သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းလေးနက်မှု ကန်အောက်လွတ်တော်အမတ်ရှင်းလင်း


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ကမြန်မာစစ်တပ်က ရိုဟင်ဂျာ တွေအပေါ် ရက်စက်တဲ့ကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ကို ချက်ချင်း ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော်ကဆုံးဖြတ်ချက်အမှတ် (၁၀၉၁) ကို ဒီဇင်ဘာ ၁၁ ရက် က အသံနဲ့ မဲခွဲသဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် အထူးမှတ်တမ်းတင်တဲ့ မဲခွဲဆုံးဖြတ်မှုကိုတော့ ရက်ရွေ့ဆိုင်းခဲ့ပါတယ်။ ခုလိုအသံနဲ့ မဲခွဲသဘောတူခဲ့ပေမဲ့ မှတ်တမ်းတင်မဲခွဲဆုံးဖြတ်ဖို့တောင်းဆိုခြင်းက ဆုံးဖြတ်ချက်ကို ပိုမိုလေးနက်စေလိုတဲ့အတွက်ဖြစ်ကြောင်း နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ရီပတ်ပလီကန် အောက်လွှတ်တော်အမတ် Ed Royce က ဗွီအိုအေအထူးသတင်းထောက် Greta Van Susteren နဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းကတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ Ohio ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Steve Chabot က ၂၀၁၈ စက်တင်ဘာလ ၂၇ က ကနဦး တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် (၁၀၉၁)ရဲ့နောက်ဆုံးြဖြည့်စွက်ပြင်ဆင်ထားတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတာကို အသိအမှတ်ပြုပြီး ၊ အင်းဒင်ကျေးရွာ ရိုဟင်ဂျာ ၁၀ ဦးအသတ်ခံရမှု ကို စုံစမ်းဖော်ထုတ်မှုကြောင့် ထောင်ဒဏ် ရ နှစ်ကျခံနေရတဲ့ Reuters သတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာအစိုးရကအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ ဒီဇင်ဘာလ (၁၁)ရက်နေ့က ရီပတ်ပလီကန် နဲ့ ဒီမိုကရက် အောက်လွှတ်တော် အမတ်တွေက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် အတည်ပြုနိုင်ရေးအတွက် နည်း ၂ နည်းဖြစ်တဲ့ ၊ Voice Vote အသံနဲ့ မဲခွဲဆုံးဖြတ်နည်းနဲ့ Record Vote လွှတ်တော်အမတ် တဦးချင်းစီရဲ့ ထောက်ခံမှု "Aye" (Yes) ဒါမှမဟုတ် "Nay" (No) ကန့်ကွက်မှုကို မှတ်တမ်းတင်တဲ့နည်းရှိရာမှာ ပထမ အသံနဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အောက်လွှတ်တော်အများစုကခုလို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဥက္ကဌကဆုံးဖြတ်ချက် ၁၀၉၁ ကိုပြင်ဆင်ထားတဲ့အတိုင်းသဘောတူမှုကိုအသံတုံ့ပြန်ဖို့တောင်းခံရာမှာ၊ ထောက်ခံသူ သုံးပုံနှစ်ပုံရှိတာတွေ့ရတယ်လို့ပြောခဲ့တာပါ၊

ဒါပေမယ့် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ ကျူးလွန်မှုကို "Genocide" လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အောက်လွှတ်တော်ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားသလို သမ္မတ Trump အစိုးရအနေနဲ့ သတ်မှတ်ပေးဖို့ လွှတ်တော်က အလေးအနက် ထောက်ပြလိုတဲ့အတွက်ကြောင့် "Record Vote မှတ်တမ်းတင်မဲခွဲဆုံးဖြတ်ဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဌလည်းဖြစ် ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ Ed Royce က အင်္ဂါနေ့က တောင်းဆိုခဲ့တဲ့အတွက်၊သူ့ အဆိုကိုဥက္ကဌကအမတ်တွေရဲ့သဘောထားကိုတောင်းခံခဲ့ရာမှာအမတ်အများစုကထောက်ခံခဲ့ကြလို့ မှတ်တမ်းတင်မဲခွဲဆုံးဖြတ်ဖို့အတည်ပြုခဲ့တာဖြစ်ပါတယ်။ စည်းမျဉ်းတွေအရပြုလုပ်ရမဲ့မဲခွဲဆုံးဖြတ်မှုကိုလည်းဆိုင်းငံ့လိုက်ပါတယ်။

အခုလို အောက်လွှတ်တော်ဆုံးဖြတ်ချက်ရဲ့ လေးနက်မှုကို ထောက်ပြလိုတဲ့အတွက် Record Vote မှတ်တမ်းတင်မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုရာမှာ အချိန်အကန့်အသတ်ကြောင့် အင်္ဂါနေ့က ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်းတွေ အတော်များများရှိခဲ့တဲ့အတွက်ကြောင့် မဲခွဲဆုံးဖြတ်မှုကို ဗုဒ္ဓဟူးနေ့ကို ရွှေ့ဆိုင်းခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ညမှာလည်း တခြားမဲခွဲဆုံးဖြတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့် ထပ်ပြီး ရက်ရွှေ့ဆိုင်းခဲ့ပေမဲ့ဒီသတင်းပတ်နောက်ဆုံးထားမဲခွဲဆုံးဖြတ်နိုင်လိမ့်မယ်လို့မျေျာ်လင့်ရပါတယ်။

ဗွီအိုအေသတင်းထောက် Greta Van Susterenနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းခန်းမှာအောက်လွှတ်တော်အမတ် Ed Royce က မှတ်တမ်းတင်မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုရခြင်းဟာ အောက်လွှတ်တော်မှာဒီဆုံးဖြတ်ချက်အပေါ် ရီပတ်ပလီကန် ရော ဒီမိုကရက် အမတ်တွေကပါ တခဲနက်ထောက်ခံကြတာကို ပြသလိုတဲ့အတွက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

"အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေအားလုံး၊ ကော်မတီဝင်တွေအားလုံးက တညီတညွတ်တည်း သဘောတူညီကြပါတယ်။ တက္ကဆက်ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Mike McCaul ကအစ နယူးရောက်ပြည်နယ် ဒီမိုကရက်တစ် အမတ် Eliot Engel အဆုံး (ပါတီနှစ်ဘက်စလုံးက) ကျနော်တို့ နှစ်နှစ်ကာကာ သဘောတူကြတာဖြစ်ပါတယ်။ အဲဒါကြောင့် အခုမဲခွဲတဲ့အခါမှာလည်း ဒီမဲတွေဟာ တညီတညွတ်တည်း သဘောတူညီခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ပေးချင်တဲ့ သဘောထားနဲ့ ဖိအားတွေကို မှတ်တမ်းမှတ်ရာ အတိအကျဖြစ်အောင် ဆောင်ရွက်လိုခြင်းပဲဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေကို မှတ်တမ်းအတိအကျတင်ပြီး စတင်အရေးယူ လုပ်ဆောင်နေပြီ၊ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်က ရပ်ရတော့မယ်ဆိုတာတွေကိုလည်း ဖိအားပေးချင်တဲ့သဘောဖြစ်ပါတယ်။"

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာ တွေအပေါ် ရက်စက်တဲ့လုပ်ရပ်ဟာ"Genocide" ဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့အတွက် လွှတ်တော်အပါအဝင် အမေရိကန်အစိုးရကပါ တစ်သံထဲထွက်ဖို့ လိုတဲ့အတွက်ကြောင့် အခုလိုဆုံးဖြတ်ချက်ကနေ ဖိအားပေးခြင်းဖြစ်တယ်လို့ Ed Royce က တွေ့ဆုံမေးမြန်းခန်းအတွင်း ဖြေကြားခဲ့ပါတယ်။

"အဲဒီဆုံးဖြတ်ချက်ရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ ကျနော် ရှင်းပြပါရစေ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အသံ တစ်သံထဲထွက်ဖို့ လိုပါတယ်။ ဒီမှာဦးတည်ချက်က လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်ဆိုတာကို မဖြစ်မနေ သတ်မှတ်ဖို့ပါပဲ။ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်နေသူတွေကိုလည်း ပြင်းထန်စွာအသိပေးရာရောက်ပါတယ်။ လူပေါင်း ၂၅၀၀၀ အသတ်ခံခဲ့ရတယ်၊ အမျိုးသမီး ၁၉၀၀၀ အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ဒီလုပ်ရက်မှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ ကျနော်တို့က တညီတညွတ်တည်း အသံတစ်သံတည်း ထွက်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီအပြင်မှာလည်း ဒီပြစ်မှုတွေရဲ့ လေးနက်မှုကို နိုင်ငံတကာ လူ့အဖွဲ့အစည်းက နားလည်လာအောင် အခုလို ကျနော်တို့ကစတင်လုပ်ဆောင်လိုက်တာပါ ။ ဒါဟာ လိုအပ်ပါတယ်။"

ဒါ့အပြင် မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့လည်း အောက်လွှတ်တော်အနေနဲ့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း Ed Royce ကတွေ့ဆုံမေးမြန်းခန်းအတွင်းမှာ ဖြေကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG