သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး ကျဆင်းမှု HRW စိတ်ပျက်


နယူးရောက်အခြေစိုက် Human Rights Watch အဖွဲ့ကြီးရဲ့ အာရှဒေသတာဝန်ခံ Brad Adams
နယူးရောက်အခြေစိုက် Human Rights Watch အဖွဲ့ကြီးရဲ့ အာရှဒေသတာဝန်ခံ Brad Adams

နိုင်ငံတကာ လူ့အခွင့်ရေး ကြေညာစာတမ်းကို အတည်ပြုလာခဲ့တဲ့ အနှစ် ၇၀ ကျော်ကာလအတွင်း ကမ္ဘာ့လူသားတွေရဲ့ အခြေနေပြောင်းလဲ တိုးတက်လာပေမယ့် အခုအချိန်မှာ ဆုတ်ယုတ်လာတာတွေ့ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့သလို ၂၀၁၈ လူ့အခွင့်ရေးနေ့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ရာမှာလည်း အလားတူ ဆုတ်ယုတ်မှုတွေ မြင်နေရတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးက ဝေဖန်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပိုဒ် ၃၀ ပါ နိုင်ငံတကာ လူ့အခွင့်ရေး ကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုပေးခဲ့ပြီး ၁၉၅၀ မှာတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” အဖြစ် တရားဝင် သတ်မှတ်ခဲ့တာပါ။ဒီကြေညာစာတမ်းထုတ်ပြန်တဲ့ အနှစ် ၇၀ မြောက်နေ့အခန်းအနားကို နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ တနင်္လာနေ့က ကျင်းပရာမှာတော့ ကုလ အတွင်းရေးမှုးချုပ် António Guterres က အနှစ် ၇၀ အတွင်း နိုင်ငံတကာမှာ လူ့အခွင့်ရေးဦးစားပေးမှုတွေ ဆုတ်ယုတ်လာတာ တွေ့ရတယ်လို့ ပြောကြားခဲ့ ပါတယ်။

“အခုလို နိုင်ငံတကာ လူ့အခွင့်ရေးကြေညာစာတမ်း ထုတ်ပြန်တဲ့ အနှစ် ၇၀ မြောက် အခန်းအနား ကျင်းပချိန်မှာတော့ ကမ္ဘာတဝှမ်းမှာ လူ့အခွင့်ရေးကိစ္စရပ်တွေအတွက် ဦးစားပေးမှုတွေ သိပ်မရှိတော့ပဲ အာဏာရှင် လုပ်ရပ်တွေ ကြီးစိုးလာတာတွေ့ရကြောင်း ဝမ်းနည်းစွာနဲ့ ပြောပါရစေ။

ကမ္ဘာ့တဝှမ်းမှာ လူသားတွေဟာ သူတို့ ရပိုင်ခွင့်တွေ အကန့်သတ်ခံရတာ ဒါမှမဟုတ် လုံးဝအပစ်ပယ် ခံရတာနဲ့ ကြုံနေရသလို နှိပ်စက်ညှင်းပမ်းမှု၊ တရားမဲ့အသတ်ဖြတ်ခံရမှု၊ တရားရင်မဆိုင်ရပဲ အဖမ်းခံနေရမှုနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ခံစားနေရ ပါတယ်။ ကျားမခွဲခြားဆက်ဆံမှုတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာဆိုရင်လည်း နေ့စဉ်လိုလို လုံခြုံမှုမရှိတာနဲ့ ရပိုင်ခွင့်တွေမရပဲ ဖြစ်နေကြတာပါ။ ဂျူးဆန့်ကျင်မှုတွေ၊ မူစလင်ဆန့်ကျင်မှုတွေ အပါအဝင် သူတို့ကို မုန်းတီးကြောက်ရွံ့မှုတွေ ခွဲခြားဆက်ဆံမှုတွေ ကိုပါတွေ့နေရပါတယ်။ ဒီလို ဖြစ်ပွါးနေရာကနေ နားလည်သည်းခံမှုတွေ တဖြေးဖြေး လျော့ပါးလာပြီး လူမှုအသိုင်းအဝိုင်းကျဉ်းမြောင်လာနေတာမို့ ဒါကို အထူးစိုးရိမ်မိပါတယ်။ ဒီကနေ့ခေတ်မှာ လူ့အခွင့်ရေးခုခံကာကွယ်သူတွေဟာ ဒေသအသီးသီးမှာ ဖိအားအပေးခံနေရတာကို တွေ့ရပြီး ဒါတွေဟာ ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။”

ဒီလို စိန်ခေါ်နေတဲ့ အခြေနေတွေကို ပြေလည်စေဖို့နဲ့ ကမ္ဘာ့လူသားအားလုံး ငြိမ်းချမ်းမှု၊ လူ့ဂုဏ်သိက္ခာရှိမှု၊ လုံခြုံမှုနဲ့ အခွင့်လန်းကောင်းတွေ ရစေဖို့အတွက် လူ့အခွင့်ရေးကြေညာစာတမ်းပါ ကတိကဝတ်တွေကို လေးစားလိုက်နာကြဖို့လိုအပ်တယ်လို့လည်း ကုလအတွင်းရေးမှုးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်နာမင်းကြီး Michelle Bachelet ကတော့ ဒီကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တဲ့ အနှစ် ၇၀ ကာလအတွင်း နိုင်ငံပေါင်း ၉၀ လောက်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာရော ဒေသတွင်းနဲ့ နိုင်ငံလုံးဆိုင်ရာ အပြင် နိုင်ငံတကာ ဥပဒေတွေမှာပါ လူ့အခွင့်ရေးကြေညာစာတမ်းပါ အနှစ်သာရတွေကို ထည့်သွင်းရေးဆွဲခဲ့ကြတဲ့အတွက် ကမ္ဘာတလွှားက လူသန်းပေါင်းများစွာအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ခံစားရတာနဲ့အတူ ကမ္ဘာကြီးအတွက် သိပ်ကိုအကျိုးများခဲ့ကြောင်းပြောကြားခဲ့သလို လက်ရှိမှာလည်း ဒီစံတန်ဖိုးတွေကို အလေးထားပြီး ဆက်လက်ဆောင်ရွက်ကြစေလိုတယ်လို့ နိုင်ငံတကာ လူ့အခွင့်ရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့ အနှစ် ၇၀ မြောက်နေ့ အခန်းအနား မှာပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အခြေခံမူတွေက ကမ္ဘာ့လူမှုအသိုင်းဝိုင်းထဲမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ မတူညီမှုတွေနဲ့ ပရမ်းပတာ ဖြစ်မှုတွေ အပါအဝင် ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ ချမှတ်ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ က ကမ္ဘာ့ခေါင်းဆောင်တွေက သူတို့ရဲ့ လုံးဝပျက်စီးနေတဲ့ နိုင်ငံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာက လက်ခံပြီး တန်ဖိုးရှိမယ့် စံတန်ဖိုးတွေဖေါ်ဆောင်ရေးကို ဘက်စုံပူးပေါင်းဆောင်ရွက်ကြဖို့ ကတိကဝတ်တွေ ထားခဲ့ကြပါတယ်။ ဒီ စံတန်ဖိုးတွေဟာ ဒီကနေ့ ကမ္ဘာကြီးကို လည်း ကောင်းးမွန်လာအောင် စောင့်ရှောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းဟာ အခုလက်ရှိအခြေနေ နဲ့လည်း အကြုံးဝင်ဆဲဖြစ်ပြီး အပျက်အစီးတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲလာအောင် ဦးဆောင်မယ့် စာတမ်းဖြစ်တာမို့ ဒီစာတမ်းပါ အနှစ်သာရတွေနဲ့ အတူ ကမ္ဘာကြီးငြိမ်းချမ်းသာယာပြီး တရားမျှတမှု ရှိအောင် ဆက်လက်ဆောင်ရွက် နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။”

ကြေညာချက် စာတမ်းထဲမှာ ချပြထားတဲ့ လူ့အခွင့်ရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်ဟာ လူသားတွေရဲ့ သမိုင်းမှာ အပြုသဘောအဆောင်ဆုံး အတွေးအခေါ်တရပ်ဖြစ်သလို အအောင်မြင်ဆုံးလည်း ဖြစ်နေပေမယ့် အခုတော့ လူ့အခွင့်ရေးဆိုင်ရာမှာ အခြိမ်းခြောက်ခံနေရတယ် လို့လည်း ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

"ကမ္ဘာ့လူသားအားလုံးဟာ လွတ်လပ်မှုတွေ တန်းတူမှုတွေနဲ့ မွေးဖွားလာကြတာ ဖြစ်ပေမယ့် ဒီကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ လွတ်လပ်မှုတွေ တန်းတူညီမှုမှုတွေ မခံစားကြရတဲ့အပြင် သူတို့ရဲ့ ဂုဏ်သိက္ခာတွေ အခြေဖျက်ခံနေရပြီး နေ့စဉ်လိုလို သူတို့ရပိုင်ခွင့်တွေ အချိုးဖေါက်ခံနေ ရကြောင်းနဲ့ နိုင်ငံအတော်များများမှာ လူသားအားလုံးရဲ့ တူညီတဲ့ အခြေခံ ရပိုင်ခွင့်တွေ အသိမှတ်ပြု မခံရပဲ ရပိုင်ခွင့်တွေလည်း အချိုးဖေါက်ခံနေရတာ တွေ့ရတယ်လို့ ပြောပါတယ်။"

မြန်မာနိုင်ငံမှာတော့ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေတာ၊ တိုင်းရင်းသားဒေသတွေမှာ စစ်ရှောင် ဒုက္ခသည်တွေအရေးနဲ့ အတူ ဖိနှိပ်တဲ့ ဥပဒေတွေ မပြင်နိုင်သေးတာတွေ အပါအဝင် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောကြားပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီလအတင်း မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချဖို့လည်း ရှိနေတာပါ။

နယူးရောက်အခြေစိုက် Human Rights Watch အဖွဲ့ကြီးရဲ့ အာရှဒေသတာဝန်ခံ Brad Adams ကလည်း မြန်မာနိုင်ငံရဲ့ အခြေနေဟာလည်း လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့တာ အနှစ် ၇၀ ပြည့်လာခဲ့ချိန်မှာ လူ့အခွင့်ရေးအခြေတွေ ဆုတ်ယုတ်နေတာ တွေ့ရတယ်လို့ ဝေဖန်ပါတယ်။

"သိပ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ လူ့အခွင့်အရေးပဋိညာဉ် ကြေညာစာတမ်းကြီးအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ရှင်သန်နေပြီးတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်စွာ စုဝေးခွင့် လူနည်းစု ရိုဟင်ဂျာ ၊ ကချင် နဲ့ ရှမ်းတို့တွေရဲ့ အခွင့်အရေးတွေကို လေးစားမှုရှိဖို့အပြင် လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ချမှတ်ကျင့်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ ဒီလိုဖြစ်မလာပဲ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးဘက် ပြန်ယိမ်းလာတာကို တွေ့ရပြီးတော့ ဒီမိုကရေစီ အတုအယောင်အောက်မှာ လူနည်စုတွေ အကြမ်းဖက် ခံနေရတာကို တွေ့ရပါတယ်။ လောလောဆည်မှာကိုပဲ လှုပ်ရှားသူတချို့ သူတို့သဘောထားအမြင်ထုတ်ဖော်ခဲ့ကြလို့ အပြစ်ပေးအရေးယူ ခံခဲ့ရပါတယ်။"

၂၀၁၈ မှာ ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အတွက် ဆောင်ပုဒ်က "လူ့အခွင့်အရေးရပ်တည်ပေး” ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် လုပ်ဆောင်ဖို့ သမ္မတ ဦးဝင်းမြင့်ကလည်း ၂၀၁၈ လူ့အခွင့်ရေးနေ့မှာ သဝဏ်လွှာပေးပို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG