သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တန်းဖြစ်စဉ် လူ့အခွင့်အရေးချိုးဖောက်မှုမရှိဟု ကော်မရှင် ထုတ်ပြန်


ကျောက်တန်းဖြစ်စဉ် အတွင်း ဒဏ်ရရသူများကို စစ်တွေဆေးရုံသို့ပို့ဆောင်
ကျောက်တန်းဖြစ်စဉ် အတွင်း ဒဏ်ရရသူများကို စစ်တွေဆေးရုံသို့ပို့ဆောင်

ကျေးရွာသား ၆ ဦး သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်ကျောက်တန်းရွာ ပစ်ခတ်မှုနဲ့ပတ်သက်လို့ လုံခြုံရေးတာဝန်ရှိသူတွေဖက်က လူအခွင့်အရေးချိုးဖောက်မှုတစုံတရာ မတွေ့ရဘူးလို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ ဒီတွေ့ရှိမှုဟာ တကယ့် အဖြစ်အပျက်အခြေအနေမှန်နဲ့ ကွဲလွဲမှုရှိနေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေ့နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဖက်က ဝေဖန်ပါတယ်။ မမေခ စုံစမ်းမေးမြန်းထားတာပါ။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ မေလ အစောပိုင်းက ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ သားတွေကို တပ်မတော် ဘက်က ဖမ်းဆီး စစ်ဆေးမှုနေချိန်အတွင်းမှာ ညပိုင်း ပစ်ခတ်မှုဖြစ်ပြီး ထိန်းသိမ်းခံနေရတဲ့ ရွာသား ၆ ဦး သေဆုံးခဲ့တာပါ။ အဲဒီအချိန်မှာ ကျေးရွာကျောင်းဝန်းထဲ ရွာသား၃၀၀ လောက် ထိန်းသိမ်းခံထားရပြီး၊ ပစ်ခတ်မှုကြောင့် လူ ၈ ဦးလည်း ထိခိုက်ဒဏ်ရရခဲ့ပါတယ်။ ဒါဟာ တမင်သက်သက်ပစ်ခတ်တာဆိုပြီး ဖမ်းဆီးခံရသူတွေက ပြောပေမယ့်၊ တပ်မတော်ဖက်ကတော့ ထိန်းသိမ်းခံထားရသူတွေဟာ လူအုပ်နဲ့ ရန်ပြုဖို့လုပ်တာကြောင့် ပစ်ခတ်နှိမ်နင်းရတာလို့ ပြောထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြီးခဲ့တဲ့ မေလကုန်ခါနီး မှာ ၃ရက်ကြာ မြေပြင်ကွင်း ဆင်းစစ်ဆေးမှု တွေ လုပ်ခဲ့တာဖြစ်ပြီး ဒီတွေ့ရှိချက်အစီရင်ခံစာကို ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ အပါအဝင် သက်ဆိုင်ရာ ကာကွယ်ရေးနဲ့ ပြည်တဲရေး ဝန်ကြီးဌာနတွေကို ပေးပို့ခဲ့တယ် လို့ အဲဒီအဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်နဲ့ပတ်သတ်လို့ ဦးယုလွင်အောင်ပြောပြတာက

“စုစုပေါင်းပစ်ခတ်တဲ့ ပစ်ချက်က ၁၈ချက် ရှိတယ်ပြောတယ်။ လူ့အခွင့်အရေးချိုးဖောက်တာထက် မထင်မှတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်တော့ သူကလည်း ကိုယ့်ကြောက် ကိုယ်ကလည်း သူ့ကြောက်နဲ့ ပစ်ခတ်တဲ့ အနေအထားကို တွေ့ရပါတယ်။ ဗြုန်းကနဲဖြစ်တဲ့ အခြေအနေမှာဖြစ်တာကို ဒါကိုလည်း အပြစ်လို့ပြောဖို့ရာတော်တော်ခက်ပါတယ်။ အဲဒီနေရာမှာ ကိုယ်သာ တကယ်ရှိရင် ဘယ်လိုဖြစ်မလဲ။ ဝေဖန်တဲ့သူတွေအနေနဲ့ အဲဒေသကိုသွား ကြည့်တာပိုကောင်းမယ်ထင်တယ်။ ရန်ကုန်ကနေပြီး ဝေဖန်နေတာနဲ့ အဖြစ်မှန်ရမယ်မထင်ဘူး။ သူတို့တွေအနေနဲ့ ဖြစ်တဲ့ နေရာတွေ သေချာသွား လေ့လာသင့်တယ်လို့ အကြံပြုချင်ပါတယ်။”

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ကျေးရွာသားအချို့ဟာ AA လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်လို့ သံသယရှိသလိုပဲ၊ ကျေးရွာသားတွေဖက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် စိုးရိမ်ကြောက်ရွံမှုတွေရှိနေတယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဒေသခံကျေးရွာသူ ကျေးရွာသားများအကြား အပြန်အလှန် ယုံကြည်မှုတည်တောက် ရန်လိုအပ်တာ၊ နောက်နောင် ဒီလိုအဖြစ်မျိုးမဖြစ်အောင် လုပ်ဖို့ အကြံပြုတင်ပြထားတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ကော်မရှင်အနေနဲ့ ဒီအဖြစ်အပျက်အပေါ် ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ရသလဲ၊ ကော်မရှင်ထဲမှာ တပ်မတော်အရာရှိဟောင်းတွေပါ ပါဝင်နေတာမို့ စုံစမ်းမှုတွေဟာ ဘယ်လောက် တရားမျှတနိုင်ချေရှိသလဲ စသဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေဖက်က မေးခွန်းထုတ်နေပါတယ် ။အထူးသဖြင့် ကော်မရှင်ထုတ်ပြန်ချက်ဟာ တပ်မတော်ဖက်က ထုတ်ပြန်ချက်နဲ့ မထူးမခြားနားဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။

ကော်မရှင်ရဲ့ထုတ်ပြန်ချက်ဟာ လက်တွေ့နဲ့ ကွာဝေးနေပြီး အစိုးရအနေနဲ့ အဖြေမှန်တခု ပေါ်ပေါက်အောင် သေချာစစ်ဆေးပေးဖို့လိုတယ်လို့ ရသေ့တောင် မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က တိုက်တွန်းပါတယ်။

“ ဆရာမတို့ကတော့ ဘာပဲဖြစ်ဖြစ်အမှန်တရားတခု ဖြစ်ပေါ်စေချင်ပါတယ်။ ဥပဒေ ချိုးဖောက်ခဲ့တဲ့ သူတွေကို ပြည်သူတွေနဲ့နည်းတူ အရေးယူနိုင်ဖို့ ဆရာမတို့တွေ ပြည်သူနဲ့ ထပ်တူလိုလားပါ တယ်။ အစိုးရ အနေနဲ့ တာဝန်ယူ စစ်ဆေးဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။ ဖြစ်စဉ်အခြေအနေကို လေ့လာကြည့်ပါ။ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေပါတယ်လို့ ဆရာမက ပြောချင်တယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း ကတော့ လူ့အခွင့်ရေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထုတ်ဖော်တာမှာ ပြည်သူဘက် ရပ်ဖို့လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာအင်မတန် အကျဉ်းချုပ်ဆန်တယ်လို့ မြင်တယ်။ ဒီပြဿနာက ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် လေ့လာသုံးသပ် စမ်းစစ်ပြီးတော့မှ ထုတ်ပြန်ထားတဲ့ သဘောမျိုး ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်တယ်။ ဒီထက်ပိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးတာတွေ မေးမြန်းတာတွေ ၊ သုံးသပ်တာတွေ လုပ်ပြီးတော့ ဒီထက်ပိုပြီးတော့ အားကောင်းပြည့်စုံတဲ့ အစီရင်ခံစာမျိုးကို ထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

အဲဒီဖြစ်ရပ်အပေါ် တပ်မတော်ဘက်ကလည်း သီးခြားအဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာ မှာ ရခိုင့်တပ်မတော် AA နဲ့ ပတ်သက် နေတယ်ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသားနဲ့ လူငယ်တွေကို ဆက်ပြီး ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ထိန်းသိမ်းထားစဉ် စစ်တပ်က ပစ်ခတ်တာကြောင့် လူသေဆုံးတဲ့ဖြစ်စဉ်ကို လွတ်လပ်တဲ့ စုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂဘက်က တိုက်တွန်း ထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံး က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG