သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သက်တမ်းဝက်ရွေးကောက်ပွဲ ရလဒ်အပေါ် မြန်မာနွယ်ဖွားတချို့အမြင်


သက်တမ်းဝက်ရွေးကောက်ပွဲ မဲပေးသူများ
သက်တမ်းဝက်ရွေးကောက်ပွဲ မဲပေးသူများ

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အောက်လွှတ်တော် နေရာအများစုကို အနိုင်ရပြီး ထိန်းချုပ်နိုင်လိုက်တာ ကြောင့် ၊ သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်မယ့် မူဝါဒတွေကို အပြန်အလှန် ထိန်းကြောင်းနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတချို့က သုံးသပ်ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလို ကိစ္စမျိုးမှာ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ သိပ်ပြီး ထူးခြားလာနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထား တာပါ။

နိုဝင်ဘာ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့တဲ့ အစိုးရသက်တမ်းဝက်ရွေးကောက်ပွဲမှာ အောက်လွှတ်တော် နေရာအများစုကို အနိုင်ရပြီး ဒီမိုကရက်ပါတီက ထိန်းချုပ်နိုင်လိုက် တာကြောင့် ၊ သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်မယ့် မူဝါဒတွေကို အပြန်အလှန် ထိန်းကြောင်း နိုင်တော့မှာဖြစ်တယ်လို့ Pennsylvania ပြည်နယ်မှာနေတဲ့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူက သုံးသပ်ပါတယ်။

“ ဒီအောက်လွှတ်တော်မှာ ဒီမိုကရက်က အများဆုံး အရွေးခံရတာကြောင့်၊ အောက်လွှတ်တော်ကနေ အတင်းအကြပ်ကြီး အရမ်းကို လွန်ကဲအောင် လုပ်လိုက်တယ်ဆိုရင် ဘယ်လိုမြင်သွားမလဲဆိုတော့ .. သူတို့အောက်လွှတ်တော်မှာ ကော်မတီလေးတွေ အများကြီးရှိတယ်။ အဲဒီ ကော်မတီလေးတွေမှာလည်း ဒေါ်နယ်ထရမ့်ကို Check and balance ပေါ့နော်၊ အာဏာကို ထိမ်းညှိဖို့ လုပ်စရာကိစ္စတွေ အများကြီး ရှိတယ်။ Gun Control တို့၊ Criminal Justice System တို့ နောက်တခုက လူဝင်မှုပြသနာလည်း ပါသေးတယ်။ နောက်ပြီး လူလတ်တန်းစာတွေ အတွက် ကျန်းမာရေးစောင့်ရှောက်တဲ့ Medicaid- Medicare အဲလိုကိစ္စတွေအတွက်ကို သူတို့ ဒီမိုကရက်က အများကြီး ထရမ့်နဲ့ အပေးအယူ လုပ်ရလိမ့်မယ်။ အပေးအယူ လုပ်ရမယ့်အတွက်ကြောင့် သူတို့က သတိထားပြီး အရမ်းကာရောတော့ သူတို့ လုပ်မှာမဟုတ်ဘူး။”

ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာတုန်းက အထက်လွှတ်တော်(ဆီးနိတ်)ကိုရော အောက်လွှတ်တော်(ကွန်ဂရက်)ကိုပါ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားအများစုက အနိုင်ရ လွှမ်းမိုးခဲ့တာကြောင့် ဥပဒေပြုရေး ဆုံးဖြတ်ချက်တွေမှာရော ၊ သမ္မတက အဆိုတင်သွင်တဲ့ ကိစ္စရပ်တွေမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ဘလစ်ကန်ပါတီ အလိုကျဖြစ်ခဲ့ပါတယ်။ အခုတော့ အခြေအနေတွေ တမျိုးပြောင်းသွားမှာ ဖြစ်တယ်လို့ သုံးသပ်သူက ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ် (Kachin Alliance)အဖွဲ့ ဥက္ကဌ ကိုဂွန်ဆမ် ဖြစ်ပါတယ်။

“ အဓိကတော့ ဒီအိမ်ဖြူတော်ပေါ့နော်။ နိုင်ငံတော်သမ္မတလုပ်တဲ့ ပေါ်လစီတွေအများကြီးကို Check and balance လုပ်လာလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဘာလို့လည်းဆိုတော့ သမ္မတထရမ့်ရဲ့ ပေါ်လစီတွေကို ဒီမိုကရက်တွေဘက်က ထိန်းကျောင်းချင်တာ အများကြီးရှိတယ်။ ဒါပေမဲ့ အရင်တုန်းက ဒီမိုကရက်က လုံးဝ မဲမရခဲ့ဘူးဆိုတော့ လုပ်ရကိုင်ရ အရမ်းခက်ခဲတယ်။ အခုကတော့ အောက်လွှတ်တော်တခုလုံးကို သူတို့က ဦးဆောင်နေပြီဆိုတော့ ထရမ့်ရဲ့ပေါ်လစီတွေ အရင်တုန်းကလို လုပ်ဖို့ဆိုတာကတော့ ခက်သွား ပါလိမ့်မယ်။”

မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ အထက်နဲ့ အောက်လွှတ်တေ်ာမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်စလုံးတို့က ကာလကြာရှည် ထောက်ခံ အားပေးခဲ့တာဖြစ်ပြီး ၊ ရိုဟင်ဂျာဒုက္ခသည်အရေးကြောင့် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အဆိုပြုချက်တွေကို တင်သွင်းထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အခုလာမယ့်လွှတ်တော်မှာ ဒီဖိအားပေး လုပ်ဆောင်မှုတွေရဲ့ အခြေနေ အလားအလာကို သုံးသပ်ရာမှာတော့ မြန်မာနိုင်ငံပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့အဆိုပြုချက်ကို ကမကထပြု တင်သွင်းခဲ့သူ တဦးဖြစ်တဲ့ အရီဇိုးနားပြည်နယ်က ဝါရင့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် John McCain လည်း ကွယ်လွန်ခဲ့ပြီဖြစ်သလို၊ မြန်မာ့အရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ နယူးရောက်ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်မတ် Joe Crowley လည်း သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် မြန်မာ့အရေးကို ထောက်ခံအားပေးခဲ့သူ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ ရီပတ်ဘလစ်ကန် အမတ် Bob Corker ကလည်း အနားယူလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် မြန်မာ့အရေးမှာ ဆောင်ရွက်မယ့် လွှွှတ်တော်အမတ်တွေ လျော့နည်းလာတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒီသက်တမ်းဝက် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအတွက် တောက်လျှောက်ကြိုးပမ်းခဲ့သူ Tom Malinowski ဟာ နယူးဂျာစီပြည်နယ်ကနေ ဒီမိုကရက် အောက်လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ HRW (Human Rights Watch) အဖွဲ့ရဲ့ ဝါရှင်တန်ဒီစီ တာဝန်ခံကို နှစ်ရှည်လုပ်ခဲ့ဖူးပြီး၊ သမ္မတ Barack Obama လက်ထက်က ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးအဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ ကျန်နေသေးတဲ့ ၂ နှစ်တာ သမ္မတ သက်တမ်းကာလမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့မူဝါဒတွေနဲ့ အရေးယူဆောင်ရွက်မှုတွေက ဘယ်လိုရှိလာနိုင်ပါသလဲ။ ကိုဂွန်ဆမ်က အခုလို သုံးသပ်ပါတယ်။

“ Tom Malinowski က ဘယ်ကော်မတီမှာ ကျမလဲဆိုတာတော့ ကျနော်မသိရသေးဘူး။ ဒါပေမဲ့ မြန်မာ့အရေးနဲ့ အဓိကတော့ မြန်မာ့ဒီမိုကရေစီ ရေးရာနဲ့ ပတ်သက်ပြီးမှ သူကပါဝင်ပတ်သက်ခဲ့တယ်။ နောက်ပြီး အထူးသဖြင့် ဂရုတစိုက် လိုက်ထောက်ကြည့်နေတဲ့ အမတ်တွေ .. ဥပမာ Nancy Pelosi နန်စီပလိုစီလို လူမျိုးတွေက ဒီအောက်လွှတ်တော်မှာ အကြီးအကဲ ဖြစ်လာမယ်ဆိုတော့ အဲဒါက မြန်မာပြည် ပြောင်းလဲမှုအတွက်ကတော့ အကျိုးတစုံတရာတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ရေးရာနဲ့ပတ်သက်ပြီးမှ အဓိက ပေါ်လစီကိုင်ထား တာက အထက်လွှတ်တော်မှာ ကိုင်ထားတာဆိုတော့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်ကို ဇောင်းပေးပြီးတော့မှ မြန်မာပြည်ရဲ့ ပြောင်းလဲမှုကို ချင့်ချိန်တဲ့ထဲမှာ ပါတာဆိုတော့ သူတို့ပေါ်လစီ အရမ်းကြီးပြောင်းလဲသွားမယ်လို့ မထင်ဘူး။”

လွှတ်တော်နှစ်ရပ်မှာ တင်သွင်းထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမယ့် အဆိုပြုချက်တွေကိုတော့ လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီး သမ္မတက လက်မှတ်ရေးထိုးဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ အထက် လွှတ်တော်အမတ် လူများစုခေါင်းဆောင် ဝါရင့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Mitch McConnell က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်မှာစိုးတဲ့အတွက် လွှတ်တော်တွင်း ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG