သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ဘူးသီးတောင်တိုက်ပွဲ  ရွာသားထောင်ဂဏန်း နေရပ်တိမ်းရှောင်


ရခိုင်ပြည်နယ် ၊ဘူးသီးတောင် ၊မင်းပြားမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AAရခိုင် လက်နက်ကိုင်အဖွဲ့ တို့ မနေ့ကနဲ့ ဒီကနေ့ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးနေရပါတယ်။

ဒီမနက် ဘူးသီးတောင်မြို့နယ် ၊ စံကိုးထောင်ကျေးရွာအုပ်စု ဖြစ်တဲ့တိုက်ပွဲမှာ ရွာသားတဦးထိခိုက်ဒဏ်ရာရပြီး လူထောင်ချီ ထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့က မင်းပြားမြို့နယ်အတွင်း တိုက်ပွဲမှာလဲ ကျေးရွာသား(၆၀၀) နီးပါး တိမ်းရှောင် ထွက်ပြေး နေရပါတယ်။ အကြောင်းစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စုဘက်မှာ ဒီမနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး သျှစ်သျှားတောင် ၊ ဥယျဉ်သာ ၊ နွားရုံတောင်ကျေးရွာက ရွာသားထောင်ချီ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စံကိုးထောင်ကျေးရွာသား တဦးကပြောပါတယ်။

“ရွာထဲမှာက တိုက်ပွဲတွေရှိနေတယ်။ ဒီနေ့မနက်ကလဲအလုံး(၂၀)လောက် ရှစ်လုံး ကိုးလုံးပေါက်စဉ်မှာ ကုလားရွာက တယောက်ထိသွားတယ်လို့သိရတယ်။ ဆင်သေပြင်၊ မူဆလင် ကုလား တယောက်ထိတယ်။ သေတော့မသေဘူး။ ငါတို့ ကစေတီတောင်မှာ ရှိနေတာ။ ဥယာဉ်သာရယ် သျှစ်ရှားတောင်ရယ် နွားရုံတောင်ရယ် အကုန်လုံးထွက်ပြေးတာ။ ခန့်မှန်းခြေ ဆိုလူ (၃၀၀၀)ကျော်ကျော်ပေါ့။”

ဒီနေ့မနက်မှာ မြန်မာစစ်တပ်ကနေ စံကိုးထောင်ကျေးရွာအုပ်စုထဲက ဥယာဉ်သာရွာထဲ ဝင်ရောက်လာပြီး စစ်ဆေးမှု တွေ လုပ်ဆောင်ခဲ့တယ်လို့ ဥယာဉ်သာကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“ဥယာဉ်သာမှာတော့ သူတို့ မြန်မာ့တပ်မတော်ကလာပြီးတော့ ရွာတွေကို တအိမ်တက်ဆင်း ဘာကြောင့် စစ်တယ်ဆိုတာ တော့ကျွန်တော်လဲ မပြောတတ်ဘူး။ ရွာသားတွေက မရှိဘူးတယောက်မှ။ သက်ကြီးတွေ လေး -ငါး- ခြောက်ယောက်တော့ ဘုန်းကြီးကျောင်းမှာဘဲ ရှိတယ်လို့သိရတယ်။ ကျန်တဲ့လူတော့ စံကိုးထောင်အုပ်စုကလူတွေ အကုန်လုံးသွားပြေးနေ ကြတယ်။”

စံကိုးထောင်အုပ်စု စစ်ရှောင်ရွာသားတွေအနေနဲ့ စေတီတောင် စစ်ရှောင်စခန်းမှာ (၁၆၀၀)ကျော် ရောက်ရှိနေပြီး တခြား စစ်ရှောင်စခန်းတွေမှာလဲ တိမ်းရှောင်နေကြတယ်လို့ စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကပြောပါ တယ်။

“ဒီကိုရောက်နေတဲ့လူတွေက စေတောင်ရယ် ၊ကံပြင်ရယ်၊ စပါးထားရယ် ၊ကွမ်းတောင် ၊ နွားရုံတောင် စံကိုးထောင်၊ ဥယာဉ် သာသျှစ်ရှားတောင် ဒီရွာကလူတွေ(၁၆၀၀)ကျော်ကျော်လောက်ရှိပါတယ်။ နွားရုံတောင်ကလဲ ရွာသား(၁၂၀)ကျော် လောက် ဒီမှာစေတီတောင်မှာဘဲတိမ်းရှောင်လာကြတာ။ တခြားတွေမှာလဲ ဘူးသီးတောင်လဲသွားတယ်။ ဇေယျာပြင်ကို လဲသွားတယ်။ ခွဆုံကိုလဲသွားတယ် ဆင်ခုန်းတိုင်ကိုလဲသွားတယ်။ စားသောက်နေထိုင်ရေးကအခက်ခဲရှိတာကိုး။ သူ တို့ က ကြောက်လန့်ပြီးတော့ ဒီမှာ ပြေးလာတော့သူတို့မှာ အဝတ်မပါ အစားမပါ တကိုယ်တည်း ပြေးလာကြ တာကိုး။ ဒါနဲ့စားရေးသောက်ရေးတော့ အခက်ခဲရှိတာပေါ့။”

မနေ့ကလဲ မင်းပြားမြို့နယ် ၊ ကုလားမတောင်ကျေးရွာဖက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင့်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုလားမတောင် ကျေးရွာသား (၆၀၀)နီးပါးခန့် ဟာ မင်းပြားမြို့နဲ့ စေကန်ကျေးရွာဖက်မှာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကုလားမတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီရှည်က ပြောပါတယ်။

“ရွာသားတွေကတော့ ကြောက်လန့်ပြီး တိမ်းရှောင်နေပါတယ်။ လူဦးရေကတော့ (၅၀၀) (၆၀၀)လောက်တော့ ရှိမှာပေါ့။ သူကတော့ထွက်ပြေးသွားပါတယ်။ ကျွန်တော်ကတော့ တားဆီးလို့မရပါဘူး။ လူ(၈)ယောက်တော့ ခေါ်သွားတာတော့ ကြားတယ်။”

တိုက်ပွဲဖြစ်ပွါးအပြီး ကုလားမတောင်ကျေးရွာသား(၈)ဦးကို မြန်မာစစ်တပ်ဖက်ကနေ လမ်းပြအဖြစ် ခေါ်ဆောင်သွား ခဲ့ပြီး ဒီကနေ့မှာ နေရပ်ပြန်လည်ရောက်ရှိလာပြီလို့ သူကဆိုပါတယ်။

မင်းပြားမြို့နဲ့စေကန်ကျေးရွာဖက်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေအတွက် လူမှုကူညီရေးအဖွဲ့အစည်း တွေကနေ သွားရောက် အကူညီပေးဆောင်နေကြပြီလို့ မင်းပြားမြို့၊ ကျန်းရိပ်ကရုဏာဖေါင်ဒေးရှင်း တာဝန်ခံ ဦးသိန်း ထွန်းကပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှု နဲ့ပက်သက်ပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာ ဘူးသီးတောင်ဘက်တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်းပြောဆိုခဲ့သလို မနေ့က မင်းပြားမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောပါတယ်။

“ထိတွေ့မှု အခြေအနေ ဒီနေ့တော့ဘာမှမရှိဘူး။ မနေ့ကတော့ ကုလားမတောင်ရဲ့အရှေ့ဖက်နားမှာ နာရီဝက်လောက် တော့ တိုက်ပွဲဖြစ်လိုက်တာ ကုလားမတောင်ရဲ့အရှေ့ဖက်ကြောပေါ့။ (၉)နာရီခွဲ လောက်ကစဖြစ်တာ (၁၀)နာရီ လောက်မှာပြီးသွားတယ်။ ထိခိုက်ကျဆုံးလဲ ကျွန်တော်တို့ဘက်က ဘာမှမရှိဘူး။”

ဘူးသီးတောင်နဲ့မင်းပြားမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးနေတာနဲ့ပက်သက်ပြီး ရခိုင်လက်နက်ကိုင် AAပြန်ကြားရေး တာ ဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက် တော်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် ဒီဇင်ဘာလအစောပိုင်းကနေ ဒီကနေ့အထိဖြစ်ပွား ခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော်အထိ ရှိလာနေပြီးဖြစ်သလို သူတို့ရဲ့နေထိုင်စားသောက်ရေးဟာလဲ အခက်ခဲရှိ နေတယ်လို့ စစ်ရှောင်အကူညီပေးရေး အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG