သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားတိုက်ပွဲ ရခိုင်ဒေသခံ ၃၀၀၀ ကျော်ပိတ်မိ


ရခိုင်ဒုက္ခသည်များ (ဇန်နဝါရီလ ၂၅ ရက် ၂၀၁၉)
ရခိုင်ဒုက္ခသည်များ (ဇန်နဝါရီလ ၂၅ ရက် ၂၀၁၉)

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့တို့ မင်းပြားမြို့နယ် အတွင်းဖြစ်ပွား နေတဲ့ တိုက်ပွဲကြောင့် ဖုံသာချောင်းဒေသ တဝိုက်က ရွာသား(၃၀၀၀)ကျော် တိုက်ပွဲအတွင်းပိတ်မိနေသလို ရွာအတွင်း ဝင်ထွက်သွားလာမှုကို မြန်မာစစ်တပ် ဘက်ကပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ AA အဖွဲ့အနေနဲ့ အဲဒီကျေးရွာတွေကို အခြေပြုပြီး လှုပ်ရှားနေတာကြောင့် လိုအပ်တဲ့စိစစ်မှုတွေ လုပ်ရတာဖြစ်တယ်လို့ တပ်မတော်ဘက်က တုံ့ပြန်ထားပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားတာပါ။

တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသဘက်မှာ မြန်မာစစ်တပ်ဖက်ကနေ ဝင်ထွက် သွားလာခွင့် ပိတ်ပင် ထားတဲ့အတွက် ရွာသားတွေအခက်တွေ့နေတယ်လို့ ဒေသခံ ပုလဲတောင်ရွာသားတဦးက ပြောပါတယ်။

“ဖုံသာချောင်းမှာရှိတဲ့ အဲဒီရွာတွေ အပိတ်ခံထားရတယ်။ အဝင်အထွက်လုပ်လို့မရဘူး။ အဲဒီနေရာတွေက ရေလမ်းနဲ့ သွားတာ။ ရာမောင်တံတားကနေ စက်လှေနဲ့သွားတယ်။ အဲတာစစ်တပ်က ပိတ်ထားတယ်။ ရွာထဲမှာ ဈေးဆိုင်တွေ မှာရှိတဲ့ စားနပ်ရိက္ခာတွေလဲကုန်နေပြီ။ စားနပ်ရိက္ခာတွေကလဲ သယ်ယူခွင့်မရဘူး။ နောက်တချက်က ကျန်းမာရေးကလဲ ဆေးရုံတက်ရမယ့် လူတချို့ဆေးရုံ မတက်ရဘူး။”

ပိတ်မိနေတဲ့ ကျေးရွာက ရွာသားတွေဟာ မိုးတွင်းကာလမှာ ဖုံသာချောင်းရေလမ်းကိုသာ အဓိကအသုံးပြုနေရ တာဖြစ်ပြီး ဖုံသာချောင်း၀ လက်ခုပ်ကျေးရွာမှာ အခြေပြုထားတဲ့ မြန်မာစစ်ကြောင်း ကနေ ရေလမ်း သွားလာခွင့်ကို ပိတ်ပင် တားမြစ်ထားတယ်လို့သူကဆိုပါတယ်။

ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့သံဃာတော်တွေကနေ ပိတ်မိနေတဲ့ ကျေးရွာသားတွေရဲ့ အခြေအနေကို သိရှိ ဖို့ဒီကနေ့မှာ သွားရောက်ခဲ့ပေမဲ့ မြန်မာစစ်တပ်ဖက်က ဒေသအတွင်း ဝင်ခွင့်မပြုဘူးလို့မင်းပြားမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အခုလိုပြောပါတယ်။

“မရောက်ပါဘူး။ ကျွန်တော်တို့သွားခဲ့တယ်။ အဲဒီမှာသူတို့ ပထမဂိတ်ဖြစ်တဲ့ ဒီလက်ခုပ်ရွာမှာ ရွာထဲမှာ ချထားတဲ့တပ်က ကျွန်တော်တို့ကို အဲဒီမှာခေါ်တွေ့ပြီးတော့ သူတို့အပေါ်ကိုတင်တယ်။ အပေါ်ကကျွန်တော်တို့ကို သွားခွင့်မပြုဘုူး။ အသက်အန္တရာယ် စစ်ဖြစ်နေတဲ့ ဒေသဖြစ်တဲ့အတွက် သွားခွင့် မပြူဘူးဆိုပြီးတော့ အကြောင်းပြန်ပြောတယ်။ အဲဒီဒေသ မှာ အထဲမှာ ပိတ်မိနေတာကတော့ ပြည်သူ(၃၀၀၀)ကျော်ကျော်လောက် ရှိသေးတယ်။ ရွာပေါင်းကတော့ ချင်းတိုင်းရင်း သားအပါဝင်နဲ့ ဆို ရွာ(၃၀)လောက်ရှိတယ်။”

မင်းပြားမြို့နယ် ဖုံသာချောင်းထဲက စေတီရံ၊ ငတက်၊ ကျောက်မော်၊ ဖုံသာပုလဲတောင်၊ အိုပုံတောင်၊ ပြိုင်ချောင်း၊ ငန်း တက်၊ ခွဆုံ၊ နတ်မော်၊ တောင်ပုတ်ကေ၊ ညောင်ခြုံ၊ ကျောက်ဆုံ၊ စိတ္တရ၊ လက်ခုတ် စတဲ့ ဒေသခံကျေးရွာသားတွေဟာ တိုက်ပွဲကြောင့် ပိတ်မိနေကြတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး မင်းပြားမြို့နယ်ထဲက ကုလားမတောင်နဲ့ သလူချောင်းကျေးရွာ တောင်တန်း ပေါ်မှာ မြန်မာစစ်တပ်နဲ့ AAတို့အကြား တိုက်ပွဲရက်ဆက်ဖြစ်ပွား လာခဲ့အပြီး အခုလို အနီးဝန်းကျင် ရွာတွေကိုလဲ သွားလာခွင့် ပိတ်ပင်လာခဲ့တာပါ။

သြဂုတ် ၅ ရက်ကလဲ မင်းပြားမြို့နယ် ဆရာတော်အချို့က ပိတ်မိနေသူတွေကို စက်လှေနဲ့သွားခေါ်ဖို့ ကြိုးစားပေမဲ့ မြန်မာစစ်တပ်ဖက်ကခွင့်မပြုခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း ဝင်ထွက်သွားလာခွင့်ပိတ်ပင်တာနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကအခုလိုပြောပါတယ်။

“အဲဒီဖုံသာချောင်းရဲ့အနောက်ဖက်မှာတိုက်ပွဲတွေ ပြီးခဲ့တဲ့ရက်တွေ ဖြစ်နေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီဒေသခံ တွေဟာ စက်လှေတွေနဲ့ သွားတဲ့အခါမှာ သောင်းကျန်းသူတွေဟာ ရွာသားအသွင်တွေနဲ့ပဲ ဒီရွာတွေကို အခြေခံတာ။ ကျွန်တော်တို့ ပြီးခဲ့တဲ့(၂)ရက်လောက်က အဲဒီဖုံသာချောင်းနားမှာ ရွာတွေရှိတယ် အများကြီးပါဘဲ။ အဲဒီရွာတွေကနေပြီး တော့မှ AAသောင်းကျန်းသူ ရှိတဲ့နေရာကိုသွားပြီးတော့မှ ထမင်းထုတ်တွေသွားဝေတာ။ ကျွန်တော်တို့ထမင်းထုတ်တွေ ထောင်နဲ့ချီပြီးဖမ်းမိတာ။ ရွာသားတွေကိုတော့ ကျွန်တော်တို့ဘာမှ ဟိုဟာ မဖြစ်လိုက်ပါဘူး။ ရွာသားတွေတော့ ထွက်ပြေး သွားတယ်။ ကျွန်တော်တို့က ဒီရွာတွေသည် သောင်းကျန်းသူတွေနဲ့ အခြေခံတဲ့ ရွာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်တဲ့ စိစစ်မှုတွေ လုပ်ရတာပေါ့။ ”

ဒီနေ့မနက်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ရေပုတ်ရွာက အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သလို ကျောက်တန်းရွာသား (၂)ဦးလဲ အဖမ်းဆီးခံထားရတယ်လို့ ကျောက်တန်းကျေးရွာသားတဦးကပြောပါတယ်။

“ကျောက်တန်း မြောက်ဖက်(၂)ဖာလုံ(၃)ဖာလုံ လောက်မှာတိုက်ပွဲဖြစ်တယ်။ တနာရီလောက် ပစ်သံကြား လိုက်ပါတယ်။ တိုက်ပွဲအခြေအနေက ကျွန်တော်တို့ ကမသိဘူး။ ကျွန်တော်တို့ အသံကြားတာနဲ့ ပြေးပြီး။ တပ်ကတော့ ရွာထဲကိုသေနတ် ပစ်ပြီးတော့ ဝင်သွားတယ်။ ကျွန်တော်တို့က ကျောက်တန်းက လူ(၂)ယောက် ဖမ်းခေါ်သွားပါတယ်။ နောက်ပြီး လက်နက်ကြီးနဲ့ပစ်တာ ရေပုတ်ရွာက မရင်စိုးဆိုတဲ့မိန်းမမှာ ခြေထောက်မှာဒဏ်ရာရသွားပါတယ်။ ဗမာ့တပ်မတော်ကပစ်တာ လေ။”

တိုက်ပွဲဖြစ်စဉ်အတွင်း ကျောက်တန်းရွာသားတွေ အားလုံးနီးပါး ရွာက တိမ်းရှောင်သွားကြသလို ရွာထဲမှာ ကျန်နေတဲ့ လူအထဲက(၂)ယောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားတာလို့ဆိုပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ်ကြောင်း အတည်ပြုပြော ပေမဲ့ အသေးစိတ်မသိရ သေးဘူးလို့ဆိုပါတယ်။

တပ်မတော်ဖက်ကတော့ ဒီကနေ့ ရသေ့တောင်မြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ပြောပါတယ်။

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးရှိနေပြီး AAအဖွဲ့နဲ့ဆက်စပ် တယ်ဆိုတဲ့သံသယနဲ့ဖမ်းဆီးခံရသူပေါင်း (၁၇၀)ခန့်ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG