သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ဆုံးဖြတ်ချက် ရိုဟင်ဂျာဒုက္ခသည်တွေ ကြိုဆို


မြန်မာပြည်ဘက်ကို ပြန်ပို့မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြသူများ
မြန်မာပြည်ဘက်ကို ပြန်ပို့မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြသူများ

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အောက်လွှတ်တော်က ဆုံးဖြတ်ပြီး တခဲနက်အတည်ပြုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆို လိုက် သလို ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုတွေ အတွက် တရားမျှတမှုရစေဖို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ကြပါတယ်။ ရိုက်တာ သတင်းသမား ၂ ယောက်ကို အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန်အောက်လွှတ်တော်က တောင်းဆိုသလိုပဲ ရခိုင်မြောက်ပိုင်းဖြစ်ရပ်တွေကို သတင်းဖော်ထုတ်ပေးခဲ့တဲ့ သတင်းသမားတွေကို ဖမ်းဆီးနှိပ်ကွပ်မှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရကို ရိုဟင်ဂျာမူဆလင်တွေက တောင်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့မှုကို Genocide ခေါ် လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် ခေါ်ဆိုသတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ရက်နေ့က ထောက်ခံမဲ ၃၉၄မဲ ကန့်ကွက်မဲ ၁မဲနဲ့ တခဲနက် ဆုံးဖြတ်ခဲ့ကြတာပါ။ ရိုက်တာ သတင်းထောက် ၂ ဦး ဖမ်းဆီးခံရတဲ့ ၁ နှစ်ပြည့်ချိန်မှာပဲ အခုလို အမေရိကန်လွှတ်တော်ဘက်က သူတို့နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အခုလို ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေဘက်ကလည်း ကြိုဆိုကြပါတယ်။ လူအများအပြားသေဆုံးခဲ့ရတဲ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ဆုံးရှုံးနစ်နာမှုတွေ အတွက် တရားမျှတမှုရဖို့ ဆောင်ရွက်ပေးဖို့ကိုလည်း ဒုက္ခသည်တွေဘက်က တောင်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာမူဆလင် ဦးမောင်မောင်က အခုလို အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်းပြောပါတယ်။

“ရိုဟင်ဂျာလူမျိုးတွေ သတ်ဖြတ်ခံရတာကို သူတို့က မဲခွဲဆုံးဖြတ်လိုက်တာကို ကျနော်တို့ အဓိက သတ်ဖြတ်ခံရတဲ့ ကျနော်တို့ ခံစားချက်တွေကို သူတို့နားလည်ပြီးတော့ အတည်ပြု မဲခွဲ ဆုံးဖြတ်လိုက်တာကို ကျနော်တို့က ဝမ်းသာပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က အဲဒါကို ကြိုဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ သံအမတ်က ပြောသွားတာလေ အခု မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲပြီး တိုးတက်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံက GENOCIDE ဆိုပြီးတော့ အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တာကို ရှုတ်ချတယ် ဝမ်းနည်းစရာပဲလို့ သူက ပြောသွားတာရှိတယ်။ အဓိက က ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ကြတာကို ကျနော်တို့သိတာပေါ့။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားပြီးတော့ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ အကုန်လုံးပဲ ကျနော်တို့ တရားမျှတမှုရဖို့ လိုလားတာပါ။”

မဆုမွန်။ ။ အဲဒီတော့ ဒီလိုမျိုး ခံစားခဲ့ရတဲ့၊ နစ်နာခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုရအောင်ရော ဘယ်လိုများ ဆောင်ရွက်ပေးစေချင်ပါလဲရှင့်။

ဦးမောင်မောင်။ ။ တရားမျှတမှုရဖို့အတွက် အဓိက မြန်မာနိုင်ငံမှာ ကျနော်တို့ အရင်က ရရှိခဲ့ပြီးသား နိုင်ငံသားအခွင့်အရေး နောက် ကျနော်တို့ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေ သတ်ဖြတ်ခံရတဲ့မိသားစုတွေ ကျန်ခဲ့တဲ့မိသားစုတွေရှိတယ်။ မိသားစုတစုမှာ ဥပမာ လူ ၁၅ ယောက်လောက် ရှိတယ်ဆိုရင် ၁၅ ယောက်မှာ ၁၄ ယောက် ဆုံးသွားတဲ့အချိန်မှာ ၁ ယောက်ပဲကျန်တယ်။ အဲလိုမျိုးတွေ မိသားစုတွေ ဒီမှာ ရှိတယ်။သူတို့က တရားမျှတအောင် မြန်မာအစိုးရကို သူတို့ ကျေနပ်အောင် လုပ်ပေးနိုင်မယ် အရေးယူပေးနိုင်မ်ယ်လို့ သူတို့က ယူဆပါတယ်။ ဒါပေမယ့် အဲ့သလို တယောက်ကျန်တဲ့ မိသားစု.ရှိတယ်။ တယောက်မှ မကျန်တော့တဲ့ မိသားစုလည်းပါတယ်။ သူတို့က ဆွေမျိုးတွေ ဘာတွေ ကျန်ခဲ့တာလည်း ရှိတယ်။ အဲလိုမျိုး မိသားစုတွေ ဒီဘက်မှာရှိတဲ့လူတွေက သူတို့အတွက် တရားမျှတမှုကို ဆောင်ရွက်ပေးနိုင်မယ်လို့ သူတို့က ယုံကြည်မျှော်လင့်နေတာပေါ့။ ”

အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း မိသားစုဝင်အမြောက်အမြား သေဆုံးခဲ့ရတဲ့ ကျန်ရစ်သူမူဆလင်မိသားစုတွေအတွက် တရားမျှတမှု ရစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကလည်း အခုလိုပြောပါတယ်။

“အမေရိကန်နိုင်ငံ အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုလို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကျနော်တို့က ကြိုဆိုလက်ခံပါတယ်။ ကျနော်တို့ အခုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ ဒုက္ခသည် ၁၀ သိန်းက ကျနော်တို့က ကြိုဆိုပါတယ်။ အစုလိုက်အပြုံလိုက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာဆိုရင် အစုလိုက်အပြုံလိုက် ကျနော်တို့ သတ်ဖြတ်ခံခဲ့ရတာရှိတယ်။ ဥပမာတခုပြောမယ်ဆိုရင် သြဂုတ်လ ၃၀ရက်နေ့က ရွာတရွာမှာဆိုရင် လူပေါင်း ၁၇၀၀ လောက် သတ်ဖြတ်ခံရတာကို လက်ရှိ မြန်မာ့အစိုးရဘက်က ဘာတခုမှ ဆောင်ရွက်တာ၊ စစ်ဆေးတာမရှိခဲ့ဘူး။ အဲဒါကို အမေရိကန်အစိုးရက အောက်လွှတ်တော်အနေနဲ့ ဒီလို ဆုံးဖြတ်ချက်ချ ကန့်ကွက်တဲ့အပေါ် ကျနော်တို့က ကြိုဆိုလက်ခံပါတယ်။ ဂုဏ်ယူပါတယ်။ ကျနော်တို့က Welcome ပေါ့။”

မဆုမွန်။ ။ ဒါနဲ့ပတ်သက်ပြီးတော့ ဖော်ပြတဲ့ သတင်းသမားတွေအပေါ်မှာလည်း ဒီလို အရေးယူမှုတွေ ရှိတဲ့အပေါ်မှာလည်း စိုးရိမ်မိတယ်ဆိုတာ ပြောတော့ အဲဒီအပေါ်မှာရော ကိုအီစလံ ဘယ်လို မြင်မိပါသလဲရှင့်။

ကိုအီစလံ။ ။ "ကျနော်တို့သတင်းသမားတွေ လွတ်မြောက်လာဖို့အတွက် အမြဲတမ်းတောင်းဆိုချင်ပါတယ်။ နိုင်ငံတကာကိုသော်လည်းကောင်း၊ မြန်မာ့အစိုးရကိုသော်လည်းကောင်း ဒါ အမှန်တရားကို ဖော်ထုတ်တဲ့ ပုဂ္ဂိုလ်တွေပါ။ အင်းဒင်ကိစ္စနဲ့ဆိုရင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က ဘာအပြစ်မှမရှိဘူး။ သူတို့က အမှန်တရားကို ဖော်ထုတ်တာကို အစိုးရဘက်က လက်ခံကြိုဆိုရမယ့်အစားမှာ သူတို့ကို အရေးယူလိုက်တာဟာ အင်မတန် အံ့သြမိပါတယ်။ ကျနော်တို့ ဒုက္ခသည်များက- ကျနော်တို့ ရိုဟင်ဂျာမူဆလင်များက။ အမှန်တရားကို သူတို့က ဖော်ထုတ်တာ။ ဒါပေမယ့် ဒီလို သတင်းသမားတွေက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရိုက်တာသတင်းထောက်တွေက ဖော်ထုတ်လိုက်တဲ့ ကိစ္စတခုကို …ပြောင်းပြန်နဲ့ သူတို့က အရေးယူလိုက်တာဟာ ရှုတ်ချစရာကောင်းတဲ့လုပ်ရပ်ပါ။ ကျနော်တို့က ဒါကို လုံးဝ ရှုတ်ချတယ်။ ဒီသတင်းသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်။"

ရိုဟင်ဂျာမူဆလင်တွေပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်မှုဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်ရေး အစွမ်းကုန်ကြိုးပမ်းနေချိန် မသိကျိုးကျွင်ပြုမှုအဖြစ် ပြောဆိုပြီး တကယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့ရင်အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုကော်မရှင်ကို အသိပေးတိုင်ကြားကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG