သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်


ရခိုင်ပြည်နယ်တွင်း တိုက်ပွဲပြမြေပုံ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲပြမြေပုံ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေသလို မြို့နယ်တချို့မှာ တပ်မတော်က လူဦးရေနဲ့ ခရီးသွားလာမှု စစ်ဆေးတာတွေလည်း ရှိနေပါတယ်။ ဒီကနေ့ ပုဏ္ဏားကျွန်းမှာဖြစ်တဲ့ တိုက်ပွဲမှာဆိုရင် တပ်မတော်ဘက်က လေကြောင်းအကူသုံးပြီးတော့ကို အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ( ဓါတ်ပုံ -MP Oung Thaung Shway)
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ( ဓါတ်ပုံ -MP Oung Thaung Shway)

ရခိုင်ပြည်နယ်အတွင်းမြို့နယ်တချို့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို တပ်မတော်ဘက်က လူဦးရေစာရင်းစီစစ်တာတွေ၊ ခရီးသွားလာရေးမှာ စစ်ဆေးတာတွေကို ပိုလုပ်လာနေ တာပါ။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီကနေ့ အင်္ဂါနေ့ နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေပြီး တပ်မတော်က လေကြောင်းအကူသုံး တိုက်ခိုက်ခဲ့တဲ့အထိ ပြင်းထန်တယ်လို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခကပြောပါတယ်။

“ဒီနေ့တိုက်ပွဲဖြစ်နေတဲ့ဥစ္စာကတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ပညာဝဆိုတဲ့ရွာရဲ့ အနောက်မြောက်ဖက်မှာ ဖြစ်နေတယ်ဗျ။ ယိုးချောင်းနဲ့တောဖျားချောင်းကြားမှာရှိတယ်။ ဒီနေ့မနက်(၁၀)နာရီခွဲကစပြီးတော့ တိုက်ပွဲကတော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဗျ။ သူတို့ဟယ်လီကော်ပတာနှစ်စီးနဲ့လာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်ဗျ။ ထိခိုက်မှုအခြေအနေ ကတော့ ဗမာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုပိုများတယ်ဗျ။ နောက်ဆုံးအခြေအနေကတော့ ဗမာ့တပ်မတော်ဘက်ကနေ အဲဒီဒေသထဲကို သူတို့အင်အားအလုံးအရင်းနဲ့နေပြီးတော့မှ ထိုးစစ်ဆင်နေတယ်။ ရွာသားတွေကိုလည်း သူတို့ အကုန်လုံး ပိတ်လှောင်ထားတဲ့သဘောရှိတယ်ဗျ။ ဘယ်နေရာမှ သွားခွင့်မပြုဘူး အဲဒီလိုမျိုး။”

ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေတော့မရှိပါဘူး။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ( ဓါတ်ပုံ -MP Oung Thaung Shway)
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ( ဓါတ်ပုံ -MP Oung Thaung Shway)

နိုဝင်ဘာလကုန်ပိုင်းကစပြီး ဒီကနေ့အထိ ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်တွေမှာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့အကြားဖြစ်တဲ့ တိုက်ပွဲအရေအတွက် ၄၀ ထက်မနည်း ရှိသွားပါပြီ။

ရခိုင်တပ်မတော် AA က ရခိုင်ပြည်နယ်အတွင်း စိမ့်ဝင်လာခြေရှိတဲ့ အခြေအနေကြောင့် တပ်မတော်ဘက်က လုံခြုံရေး စစ်ဆေးမှု တွေ တိုးပြီးလုပ်ဆောင်လာနေတာပါ။

ရခိုင်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ဘူးသီးတောင်မြို့နယ်ဘက်မျာ တပ်မတော်က စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ ် ဦးအောင်သောင်းရွှေကပြောပါတယ်။

“စစ်ဆေးမှုတွေကတော့ ကျွန်တော်တို့ဘူးသီးတောင်မြို့နယ် စံကိုးထောင်ကျေးရွာအုပ်စု စံကိုးထောင် သျှစ်သျှား တောင် ဥယာဉ်သာဆိုတဲ့ရွာတွေကို ကျွန်တော်တို့လေးမြို့နယ်ခြားစောင့်စခမ်းကနေပြီးတော့ ခေါ်ယူစစ်ဆေးမှုတွေ နေ့တိုင်းလိုလို ရှိနေပါတယ်ခင်ဗျ။ မနေ့ကဆိုလို့ရှိရင် ကျေးရွာတွေကလူတွေက ည(၉)နာရီထိုးတောင်မှ ပြန် မရောက်သေးဘူး။ ကျွန်တော်ဆီကိုဖုန်းဆက်ပြီးတော့အောကာင်းကြားပါတယ်။ ကျွန်တော်ကလဲသက်ဆိုင်တဲ့ နယ် ခြားစောင့်တပ်စခမ်းမှူးကို ပြောတာပေါ့နော်။ဘာလို့ဒီလိုအချိန်ကြာကြာကြီးထားရတာလဲ။ သူတို့ကစစ်ဆေးပြီးရင် လွှတ်တယ်လို့ပြောတာဘဲ။ ဒါပေမဲ့သူတို့လွှတ်တဲ့အချိန်ဟာ မတည်ငြိမ်တဲ့ဒေသမှာ ည(၈)နာရီ(၉)နာရီမှာပြန် လွှတ်တယ်ဆိုတော့ သူတို့ရဲ့လုံခြုံမှုအတွက်အန္တရာယ်ရှိတယ်။”

ဘူးသီးတောင်မြို့နယ် ကျေးရွာတချို့ကို စစ်ဆေးရတဲ့ အကြောင်းရင်းကိုလည်း ဦးအောင်သောင်းရွှေက အခုလိုဆက်ပြောပါ တယ်။

“အဲဒီဘက်မှာ ဗုံးပေါက်သွားတာတခုရှိတယ်လေ။ ဆိုတော့နောက်တခါသူတို့ကို သူပုန်တွေကိုရိက္ခာတွေထောက်ပံ့တယ်။ အဲဒီလိုမျိုးမေးတယ်လို့ပြောတယ်။ သူတို့က ဒီလိုထောက်ပံ့တယ် ကူညီတယ်ဆိုတာက ဟုတ်ခြင်းမဟုတ်ခြင်းကတပိုင်းထား။ ဒါကိုစီစစ်ဖို့ကတော့တာဝန်ရှိတယ်။ ဒါပေမဲ့စီစစ်တဲ့အခါမှာ စံနစ်တကျစီစစ်ဖို့လိုတယ်။ ဒီလို ဖိအားပေးပြီးမှလုပ်လို့ရှိရင် ပြည်သူတွေကကြောက်လန့်မှုတွေဖြစ်နေတယ်။”

အစိုးရတပ်မတော်နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဘူးသီးတောင်နဲ့ ရသေ့တောင်အသွား ကားလမ်းမှာ ဒီဇင်ဘာ ၆ ရက် နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေဆုံးသွားခဲ့ပါတယ်။

ရန်ကုန်-စစ်တွေလမ်းပေါ်က စစ်တွေ-ကျောက်တော်-မြောက်ဦးလမ်းပိုင်းမှာ ခရီးသည်တင်ကားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က စစ်ဆေးတာတွေ ပိုများလာနေတယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။

“အဲဒီစစ်ပွဲတွေကြောင့် ရန်ကုန်စစ်တွေကားလမ်းမကြီးပေါ်မှာ အစစ်ဆေးတွေများတာတော့ဟုတ်ပါတယ်။ အရင်က စာရင်တော့ အခုစစ်ဆေးမှုက ပိုတယ်လို့ဘဲပြောရပါမယ်။ ခရီးသွားတွေရဲ့အခက်ခဲဆိုလို့ရှိရင်တော့ လမ်းကြောတခုလုံးမှာ ခရီးရောက်မယ့် အချိန်နဲ့နဲနဲနောက်ကျသွားမယ်လို့ဘဲပြောရမှာပေါ့လေ။ ဟိုနားမှာစစ်လိုက် ဒီနားမှာစစ် လိုက် တံတားတခုဂိတ်တခု အဲဒီလိုစောင့်ပြီးတော့စစ်ဆေးမှုလေးတွေ ခရီးသွားတွေအတွက်က နှောင့်နှေးနေတာ အမှန်ပါဘဲ။”

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရသေ့တောင်မြို့နယ် ကျောက်တန်း ထီးစွဲကျေးရွာအနီးမှာ တပ်မတော်ပိုင်ကားတစီး တိုက်ခိုက်ခံရပြီး တပ်မတော်သား(၃)ဦးသေဆုံးပြီး(၁၀)ဦးထက်မနဲထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်လဲရှိခဲ့ပါတယ်။ လက်ရှိထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာရဲစခမ်းကနေစစ်ဆေးနေဆဲလို့ ကျောက်တန်းကျေးရွာသား တဦးကပြောပါတယ်။

“ထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်စစ်တယ်လို့ပြောတယ်။ စစ်ဖြစ်တဲ့ကိစ္စထင်တယ်။ သူတို့ရွာအရှေ့မှာဖြစ်နေတာ။”

ဒီရက်ပိုင်းအတွင်းဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်တရာကျော် ဘူးသီးတောင်မြို့နယ် စိုင်ဒင်ဈေးရွာကို မနေ့ကတိမ်းရှောင်ရောက်ရှိနေတယ်လို့ ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင်သောင်းရွှေကပြောပါတယ်။

“စစ်ရှောင်တွေကတော့ ကျွန်တော်တို့ဒီ ပုဏ္ဏားကျွန်းမြို့နယ်အထက်သင်ပုန်းတန်း ကျေးရွာအုပ်စုကဖြစ်ပါတယ်။ မီးကျောင်းခုတ်ကျေးရွာရယ် နောက်ပြီးတော့အဝကျေးရွာရယ်ဆိုပြီးတော့နှစ်ရွာကပေါ့နော်။ လူဦးရေက(၁၂၀) လောက်ရှိတယ်။ အခုကျွန်တော်တို့ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာအုပ်စု စိုင်းပြင်ဈေးရွာမှာရောက် နေပါတယ်ခင်ဗျ။ ဟိုတလောကဖြစ်တဲ့တိုက်ပွဲဟာသူတို့နဲ့နီးစပ်တယ်လို့ပြောပါတယ်။ သူတို့ကြောက်ပြီး တော့ရှောင်လာကြတာဖြစ်တယ်။

ပုဏ္ဏားကျွန်းမြို့နယ်အထက်သင်ပုန်းတန်းကျေးရွာမှာလဲ စစ်ရှောင်(၃၀၀)ကျော်ရောက်ရှိနေပြီး စားနပ်ရိက္ခာနဲ့ စောင်အဝတ်အထည်တွေလိုအပ်နေဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG