သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး စိုးရိမ်မကင်းဖြစ်မှု ရှိဆဲ


မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရခိုင်ဘက်ကို ပြန်ပြောင်းရွှေ့ရမယ့် ရိုဟင်ဂျာဒုက္ခသည်သိန်းချီ နေရပ်ရင်းပြန်ရေး စိုးရိမ်နေကြတာကြောင့် တကယ်အပြီးမပြန်ခင် ကိုယ်တိုင် အရင်ပြန်လေ့လာကြည့်ဖို့ ကုလက တိုက်တွန်းနေပေမဲ့လည်း ဒုက္ခသည်အများစုကတော့ လုံခြုံရေး စိုးရိမ်ချက်တွေနဲ့ လုံးဝ မပြန်လိုကြသေးဘူးလို့ ငြင်းဆန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက် ပြန်သွားရရင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အတူလိုက်ပါခဲ့ရင် ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲက IDP ဒုက္ခသည်စခန်းတွေမှာပဲ ခိုလှုံနေရဆဲ မူဆလင်ဒုက္ခသည်တွေ အတွက်တောင် ခိုင်မာတဲ့ဘဝ အာမခံချက်နဲ့ လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတာမို့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ ပြန်လာဖို့မသင့်သေးဘူးလို့ စစ်တွေ မူဆလင်ဒုက္ခသည်တွေကပြောဆိုကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးကင်းစခန်းတွေကို ARSA အစွမ်းရောက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း လုံခြုံရေးအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ အဲ့ဒီ့ဒုက္ခသည်၇သိန်းကျော်ထဲက နှစ်ထောင်ကျော်ကို အုပ်စုလိုက် ပထမဆုံးအသုတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်မှာ ပြန်ပို့ဖို့ စီစဉ်ထားခဲ့ပေမဲ့ တဦးတယောက်မှ နေရပ်မပြန်ရဲ ခဲ့ကြပါဘူး။

ပြန်လာကြမယ့်သူတွေအတွက် ပြန်လည်လက်ခံနေရာချထားရေး အစီအစဉ်တွေက အဆင်သင့်ဖြစ်နေပါပြီလို့ မြန်မာအစိုးရက ပြောဆိုထားပေမဲ့လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းကိုပြန်နိုင်လောက်အောင် မြန်မာနိုင်ငံဘက်မှာ ခိုင်မာတဲ့ ဘဝအာမခံချက် သူတို့အတွက် အသက်အန္တရာယ်လုံခြုံရေး-နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေးတွေပေးဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် မပြန်လာကြတာလို့ဆိုပါတယ်။ ကုလသမဂ္ဂဘက်ကတော့-ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်မပို့ပဲ သူတို့ကိုယ်တိုင် သူတို့နေရမယ့်နေရာတွေကို အရင် ကိုယ်တိုင်သွားလေ့လာကြဖို့ တိုက်တွန်းထားပါတယ်။

လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ မပြန်လိုကြသေးတဲ့ ဒုက္ခသည်တွေအများစုကတော့ မြန်မာအစိုးရကို တောင်းဆိုထားတာတွေအပါအဝင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့တွေ သူတို့နဲ့အတူ လိုက်ပါခဲ့မယ်ဆိုရင်တော့ ပြန်ရဲကြမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အနီး ဘာလုခါလေ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံ ကပြောပါတယ်။

"ကျနော်တို့ကို မြန်မာပြည်တွင်းပြန်ပို့မယ်ဆိုရင် UN အဖွဲ့အသည်း ကျနော်တို့နဲ့ အတူတကွ ပါရှိရမယ်။ ဒါမှသာ ကျနော်တို့ စိတ်ချလုံခြုံမှုနဲ့ ပြန်လို့ရမှာပါ။ အဓိကတော့ ကျနော်တို့တောင်းဆိုချက်တွေကို မြန်မာအစိုးရဘက်က လက်ခံဆောင်ရွက်မယ်ဆိုရင် ဒါဟာ ချောချာမောမော အဆင်ပြေနိုင်ပါတယ်။"

ပြန်လာမယ့်ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေး ဘင်္ဂလား-မြန်မာ နယ်စပ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြားစခန်းတွေဖြစ်တဲ့ ငါးခူရ၊ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင် စတဲ့ ယာယီလက်ခံရေးကြားစခန်းတွေကိုတော့ မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်အောင် စီစဉ်ထားပြီးဖြစ်တယ်လို့ ပြောဆိုထားတာပါ။

ဒါပေမဲ့လို့ ရခိုင်ပြည်နယ်ထဲမှာပဲ လူမျိုးရေး-ဘာသာရေးဆန်တဲ့ အဓိကရုဏ်းအကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက နေရပ်ရင်းကနေ တိမ်းရှောင်နေရပြီးတော့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေရဆဲ ဒုက္ခသည်တွေအတွက်တောင်မှ ခိုင်မာတဲ့ ဘဝအာမခံချက် မရှိသေးသလို လုံခြုံရေးစိုးရိမ်မှုတွေရှိနေဆဲပဲလို့ စစ်တွေမြို့နယ် IDP ဒုက္ခသည်စခန်းနေ မူဆလင်ဒုက္ခသည်တဦးဖြစ်တဲ့ ဦးခင်မောင်ထွန်းက သူတို့ရဲ့စိုးရိမ်ချက်ကို အခုလိုပြောဆိုလိုက်ပါတယ်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ပြည်တွင်းမှာ စစ်တွေIDP camp မှာ ၂၀၁၂ ကတည်းကနေ နေထိုင်နေသူတွေကို ခိုင်လုံတဲ့ ဘာတခုမှ အာမခံချက်မရှိဘူး၊ ဒီလူတွေရဲ့ နေရပ်ပြန်ဖို့လည်းဘာမှ မလုပ်ပေးဘူး။ သူတို့စားဝတ်နေရေး၊ အစစ အရာရာ ကို အစိုးရက ဘာမှ မလုပ်ပေးဘူး။ IDP စခန်းဆိုပြီးတော့ လှောင်ပိတ်ထားတယ်။ သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်၊ ပညာသင်ခွင့်ကိုလည်း ကန့်သတ်ထားတယ်၊ ဒီနိုင်ငံတကာက ထောက်ပံ့တဲ့ ဆန်ဆီဆားတွေလည်း အတိုင်းအတာနဲ့ပဲရတယ်။ ပြောရမယ်ဆိုရင် သူတို့အကုန်လုံး အနာဂတ်ပျောက်နေတယ်။ အဲဒီအချိန်မှာ ဟိုဘက်ကိုသွားပြီးတော့ ခိုလုံနေသူတွေကို ခေါ်နေတယ်ဆိုတာက သူတို့ ဘယ်လိုမှ လာလို့မဖြစ်ဘူး ။ အထူးသဖြင့် ဒီမှာရှိတဲ့လူတွေက ဒီနိုင်ငံတကာက ထောက်ပံ့တဲ့ပေးနေတာတွေကိုပဲ စားပြီးတော့ အသက်ရှင်ရမလား၊ သူတို့အနာဂတ်ဆိုတာက ဘယ်မှာလည်း ဒါတွေက ဟိုဘက် ဘင်္ဂါလားဒေ့ရှ်ဘက်ကိုရောက်နေတဲ့ ဒုက္ခသည်တွေက အမြဲစောင့်ကြည့်လေ့လာနေတာဖြစ်တယ်။ Concern တွေရှိတယ်။ ဘယ်လိုရှိတယ် ဘာညာပေ့ါလေ။ ကျနော်တို့လည်း သိနေတာပဲ ဒီလူတွေကို အစိုးရဘက်က ဘာတခုမှ ဘာမခံချက် တခုမှ မလုပ်ပေးနိုင်ခဲ့ဘူး။"

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အမေရိကန်အောက်လွှတ်တော်ကနေ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို Genocide လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ်ခေါ်ဆိုဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတာကို ကြုံခဲ့ရတဲ့ဒုက္ခသည်တွေဘက်ကတော့ ဆုံးရှုံးနစ်နာမှုတွေ အတွက် မျှတတဲ့ တရားစီရင်မှုရရေး ၊ အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူရရှိရေး၊ဘေးကင်းလုံခြုံမှုရှိရေးနဲ့ သူတို့ရဲ့နေရပ်ရင်းတွေမှာ ပြန်လည်နေရာချ ထားပေးရေး စတဲ့ အခွင့်အရေးတွေအပြည့်အဝပေးဖို့ မြန်မာအစိုးရကို တောင်းဆိုနေကြတာပါ။

"ဘင်္ဂလားဒေ့ရှ်ကို ရောက်နေသူတွေကို ခေါ်တယ်ဆိုတာက အစိုးရဘက်ကခေါ်တိုင်း လာဖို့မသင့်တော်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ သူတို့ ဌာနေကို ပြန်လာမယ်ဆိုရင်နောက်တကြိမ်သူတို့ကို သတ်မယ်ဖြတ်မယ်ဆိုတာတွေက ဖြစ်မှာပဲ။ ဆိုတော့ သူတို့တွေကို သတ်မယ်ဖြတ်မယ်ဆိုတာ လုံးဝမလုပ်ဖို့ဆိုတာ ကတိကဝတ်လည်းမပေးဘူး။ ဆိုတော့ သူတို့တွေကို ပြန်ခေါ်တယ်ဆိုတာက သူတို့ဒီမှာရောက်လာတယ်ဆိုရင် သူတို့ကို နိုင်ငံသားအခွင့်အရေးတွေ ပေးရမယ် ၊ သွားလာခွင့်တွေ ပေးရမယ်၊ စားရေးသောက်ရေး ဒါတွေ အစစအရာရာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်တွေ ပြီးရင် အခြေခံလူ့အခွင့်အရေးအကုန်လုံး ဆိုသမျှကို ပေးမှ သူတို့လာမှာဖြစ်တယ်။"

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားပေမဲ့လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ကုလသမဂ္ဂ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်နေဆဲလို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG