သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဍားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေလမ်းပေါ် ဗုံးကွဲ


စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်း ပေါ်မှာ ဒီမနက် ဗုံးနှစ်လုံးကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ပါဘူး။ မနေ့ကလဲ မြို့နယ်(၅) မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့ တို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား နပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ကျေးရွာ မြောက်ဘက် စစ်တွေ- ရန်ကုန်ကားလမ်းမပေါ် ဒီမနက်ပိုင်းမှာ ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ် အဆုံးပေါ့။ ဗိုလ်တထောင်အနားမှာလေ ဘုန်းကြီးကျောင်း နားမှာ။ ဗုံးပေါက်တဲ့နေရာက ရွာကြား နဲ့ဘုန်းကြီးကျောင်းအကြား လမ်းဘေးမှာ။ အဲတာကားလမ်းကို ပိတ်ထားတယ်လေ။ ခဏလေးပိတ်တာ တနာရီလောက်။”

ဗုံးပေါက်ကွဲအပြီး ရန်ကုန်-စစ်တွေကားလမ်းအတွင်း ကားသွားလာမှုကို ယာယီပိတ်ပင်ထားသလို နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့တွေကနေ လမ်းတလျှောက်နဲ့ ကျေးရွာအတွင်းရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ ဗုံး(၂)လုံးပေါက်ကွဲမှုမှာ ထိခိုက်မှုတွေ မရှိပေမဲ့ ဒေသခံရွာသားတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ ဒေသခံ တွေကဆိုပါတယ်။

မနေ့ကလည်း ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအကြားနဲ့ မယူရှင်မနတ်ကွန်းအနီးမှာ ပစ်ခတ်သံကြား နေရတယ်လို့ ကုလားချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှရွှေကပြောပါတယ်။

“ကျွန်တော်တို့ရွာအလွန် တမိုင်ကျော်ကျော်ခန့်မှာ တံတားရှိတယ်။ မယူရှင်မနဲ့ မနီးမဝေးပေါ့။ မြောက်ဖက်ကို ကျတယ် လေ။ အဲဒီတံတားဖက်က ပေါက်သံတခုတော့ကြားတယ်။ ပေါက်သံကြားတော့ ကျွန်တော်တို့ ရွာကလဲ ဆူသွားတာဘဲ။ ဒိန်းကနဲပေါက်ပြီးတော့ ကျွန်တော်တို့ ပစ်သံကတော့ (၁၀)မိနစ်ခန့်ကြာတယ်။ လက်နက်ကြီးကြီးကတော့ ငါးလုံး လောက် ကြားတယ်။ လက်နက်ငယ်ကတော့ ခန့်မှန်းလို့မရဘူး။”

တိုက်ပွဲဖြစ်ပွားစဉ်မှာ ကုလားချောင်းကျေးရွာသားတွေကလဲ တခြားနီးစပ်ရာ ရွာတွေဘက်ကို တိမ်းရှောင်သွားရတယ် လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒီရသေ့တောင်မြို့နယ်ကုလားချောင်းရွာအနီးဖြစ်တဲ့ တိုက်ပွဲမှာ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကနေ တိုက်ခိုက်ခဲ့တာ လို့AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဇူလိုင်လ(၃၀)ရက်နေ့မှာဘဲ နေ့လယ်(၂)နာရီ(၃၀)မိနစ်အချိန်မှာ ရသေ့တောင်မြို့နယ် ကုလားချောင်းရွာနဲ့ မန်ကျီး ချောင်းရွာအကြားမှာ အင်အား(၈၀)လောက်ပါတဲ့ မြန်မာစစ်တပ်ရဲ့စစ်ကြောင်းကို ကျွန်တော်တို့ရခိုင့်တပ်တော် ကနေ ပြီးတော့ ကြားဖြတ် တိုက်ခိုက် ခဲ့တာရှိတယ်။ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပေမဲ့လို့ ရန်သူဘက်ကနေပြီးတော့ (၅)ဦး ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူတွေလဲ အများအပြားရှိတယ်။”

မနေ့ကတရက်ထဲမှာဘဲ ရသေ့တောင် ၊ ဘူးသီးတောင် မြောက်ဦးနဲ့ ကျောက်တော်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထဲမှာ တိုက်ပွဲ (၅)နေရာဖြစ်ပွားခဲ့ကြောင်း ခိုင်သုခက ဆက်ပြောပါတယ်။

“(၃၀)ရက်နေ့ မနက်(၉)နာရီလောက်မှာ ဘူးသီးတောင်မြို့နယ် ဖုံညိုလိတ်ရွာ နဲ့ထိပ်တူးပေါက်ရွာ အကြားမှာ အင်အား (၇၀)လောက်ရှိတဲ့ ဗမာစစ်တပ်ရဲ့ စစ်ကြောင်းတခုကို ကျွန်တော်တို့ ရခိုင့်တပ်တော်ကနေ ကြားဖြတ်တိုက်ခိုက် ခဲ့တာ ရှိတယ်။ နောက်တခုက ကျောက်တော်မြို့နယ်၊ လိုင်းမတ်ရွာနဲ့ဆင်ခြုံရွာအကြားမှာ အင်အား(၂၅၀)လောက်ရှိတဲ့ ဗမာ စစ်ကြောင်းကို ကျွန်တော်တို့ ရခိုင့်တပ်တော်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ မြောက်ဦးမြို့နယ် အောက်သ ကန်နဲ့ဘူးရွက်မညှိုးရွာအကြားမှာ ဗမာစစ်ကြောင်းကို ကျွန်တော်တို့ရခိုင့်တပ်တော်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ နောက်တနေရာကတော့ ပလက်ဝမြို့နယ်ရဲ့ အထက်ပိုင်းမှာ အဲဒီမှာ ကျွန်တော်တို့ ရခိုင့်တပ်တော်ကို ထိုးစစ် ဆင်ဖို့အတွက်လုပ်နေတဲ့ ရန်သူ့စစ်ကြောင်းကို ကျွန်တော်တို့ ရခိုင့်တပ်တော်ရဲ့ စနိုက်ပါတပ်ဖွဲ့တွေက သွားရောက်ပစ် ခတ်ခဲ့တာရှိတယ်။ အဲဒီမှာ ရန်သူဖက်က (၃)ဦးကျဆုံးတာပေါ့နော်။”

မနေ့ကလဲ ဘူးသီးတောင်မြို့နယ်၊ ဥယာဉ်သာကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ မြန်မာစစ်တပ်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေဆဲလို့ သူကဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဖက်က(၁၀)ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ AA ဖက်က ပြောဆိုနေပြီး သီးခြားအတည် မပြုနိုင်သေးပါဘူး။ မနေ့ကနဲ့ ဒီကနေ့ ဗုံးပေါက်ကွဲမှု နဲ့ တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေကိုသိရှိဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဆက်သွယ် မေးမြန်းရာမှာ ဗုံးပေါက်ကွဲမှု အခြေအနေကို မသိရှိပေမဲ့ မနေ့ က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအခုလိုပြောပါတယ်။

“မနေ့ကတော့ ဖုံညိုလိတ်ဖက်မှာ ထိတွေ့မှု ဖြစ်ခဲ့တာလေးရှိတယ်။ နေ့ခင်းပိုင်းကနေ ညနေပိုင်း အထိပေါ့။နှစ်ဖက် ထိခိုက်ကျဆုံးမှု ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။ မြောက်ဦး၊ ကျောက်တော် ဖက်မှာ တော့မနက်ပိုင်းကျွန်တော်တို့ တကြိမ် ဖြစ်ခဲ့တာရှိပါတယ်။ အဲဒီမှာလဲ ကျွန်တော်တို့ ထိခိုက် ဒဏ်ရာရမှု မရှိပါဘူး။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ တို့အကြား တိုက်ပွဲတွေ ကျယ်ပြန့်စွာဖြစ်ပွားနေ ပြီး ဒေသခံကျေးရွာသား(၅၅၀၀၀)ကျော်ဟာလဲ စစ်ဘေးတိမ်းရှောင် နေရဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG