သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နှင့် AA တို့ ပလက်ဝနှင့် မင်းပြားတွင် တိုက်ပွဲပြင်းထန်


ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA ( ဓါတ်ပုံ -ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)
ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA ( ဓါတ်ပုံ -ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA ရဲ့ လေ့ကျင့်ရေးစခန်းတခုကို တပ်မတော်က သိမ်းလိုက်နိုင်တယ်လို့ ပြောတာကို AA ဘက်ကငြင်းပါတယ်။ ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေ ဘက်မှာ တိုက်ပွဲဖြစ်တာတွေကိုတော့ နှစ်ဘက်စလုံးက အတည်ပြု ပြောဆိုပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်လည်း တနေ့တခြား တိုးလာနေပါတယ်။

ဒီအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား ရခိုင်ပြည်နယ်မင်းပြားမြို့နယ်နဲ့ချင်းပြည်နယ် ပလက်၀ မြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မနေ့ကပလက်ဝတိုက်ပွဲမှာ တပ်မတော်ဖက်ကနေ AAယာယီတဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့က မင်းပြားဖက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ပလက်ဝမြို့မှာလဲကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့တာရှိတယ်။ မင်းပြားဖက်မှာက ကျွန်တော်တို့ဆီကနေ ထိခိုက်ဒဏ်ရာရရှိမှုတယောက်ရှိခဲ့တယ်။ ပလက်ဝတောင် ဖက်ခြမ်းမှာတော့ ကျွန်တော်တို့ နှမဒါကျေးရွာရဲ့အရှေ့တောင်ဖက် တိုက်ပွဲဖြစ်ခဲ့တာ ထိတွေ့မှုဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီမှာတော့ကျွန်တော်တို့ AAအခြေပြုထားတဲ့ ယာယီစခန်းတခုရလိုက်တာရှိတယ်။ အဲဒီမှာတဲ(၃၂)လုံးလောက်ရှိတယ်။ ကျည်ဆံတချို့နဲ့ဘက္ထရီတို့ဘာတို့ အဲဒီရလိုက်တာရှိတယ်။”

မနေ့က ပလက်ဝတိုက်ပွဲမှာ AAယာယီစခန်းတခု သိမ်းပိုက်ခံရတဲ့အခြေအနေကို AAဖက်ကအတည်မပြုနိုင်သေးသလို မင်းပြားနဲ့ပလက်ဝမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြောင်း AAပြန်ကြားရေးတာဝန်ခံခိုင်သုခက အခုလိုပြော ပါတယ်။

“စိတ်ဓါတ်ရေးရာပျက်ပြားနေတဲ့ သူတို့ရဲ့ရဲဘော်တွေကို စိတ်ဓါတ်ရေးရာမြှင့်တင်ဖို့အတွက် လေ့ကျင့်ရေးစခန်း သိမ်း ဆီးရမိတယ်ဆိုပြီးတော့ ဒီလိုမျိုးလုပ်ကြံဖန်တီးပြီးတော့ ပြောတဲ့ဥစ္စာတော့ဖြစ်နိုင်တာပေါ့။ ပလက်ဝမြို့နယ်ထဲမှာတော့ သြဂုတ်လ(၅)ရက်မနက်(၉)နာရီမှာ နှမဒါရွာရဲ့အရှေ့ဖက်ပေါ့နော် တောင်တန်းပေါ်နေပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့ တာရှိ တယ်။ အထက်ပီရွာရဲ့အနောက်မြောက်ဖက်က အဲဒီမှာတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဒီမင်းပြား မြို့နယ်ကုလးမတောင် တောင်တန်းပေါ်မှာပေါ့နော် ထိးစစ်ဆင်လာတဲ့ဗမာစစ်တပ်နဲ့ ကျွန်တော်တို့ ရခိုင်တပ်တော် တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဒီသြဂုတ်လ(၅)ရက်နေ့တိုက်ပွဲဖြစ်စဉ်တလျှောက်လုံးမှာ ဗမာစစ်တပ်ဖက်ကတော့ ကျဆုံးတဲ့သူ(၁၃)ဦးရှိတယ်။ ဒဏ်ရာရတဲ့သူ(၂၀)ကျော်ရှိတယ်။”

AA ကပြောတဲ့ မြန်မာ့တပ်မတော်ရဲ့ ထိခိုက် ကျဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ဒါ့အပြင်ဒီလိုဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မင်းပြားမြို့နယ်ပုံသာချောင်းဖက်မှာရှိတဲ့ နန်းတက် ညောင်ခြုံ ကျိုက်ချောင်း စတဲ့ရွာတွေကိုလဲ မြန်မာစစ်တပ်က ရေလမ်းခရီးပိတ်ပင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်အတွင်းတိုက်ပွဲတွေမှာ သလူချောင်း ကုလားမတောင်အပါဝင် ကျေးရွာ (၁၀)ရွာဝန်းကျင်က ရွာသား(၂၅၀၀)လောက်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလဲ မြန်မာစစ်တပ်နဲ့AAတို့တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ (၄၀၀၀)နီးပါးရှိလာ နေတယ်လို့ ချင်းပြည်နယ်အစိုးရဖက်ကအတည်ပြုပြောဆိုပါတယ်။

ဒေသအတွင်း လုံခြုံရေးအရနေထိုင်ဖို့ ခက်ခဲတဲ့စစ်ရှောင်တွေအတွက် ပလက်ဝမြို့ပေါ်မှာ နေရာချထားပေးမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“နေရာချဖို့လုပ်ထားပါတယ်။ အခု AAက ဘင်္ဂလားဒေ့ကိုခေါ်သွားတဲ့ (၅၂)ဦးထဲကနေ (၁၂)ဦးပြန်လာတာတသုတ် ရှိတယ်။ မိသားစု(၄)စုပေါ့။ အဲဒီဟာတွေကျွန်တော်တို့ပလက်ဝမှာ လကရှိကျွန်တော်တို့မြေကွက်ချထားပေးတယ်။ အခုနောက်ထပ်လွှတ်ပေးလိုက်လို့ အခုရောက်လာတဲ့ (၃၁)ရက်နေ့ကလွှတ်လိုက်တဲ့ (၃၉)ယောက်။ အဲတာတွေလဲ လောလောဆယ်သူတို့မီးဇာဘက်ရောက်နေတယ်။ မီးဇာဖက်ကနေ ပလက်ဝဖက်မှာ သူတို့စစ်ဘေးရှောင် လုံခြုံရေး အရ စိတ်မချချင်လို့ နေမယ်ဆိုလဲ ကျွန်တော်တို့ နေရာချထားဖို့ စီစဉ်ထားပါတယ်။”

ပြီးခဲ့တဲ့လကုန်ပိုင်းက ဘင်္ဂလားနယ်စပ်ဖက်မှာတိမ်းရှောင်နေတဲ့ ပလက်ဝမြို့နယ်က ကင်းသလင်းစစ်ရှောင်ရွာသား တွေကို နေရာချထားပေးမှာဖြစ်ပြီး တခြားကျေးရွာက စစ်ရှောင်တွေကိုလဲ သူတို့ရဲ့ဆန္ဒအရ နေမယ်ဆိုရင် မြေကွက် ချထားဖို့စီစဉ်နေတယ်လို့လဲ ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့တိုက်ပွဲစဉ်အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ (၆၅၀၀၀)နီးပါး ရှိလာနေပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG