓါတ်မြှင့်တင်ဖို့အတွက် လေ့ကျင့်ရေး စခန်းသိမ်းဆီး ရမိတယ်ဆိုပြီးတော့ လုပ်ကြံ ဖန်တီးပြီးပြောတာလဲဖြစ်နိုင်တာပေါ့။”

ဒီကနေ့နဲ့ စနေ တနင်္ဂနွေနေ့မှာ ပလက်ဝမြို့နယ် နယ်စပ်မှတ်တိုင် BP-71 နှင့် "ပီတောင်" ပတ်ဝန်းကျင်မှာ တိုက် ပွဲဖြစ်ခဲ့သလို မင်းပြားမြို့နယ် ကုလားမတောင်နဲ့ သလူချောင်းကျေးရွာ အရှေ့ဖက်တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ် ပွါးခဲ့ တယ်လို့ ခိုင်သုခကပြောပါတယ်။

မင်းပြာမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံလူ(၂၀၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင် တွေကို အကူညီပေးဆောင်နေတဲ့ ကျန်းရိပ် ကရုဏာဖေါင်ဒေးရှင်း တာဝန်ခံဦးသိန်းထွန်းကပြောပါတယ်။

“စစ်ရှောင်တွေကအခုနည်းနည်း များနေတယ်လေ။ သေကန်ကျေးရွာမှာ(၁၁၀၀)ကျော်တယ်ခင်ဗျ။ အမ်းသားရွာမှာ(၅၀၀)ကျော် လောက်ရှိမယ်။ သံရှင်သစ်ကျေးရွာမှာ (၇၀)လောက်ရှိတယ်။ နရမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ (၂၀၀)ကျော် လောက်ရှိမယ်။ ပြီးတော့ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ(၄၀၀)လောက်ရှိတယ်။ ရတနာမွန်ကျောင်း မှာ(၁၀၀) ကျော်လောက်ရှိတယ်။ ပုညရာမဘုန်းကြီးကျောင်း မှာလဲ(၁၀၀)ကျော်လောက်ရှိမယ်။”

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သလူချောင်း ကုလားမတောင်ကျေးရွာအပြင် အနီးနားရွာတွေ ဖြစ်တဲ့ဒုံးသား၊ မြင်းတန်မ၊ တောင်ပုတ်ကေ၊ စိတ္တရ၊ ကျောက်ဆောင်၊ ဖုံသာ လက်ခုပ်ကျေးရွာက ဒေသခံတွေဟာ မင်းပြားမြို့ပေါ်နဲ့ သေကန်၊ အမ်းသား၊ နရမ်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ဇူလိုင် ၂၇ ရက်ကနေ ဒီကနေ့အထိဖြစ်ခဲ့တဲ့ မင်းပြားမြို့နယ် ကုလားမတောင် ကျေးရွာအနီး တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ ငါးထောင်ကျော် ရှိလာနေပြီ ဖြစ်သလို ယခုနှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ပန်းမြောင်းနှင့် ရွှေတမာကျေး ရွာဒုက္ခသည်စခန်းက စစ်ရှောင် တစ်ထောင်ကျော် ကလည်း ရှိနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခပြင်းထန်လာတာနဲ့အမျှ ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ဖမ်းဆီးမှုတွေရှိနေဆဲဖြစ်ပါတယ်။

ဒီမနက် ဘူးသီးတောင်မြို့နယ်ထဲက ပြင်ချောင်းမူလတန်းကျောင်းကိုစာသင်ဖို့သွားတဲ့ ကျောင်းဆရာနေဇော်လင်းကို မြန်မာစစ်တပ်ဖက်က ဖမ်းဆီးစစ်ဆေး နေတယ်လို့ ဘူးသီးတောင်မြို့နယ် ပညာရေးမှူးဦးသန်းဖေက ပြောပါတယ်။

“မေးစရာ စမ်းစရာ စစ်စရာလေးတွေရှိလို့ ခဏလေးခေါ်ထားတယ် ဆိုပြီးတော့ဘဲ ကျွန်တော်တို့ကို အကြောင်းကြားတယ်။”

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ မြန်မာစစ်တပ်ဖက်က မသင်္ကာလို့ ဖမ်းဆီးမှုတွေများလာ နေသလို တိုက်ပွဲအတွင်း စစ်ရှောင်ရွာသားအရေအတွက်ဟာ တိုးလာနေပါတယ်။ လက်ရှိမှာ စစ်ရှောင်ဦးရေ(၆၀၀၀၀)နီးပါးရှိလာပြီလို့ ရခိုင်လူမှုအဖွဲ့အစည်းတွေ ကနေ စစ်တမ်းကောက်ယူထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG