သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မြေပုံနဲ့ အမ်းဒေသခံတွေ လုံခြုံရေးစိုးရိမ်


စစ်ရှောင်ပြည်သူများ
စစ်ရှောင်ပြည်သူများ

စစ်ရေးပဋိပက္ခတွေတင်းမာနေဆဲ ရခိုင်ပြည်နယ်ထဲ မြေပုံနဲ့ အမ်းမြို့နယ်မှာ အစိုးရစစ်သင်္ဘောကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကိုပြေးနေကြသလို လုံခြုံရေးအတွက်လည်း အထူး စိုးရိမ်နေကြတယ်လို့ မြေပုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။ စစ်ဘေးကြောင့်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေအပြင် AAတပ်နဲ့ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဖမ်းခံရမှာကို စိုးရိမ်လို့ ပြေးနေရသူတွေက ပိုများလာပြီး ဒုက္ခသည်ဦးရေက ငါးသောင်းသုံးထောင်ကျော်သွားပြီလို့ ကူညီပေးနေသူတွေကပြောပါတယ်။ နောက်ဆုံးအခြေအနေ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေဖြစ်လာတာ လနဲ့ချီလာနေပေမဲ့လို့ အခုချိန်အထိကို တိုက်ပွဲတွေကပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အနီး နယ်ခြားမြစ်အနီးက မြန်မာ့တပ်မတော် ရေတပ်စစ်သင်္ဘောတွေကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဘက်က ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် အစိုးရတပ်က စစ်အင်အားတွေ တိုးချဲ့ချထားလို့ အမ်းနဲ့မြေပုံ ဒေသခံတွေ အထူး စိုးရိမ်ကြောက်လန့်နေကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

" Navy နှစ်စီးက ပေါင်းချောင်နဲ့ ရေခေါင်းချိန် ကျေးရွာကြားက မြစ်ဝတခုမှာ နေရာယူထားတယ်။ပြီးတော့ အဲဒီ Navy က တပ်မတော်သားတွေ စစ်သားတွေက ပေါင်းချောင် ကိုတဖွဲ့ နဲ့ ရေခေါင်းချိန် ကိုတဖွဲ့ အဲဒီရွာတွေမှာ သွားပြီးတော့ စခန်းချထားတယ်ပေါ့။ ရွာသားတွေကတော့ အဲဒီမှာ စစ်တပ်လာပြီဆိုရင် တခုခုများလုပ်မလား ရိုက်တာနက်တာတို့ ဖမ်းတာဆီးတာတို့၊ အဲလိုလုပ်မလားဆိုပြီးတော့ တော်တော်များများကတော့ ရွာထဲမှာ မနေပဲနဲ့ တခြားနီးစပ်ရာ ရွာတွေကိုသွားကြတယ်။ တချို့လည်း သူတို့ လုပ်ငန်းခွင်ရှိရာ လယ်ကွင်းတွေကို တိမ်းရှောင်နေတယ်။ သူတို့ရွာကို လာပြီးတော့ စခန်းချတော့ စိုးရိမ်မှုတွေကတော့ ရှိနေတာပေါ့နော်။”

အခုလိုမျိုး အစိုးရ စစ်ရေယာဉ်တွေကို နှစ်ရက်ဆက်တိုက်ပစ်ခတ်ခံရမှုဖြစ်နေသလို ကျန်တဲ့ ရခိုင်ပြည်နယ်တွင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး ဘက်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေဆဲ-စစ်ရေးတင်းမာမှုတွေဖြစ်နေလို့ သောင်းချီတဲ့ဒေသခံ ပြည်သူတွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာနေရာတွေကနေ ဘေးလွတ်ရာတွေကို အသက်လု တိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး မသင်္ကာမှုတွေနဲ့ဖမ်းဆီးစစ်ဆေးမှုတွေ များလာနေတဲ့အတွက် တိမ်းရှောင်နေကြရသူတွေလည်း ပိုများလာတဲ့အခြေအနေပါ။ ဒီလိုအခြေအနေမှာ မိမိတို့ နိုင်ငံသားတွေအတွက် လုံခြုံကာကွယ်မှု ပေးပါလို့လည်း ရခိုင်ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို မြေပုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြပြောဆိုပါတယ်။

“ဟုတ်ကဲ့ စစ်ပွဲဖြစ်လာပြီဆိုရင်တော့ အဓိက ဒုက္ခရောက်ကြတာကတော့ ကြားက ရွာသားတွေပေါ့နော်။ သူတို့က AA ကိုလည်း ကြောက်ရ တပ်မတော်ကိုလည်း ကြောက်ရနဲ့ စစ်ပွဲရှိနေရင် တပ်မတော်က ဝင်ပြီးတော့ ဖမ်းဆီးတာမျိုး စစ်ဆေးတာတို့ လုပ်နေတာတွေရှိတော့ အဲလိုတိုက်ပွဲဖြစ်မှာကိုလည်း ကြောက်နေရတဲ့သဘောတွေရှိတယ်။ ဘာပဲပြောပြော ရွာနားမှာ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ တပ်ကလာပြီးတော့ ဒုက္ခပေးတယ်ဆိုတဲ့ အတွေ့အကြုံလည်းရှိတယ်။ အဲလိုလည်း စိုးရိမ်မှုတွေရှိတယ် ဖြစ်လည်းဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့က အဲဒါတွေကို ကြောက်ပြီးတော့ ရွာနားမှာ တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ နီးစပ်ရာကို ရှောင်ကြတယ်။ ကိုယ့်ရွာမှာ မနေရဲဘူး။ အဲလိုလုပ်တဲ့အခါမှာ စေတနာရှင်တွေကလည်း ဒုက္ခသည်စခန်းတွေဖွင့်ပြီးတော့ အဲဒီလူတွေကို ကူညီကြရတဲ့ အခြေအနေမျိုးများပါတယ်။ နိုင်ငံတကာကူညီတာကလည်း အကန့်အသတ်ရှိတယ်။ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ ကူညီတာကလည်း အကန့်အသတ်ရှိတယ်။ ဒုက္ခသည် ၅ သောင်း ၊ ၆ သောင်းကို ကူညီဖို့ဆိုတာက သိပ်ပြီးတော့ မလွယ်ဘူး။ အဲဒီအထဲမှာ အင်တာနက်လိုင်းတွေ ပိတ်ထားတဲ့အခါမှာ တကယ့်ဖြစ်ရပ်မှန်ကိုလည်း နိုင်ငံကရော ကမ္ဘာကရော သိခွင့်မရတဲ့အတွက် ပိုပြီးတော့ ပြည်သူတွေဘဝက ကံဆိုးမိုးမှောင်ကျနေတဲ့ သဘောမျိုးရှိပါတယ်။ အဲဒါကြောင့် နိုင်ငံတော်က ဒါတွေကိုလုပ်ပေးဖို့လိုတယ် လို့ ကျနော်ဘက်က မြင်ပါတယ်ခင်ဗျ။”

လတ်တလောမှာတော့ စစ်ဘေးအပြင် ဖမ်းဆီးချုပ်နှောင်ခြင်း အန္တရာယ်တွေအပြင် မိုးများရေကြီးတဲ့ ရာသီဥတုဘေးဒဏ်တွေနဲ့ပါ ရင်ဆိုင်နေကြရတဲ့ ရခိုင်ပြည်သူတွေအတွက် ဘေးကင်းလုံခြုံစွာနဲ့ခိုနားနိုင်မယ့် စခန်းတွေလိုအပ်သလို စားနပ်ရိက္ခာ သောက်သုံးရေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အမ်းနဲ့ မြေပုံမြို့နယ်တွေပါအပါ စစ်ဘေးရှောင်ပြည်သူပေါင်းက ငါးသောင်းသုံးထောင်ကျော်သွားပြီလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC က ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ အခုနောက်ဆုံးကတော့ ကျောက်ဖြူဘက်မှာရော၊ အမ်းမြို့နယ် တချို့ကျေးရွာတွေမှာလည်း စစ်ဘေးဒုက္ခသည်တွေ ရှိလာတယ်။ နောက်တခါကျတော့ နယ်ခြားမြစ်အနီးက ရေတပ်စစ်သင်္ဘောတစီးကို AA က တိုက်လိုက်တဲ့ အခါကျတော့ အဲဒီမှာရှိတဲ့ ကျေးရွာသားတွေက ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်။ အခုလောလောဆည်မှာတော့ ဘယ်လို ဖြစ်နေသလဲဆိုတော့ အထူးသဖြင့် အစိုးရဘက်ကရော နိုင်ငံတကာအဖွဲ့အစည်းတွေကရော လာရောက်ခြင်းမရှိတော့ဘူး ။ စစ်ပြေးဒုက္ခသည်တွေက ထွက်ပြေးလာတဲ့အခါကျတော့ သူတို့မှာ ခိုလုံစရာနေရာမရှိဘူးဖြစ်နေတယ်။ အခုဆိုရင် များသောအားဖြင့်ကတော့ နေစရာကတော့ ဖြစ်သလိုနေကြတယ်။ စားနပ်ရိက္ခာကတော့ ဘာမှ ထောက်ပံ့ကူညီမှုမရှိတဲ့အခါကျတော့ ရှိတာလေးကို စားနေကြတယ် အဲလိုအခြေအနေဖြစ်နေပါတယ်။ စာရင်း အချက်အလက်ကောက်ခံတာကလည်း နည်းနည်းခက်ခဲနေတယ်။ ဒါပေမယ့် ကျနော်တို့ ခန့်မှန်းထားတာကတော့ အကုန်လုံးဆိုရင် ၅ သောင်းနဲ့ ၃ထောင်ဝန်းကျင်လောက်တော့ရှိပါမယ်။”

စစ်ဖြစ်တဲ့နေရာတွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတဲ့အတွက် ကူညီကယ်ဆယ်ပေးနေသူတွေအတွက် လိုအပ်တဲ့ဆက်သွယ်မှု ကူညီကယ်ဆယ်ပေးနေတာတွေအတွက် အခက်တွေ့နေကြရလို့ ရခိုင်နဲ့ချင်းပြည်နယ်က မြို့နယ် (၉)မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားမှုကို အမြန်ဆုံးပြန်လည်သုံးစွဲခွင့်ပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းတဲ့အရေးကြီးအဆိုကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရလို့ လွှတ်တော်အနေနဲ့ ပြည်သူ့အသံကို တင်ပြခွင့်မရတဲ့အခြေအနေဖြစ်နေပြီလို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG