သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်အရေး အစိုးရကူညီမှု ရခိုင်ကိုယ်စားလှယ်များ ဝေဖန်


ရခိုင်ဒုက္ခသည် (Rakhine Ethnics Congress)
ရခိုင်ဒုက္ခသည် (Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေကိုအစိုးရပိုင်းက ဘယ်လိုကူညီဆောင်ရွက်ပေးနေလဲဆိုတာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။ အစိုးရဖက်ကလွှတ်တော်ကိုတင်ပြချက်တွေဟာ မြေပြင်မှာရှိတဲ့အချက်အလက်တွေနဲ့ကွဲလွဲနေတာပြီးအစိုးရအနေနဲ့ ရခိုင်ပြည်သူတွေရဲ့လိုအပ်ချက်ကိုအသေအချာ ဖြည့်ဆည်းပေးနိုင်ဖို့လိုအပ်ချက်တွေရှိတယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဝေဖန်ခဲ့ကြပါတယ်။ဗွီအိုအေသတင်းထောက်မမေခသတင်းပေးပို့ထားတာပါ။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်အစိုးရဘယ်လိုကူညီစောင့်ရှောက်ပေးမလဲဆိုတာမေးခဲ့ပါတယ်။

ဝန်ကြီးဌာနဘက်က ရခိုင်ကတိုက်ပွဲရှောင်ပြည်သူတွေ ယာယီနေထိုင်ဖို့စခန်း၇ခုကို ငွေကျပ်သန်းတစ်ထောင်ကျော် အသုံးပြုပြီး အစိုးရကလက်ရှိမှာ ဆောက်လုပ်ပေး နေတယ်လို့ ဆိုပါတယ်။ ဒီပြင် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါ တယ်။

“ကျနော်တို့တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် လက်ရှိနိုင်ငံတော်အနေနဲ့ ထောက်ပံ့ ပေးနိုင်တာ လုံလောက်မှုရှိရဲ့လားဆိုတာနဲ့ပတ်သတ်လို့ နိုင်ငံတော်အနေနဲ့လုံလောက် စွာနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်း ကျနော့်အနေနဲ့ ပြောလိုပါတယ်။ နိုင်ငံတော်အနေနဲ့ဆောင်ရွက်တဲ့ နေရာမှာလည်း နိုင်ငံတော်ကိုယ်စား ကျနော်တို့ ဝန်ကြီးဌာနပဲ မဟုတ်ပါဘူး။ သက်ဆိုင်ရာဌာနအလိုက် ဝန်ကြီး ဌာနတွေအသီးသီးကလည်း ပူးပေါင်းပါဝင်လျက်ရှိပါတယ်။ စောစောက လူမှုအဖွဲ့အစည်းတွေလာ ရောက် ထောက်ပံ့ပေးနေမှုအပိုင်းကိုလည်း ကျနော်တို့ အနေနဲ့ နိုင်ငံတော်အနေနဲ့ ပြည်နယ်အစိုးရအနေနဲ့ သတ်မှတ်ထားခြင်း၊ ကန့်ကွက်ထားခြင်း မရှိပါဘူး။ လာရောက်ထောက်ပံ့တာကို လက်ခံပေးနေပါတယ်။ ဒီအခြေအနေ မှာ ဘာတခုပဲ ကန့်သတ်မှုဖြစ်နေလဲဆိုတော့ လုံခြုံရေးအရေ ကန့်သတ်မှုဘဲရှိပါတယ်”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတပ်မတော်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့ကြားဖြစ်ပွား နေတဲ့တိုက်ပွဲတွေကြောင့်ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရသူအရည်အတွက်ဟာ အစိုးရ ဘက်ကတော့ ဒုက္ခသည် ၂သောင်းကျော်သာရှိတယ်လို့ဆိုပေမယ့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ၅သောင်းကျော်နီးပါးရှိတယ်လို့ဆိုပါတယ်။

လက်ရှိ အစိုးရဘက်က ကူညီဆောင်ရွက်နေမှုတွေနဲ့ပတ်သတ်လို့ မေးခွန်းမေးမြန်းခဲ့ တဲ့ ဦးဖေသန်းက

“ဒုက္ခသည်အခြေအနေက တပူပေါ် ၂ပူဆင့်ပေါ့နော်။ ဒီရေဘေးဒုက္ခပါကြုံနေရတယ်။ အဲဒါ ကြောင့် အခြေအနေဆိုးနေပါတယ်။ မူလနေရာတွေကို ပြန်ဖို့ဆိုတာကလည်း တိုက်ပွဲတွေရှိနေလို့ ပြန်သွားလို့ မရဘူး။ စားဝတ်နေရေးကလည်း မပြေလည်ဘူး။ ပြီးတော့ရှေ့အနာဂါတ်ဘာနဲ့ စားမလဲ။ လုပ်ငန်းခွင် အိုးအိမ်တွေလည်း ပစ်ထားရတယ်။ ဒုက္ခသည်တွေအခြေအနေက ပြင်ပအကူညီမျှော်နေရ တယ်။ အဲဒါမလာရင် တော်တော်လေး ဒုက္ခရောက်နေပါတယ်။”

တိုက်ပွဲရှောင်ပြည်သူတွေ လိုအပ်ချက်အတွက် အစိုးရပိုင်းဘက်က ဖြည့်ဆည်းပေးနိုင် မှုဟာ မြေပြင်အခြေအနေနဲ့ အစိုးရတင်ပြချက်တွေ ကွဲလွဲမှုတွေရှိနေတဲ့အပေါ် သုံးသပ်ဖို့နဲ့ ပြည်သူတွေလိုအပ်ချက် အမှန်တကယ်ပြည့်အောင်ဖြည့်ပေးဖို့ တိုက်တွန်းလိုက်သူ ကတော့ ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် မထုမေပါ။

“ကျမအနေနဲ့ကတော့ အစိုးရက ဒုက္ခသည်ကိစ္စပြည့်ပြည့်ဝဝဆောင်ရွက်တယ်လို့မထင် ပါဘူး။ ကျမသွားတုန်းကပြည့်ပြည့်ဝဝဆောင်ရွက်တာမတွေ့ခဲ့ပါဘူး။ လူမှုအဖွဲ့စည်း တွေကိုဆို သွားဖို့လာဖို့ လှုဖို့ကန့်သတ်တာ၊ လှုမယ့်ပစ္စည်းကန့်သတ်တာတို့၊ သဒ္ဒါတရားတောင်ကန့်သတ်တာ ကျမတို့ရခိုင်ပြည်နယ်မှာ ပထမဆုံးတွေ့ရတာပါ။အပြည့်အ၀ ကူညီနေတယ် ပြည်သူတွေအပြည့်အ၀ ရရှိနေတယ်ဆိုတာ ကျမ လက်မခံနိုင်ပါဘူး။ မြေပြင်မှာ ကျမတို့သွား တုန်းကတောင် သက်ဆိုင်ရာ လူကြီးတွေနဲ့ သွားတာတောင် အကန့်အသတ်နဲ့ပဲ လှုတာတွေပေးလုပ်တယ်။ ဒုက္ခသည်စခန်းကို သွားတာလည်း အကန့်အသတ်နဲ့ ပစ္စည်းတွေတောင် အကန့်အသတ်နဲ့ ဘယ်ဘက်ရောက်မယ်၊ ညာဘက်ရောက်မယ်ဆိုပြီး အကြောင်းပြချက်တွေလဲ အများကြီး။ အစိုးရ တင်ပြတဲ့အချက်အလက်တွေကကို ကျမတို့က ဘယ်လောက်အထိ ဒီအပေါ်မှာ နေပြီးတော့ မှန်မှန်ကန်ကန်ရှိသလဲဆိုတာ ဒီအပေါ်မှာ သုံးသပ်ဖို့ လိုပါမယ်။”

အစိုးရအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အတွက်လိုအပ်ချက်ကိုလက်ရှိမှာထောက်ပံ့ဆောင်ရွက်ပေးနေသလိုပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာလည်းစီမံဆောင်ရွက်ပေးသွားမယ်လို့ဒုတိယဝန်ကြီးဦးစိုးအောင်ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ရခိုင်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားတိုက်ပွဲ တွေကြောင့် စစ်ဘေးဒုက္ခသည် တွေ ရှိလာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG